၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းတွင် စည်းကြပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေအပေါ်ကောက်ခံသည့် ဝင်ငွေခွန်နှုန်းထား လျှော့ချသတ်မှတ်ထားခြင်းအား ပယ်ဖျက်ထားကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်၌ တင်ပြခဲ့သည်။
ဇူလိုင် ၁၃ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ဖတ်ကြားတင်သွင်းရာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေမှာပါဝင်တဲ့ ထူးခြားချက်များကို တင်ပြရမယ်ဆိုရင် အထူးကုန်စည်ခွန်နှုန်းထားများ တိုးမြှင့်သတ်မှတ်ခြင်း၊ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ရ ကုန်စည်နှင့် ဝန်ဆောင်မှုအမျိုးအစားများ ထပ်မံဖြည့်စွက်ခြင်း၊ အပိုဒ် ၁၄ မှာ အပိုင်ခွဲအသစ် ထပ်မံဖြည့်စွက်ခြင်းနဲ့ စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ ဝင်ငွေအပေါ်ကောက်ခံတဲ့ ဝင်ငွေခွန်နှုန်းထား လျှော့ချသတ်မှတ်ထားခြင်းအား ပယ်ဖျက်ခြင်းတို့ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။
အထူးကုန်စည်ခွန်နှုန်းထားများ တိုးမြှင့်ခြင်းနှင့်စပ်လျဉ်းပြီး နိုင်ငံတော်၏ ကျန်းမာရေးမူဝါဒများနှင့် ကိုက်ညီစေရန် အထူးကုန်စည်ခွန်အဖြစ် သတ်မှတ်ထားသည့် စီးကရက်၊ ဆေးပေါ့လိပ်၊ အရက်နှင့် ၀ိုင်များအပေါ် ကောက်ခံသည့် အထူးကုန်စည်ခွန်နှုန်းထားများကို ယခင်နှစ်များအတိုင်း ငွေကြေးဖောင်းပွမှုအပေါ်အခြေခံပြီး တိုးမြှင့်သတ်မှတ်ပေးထားကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
ဒုတိယဝန်ကြီးက “ ဆေးပေါ့လိပ်အပေါ်မှာ ကောက်ခံတဲ့ အထူးကုန်စည်ခွန်နှုန်းထားများကိုလည်း တိုးမြှင့်သတ်မှတ်ထားပါတယ်။ နိုင်ငံတော်ရဲ့ ကျန်းမာရေးမူဝါဒများနဲ့လည်း ကိုက်ညီမှုရှိပါတယ်။ ဒုတိယအချက်အနေနဲ့ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ရ ကုန်စည်နဲ့ ဝန်ဆောင်မှုအမျိုးအစားများ ထပ်မံဖြည့်စွက်ခြင်းကို ရှင်းလင်းတင်ပြလိုပါတယ်” ဟု ပြောကြားသည်။
မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ အသုံးပြုရန် ပြည်တွင်းပြည်ပမှ ဝယ်ယူရသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ကင်းလွတ်ခွင့်ပြုပေးနိုင်ရေးအတွက် ရန်ကုန်မြို့ရှိ United Nations Resident Coordinator (UNRC) ရုံးက တင်ပြလာကြောင်း၊ ကုလသမဂ္ဂအဖွဲ့၏ အခွင့်အရေးများနှင့် ကင်းလွတ်ခွင့် အက်ဥပဒေများနှင့်အညီ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများက ရယူသုံးစွဲသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုပေးနိုင်ရေးအတွက် ဖြည့်စွက်ရခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
“ နောက်ဆုံးအချက်အနေနဲ့ကတော့ ယခင် ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မ ၂၅ မှာ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေများအပေါ် ကောက်ခံတဲ့ ဝင်ငွေခွန်နှုန်းထားကို လျှော့ချသတ်မှတ်ထားခြင်းကို ယခုနှစ် ပြဋ္ဌာန်းတဲ့ ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းမှာ ပယ်ဖျက်ထားခြင်း ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။
အထက်ပါကဲ့သို့ ဝင်ငွေခွန်နှုန်းထား လျှော့ချပေးခြင်းသည် အခွန်လွတ်ငြိမ်းချမ်းသာခွင့် ပြုခြင်းဖြစ်ကြောင်း၊ ဆောင်ရွက်ရန် မသင့်ကြောင်းနှင့် တစ်နှစ်သာ ခွင့်ပြုပေးသင့်ကြောင်းများကို ဥပဒေကြမ်းကို လွှတ်တော်တွင် ဆွေးနွေးစဉ်က ဆွေးနွေးခဲ့ကြသည့် ဆွေးနွေးချက်များအရ ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၂၅ တွင် ပုဒ်မခွဲ (ခ) နှင့် ပုဒ်မခွဲ (ဂ) များကို ထပ်မံဖြည့်စွက်ခဲ့ပြီး ပုဒ်မခွဲ (ဂ) တွင် ပုဒ်မခွဲ (က) ပါ အခွန်သက်သာခွင့်နှုန်းထားများသည် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက်အထိသာ အကျိုးသက်ရောက်စေရမည်ဟု ထည့်သွင်းပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
“ သို့ဖြစ်ပါ၍ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေမူကြမ်းအပေါ် လွှတ်တော်မှ ဆွေးနွေးသုံးသပ်၍ အတည်ပြုပေးနိုင်ပါရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၀၀)၊ ပုဒ်မ ခွဲ (ခ) နှင့်အညီ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းအပ်ပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။
၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာသည်။
-
■ ဘွန်ဒစ်လီဂါပွဲစဉ် (၁၁) ပွဲကြိုသုံးသပ်ချက်
-
■ ကလပ်ကမ္ဘာ့ဖလားအတွက် စီးရီးအေ အထူးအပြောင်းအရွှေ့ကာလ သတ်မှတ်ပေးမည်
-
■ မန်စီးတီးအသင်းနှင့် (၂) နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ခြင်းမှာ ပြိုင်ပွဲစုံ(၄)ပွဲဆက် ရှုံးနိမ့်ခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်ဟု ဂွါဒီယိုလာ ပြောကြား
-
■ လာလီဂါပွဲစဉ် (၁၄) ပွဲကြိုသုံးသပ်ချက်
-
■ စီးရီးအေပွဲစဉ် (၁၃) ပွဲကြိုသုံးသပ်ချက်