
မွန်ပြည်နယ် ရေးမြို့နယ် အရှေ့ဘက် ရေးချောင်းဖျားဒေသရှိ ဒေသခံပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့် ရရှိရေးအတွက် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းရရှိစေရန် ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း သတင်းရရှိသည်။
“ ရေးချောင်းဖျားဒေသမှာ ကျေးရွာပေါင်း ၁၉ ရွာရှိပါတယ်။ အဲဒီ ၁၉ ရွာမှာ မှတ်ပုံတင်ရော အိမ်ထောင်စုစာရင်းပါမရှိတဲ့ ဆန္ဒမဲပေးနိုင်တဲ့ လူဦးရေ ၂၀၀၀ ဝန်းကျင် ရှိပါတယ်။ အဲဒီကျေးရွာတွေမှာရှိတဲ့ လူဦးရေ စာရင်းတွေကို မွန်ပြည်သစ်ပါတီနဲ့အတူ ပူးပေါင်းကောက်ယူပြီးတော့ လဝကကို ပေးပို့ထားပါတယ်။ လဝကကိုလည်း မွန်ပြည်သစ်ပါတီအနေနဲ့ ဒေသခံပြည်သူတွေ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းရရှိရေးအတွက် တောင်းဆိုထားတဲ့ စာကိုလည်း ပေးပို့ထားတယ်လို့ သိရပါတယ်။ မြို့နယ် လ.၀.က ကလည်း ပြည်နယ်အဆင့်ကို ဇူလိုင် ၉ ရက်က ခွင့်ပြုချက်တောင်းထားတယ်လို့ သိရပါတယ်။ ပြည်နယ်ကခွင့်ပြုတာနဲ့ မှတ်ပုံတင်ရော အိမ်ထောင်စုစာရင်းရော ကွင်းဆင်းပြီး ပြုလုပ်ပေးမယ့် အစီအစဉ်ရှိမှာပါ။ အဓိက က နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေး မဆုံးရှုံးရအောင်၊ မဲပေးပိုင်ခွင့်ရရှိအောင် လုပ်ဆောင်သွားစေချင်ပါတယ်” ဟု ရေးချောင်းဖျားဒေသရှိ ဒေသခံပြည်သူများ ဆန္ဒမဲပေးခွင့်ရရှိရေး ဆောင်ရွက်နေသူ ဦးလွင်က ပြောကြားသည်။
အဆိုပါ ရေးချောင်းဖျားဒေသမှာ ယခင်က မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်ခဲ့သော်လည်း ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က မွန်ပြည်သစ်ပါတီအနေဖြင့် NCA စာချုပ် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ဒေသလိုအပ်ချက်များအား သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းလုပ်ဆောင်မှုများလည်း ရှိခဲ့ကြောင်း သိရသည်။
“ အရင်တုန်းက စာရင်းကောက်ယူလို့ မရတာက မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်နေတော့ စာရင်းကောက်တဲ့အဖွဲ့က မရောက်နိုင်ဘူး။ အခုက မွန်ပြည်သစ်ပါတီကလည်း သွားလာခွင့်ပြုထားတော့ သက်ဆိုင်ရာဝန်ထမ်းတွေက သွားဖို့ပဲရှိပါတော့တယ်။ ကျွန်တော်တို့အနေနဲ့လည်း ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးသွားဖို့ ရှိပါတယ်” ဟု မွန်ညီညွတ်ရေးပါတီ အထွေထွေအတွင်းရေးမှူး (၂) နိုင်စံတင်က ပြောကြားသည်။
မဲစာရင်းပြုစုခြင်းဥပဒေအရ မဲစာရင်းအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လူဦးရေစာရင်းနှင့် လဝက၏ လူဦးရေစာရင်းမှရယူပြီး ပြုစုခြင်းဖြစ်ကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လူဦးစာရင်း ပေးပို့လာမှသာလျှင် မဲစာရင်းကို ဥပဒေပါ သတ်မှတ်ချက်များအတိုင်း စိစစ်ပြုစုပေးသွားမှာဖြစ်ကြောင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လူဦးရေစာရင်းပေးပို့လာပါက မဲစာရင်းပြုစုရန် အသင့်ပြင်ထားကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောကြားသည်။
အဆိုပါ ရေးချောင်းဖျားဒေသ၌ ပေါ့စော့ကျေးရွာ၊ သုဝဏ္ဏဘုံကျေးရွာ၊ သဗြုချောင်ကျေးရွာ၊ အနန်ပုံကျေးရွာ၊ ဟံသာရွာသစ်ကျေးရွာ၊ ကျောက်သင်္ဘောကျေးရွာ၊ ယင်းရယ်ကျေးရွာ၊ ဂနီးကျေးရွာ၊ ဖလံချောင်းဝကျေးရွာ စသည်ဖြင့် ကျေးရွာပေါင်း ၁၉ ရွာခန့်ရှိပြီး လူဦးရေ ၅၀၀၀ ခန့်ရှိကြောင်း ဒေသခံများက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်