
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ မေလအထိ တိုင်ကြားစာ ၁၁၇၇ စောင် လက်ခံရရှိပြီး မြေယာပြဿနာနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဝန်ထမ်းများနှင့်ပတ်သက်သည့် တိုင်တန်းမှု အများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဇူလိုင် ၁၄ ရက်တွင် ထုတ်ပြန်သည်။
ကော်မရှင် လက်ခံရရှိသည့် တိုင်ကြားစာများကို စိစစ်ရာ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်းနှင့် ဧရာဝတီစသည့် တိုင်းဒေသကြီးတို့မှ အများဆုံးလက်ခံရရှိပြီး ကျန်တိုင်းနှင့် ပြည်နယ်များမှ တိုင်တန်းမှု နည်းပါးကာ တိုင်ကြားမှု လုံးဝမရှိသည်မှာ ကယားပြည်နယ်ဖြစ်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများက အရေးယူဆောင်ရွက်ရန် လိုအပ်သည့် တိုင်တန်းမှုများကို ကော်မရှင်၏ စုံစမ်းတွေ့ရှိချက်၊ အကြံပြုတိုက်တွန်းချက်များနှင့် လွှဲပြောင်းပေးပို့ခဲ့သည်ဟု လူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်သည်။
ထိုသို့ အမှုများနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်မှုများကို ရက်ပေါင်း ၃၀ အတွင်း ကော်မရှင်ထံ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက ပြန်လည်အကြောင်းပြန်ရမည်ဖြစ်သော်လည်း အချို့သော ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းသည်ဟု တွေ့ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
“ နိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ လျော့နည်းသွားစေရန်နှင့် ပြည်သူလူထုအားလုံး၏ လူ့အခွင့်အရေး ပိုမိုတိုးတက် ကောင်းမွန်လာစေရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်” ဟု မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဆိုသည်။
အမျိုးသားလူ့အခွင့်အရေးကော်မရှင် လက်ခံရရှိသည့် တိုင်ကြားစာ ၁၁၇၇ မှုတွင် ယခင်ကော်မရှင် စိစစ်ဆောင်ရွက်ရန် ကျန်ရှိသည့် တိုင်တန်းချက် ၃၁၆ မှုပါဝင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
၂၀၁၉ ခုနှစ် စက်တင်ဘာတွင် သက်တမ်းကုန်ဆုံးခဲ့သည့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဖျက်သိမ်းပြီး ဥက္ကဋ္ဌ၊ ဒုဥက္ကဌနှင့် အဖွဲ့ဝင် ၁၁ ဦး ပါဝင်သည့် ကော်မရှင်အသစ်ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၄ ရက်တွင် နိုင်ငံတော်သမ္မတရုံးက ပြန်လည်ဖွဲ့စည်းခဲ့သည်။
ယခုနှစ် မတ်လတွင် တိုင်တန်းချက် ၂၅၄ မှုလက်ခံရရှိပြီး ဖေဖော်ဝါရီလ လက်ကျန် တိုင်တန်းချက် ၃၇၁ မှုရှိ၍ စုစုပေါင်း ၆၂၅ မှုရှိကြောင်း၊ ဧပြီလတွင် တိုင်တန်းချက် ၇၈ မှု လက်ခံရရှိပြီး မတ်လ လက်ကျန် ၃၃၉ မှုရှိကြောင်း၊ မေလတွင် တိုင်တန်းချက် ၁၅၀ ရှိပြီး ယခင်စိစစ်ရန် ကျန်ရှိသည့်အမှု ၅၀ ရှိခြင်းကြောင့် အမှုစုစုပေါင်း ၂၀၀ စိစစ်ဆောင်ရွက်ခဲ့သည်ဟု အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်သည်။
ကော်မရှင် လက်ခံရရှိသည့် တိုင်တန်းစာများကို ကွင်းဆင်းစစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများထံ အကြောင်းကြားစာပေးပို့ခြင်း၊ အကြံပြုချက်များနှင့်အတူ တိုင်တန်းသူထံ အကြောင်းပြန်ခြင်းများ လုပ်ဆောင်ခဲ့ပြီး တရားရုံးတွင် စစ်ဆေးကြားနာဆဲ အမှုများ၊ တရားရုံးမှ အပြီးသတ်စီရင်ပြီးအမှုများ၊ အရေးယူဆောင်ရွက်ပြီး အမှုဟောင်းများ၊ ကော်မရှင်ဥပဒေအရ စုံစမ်းစစ်ဆေးရန် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသော တိုင်တန်းချက်များကို မှတ်တမ်းအဖြစ် ထားရှိခြင်းများ လုပ်ဆောင်ခဲ့ကြောင်း အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်သည်။
လက်ရှိတွင် COVID-19 ကပ်ရောဂါကြောင့် အကျဉ်းထောင်များသို့ သွားရောက်စစ်ဆေးခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်းနှင့် လူ့အခွင့်အရေးသင်ခန်းစာများ ပို့ချခြင်းကဲ့သို့ လုပ်ငန်းတာဝန်များကို ခေတ္တဆိုင်းငံ့ထားရသော်လည်း လူ့အခွင့်အရေး ဖောက်ဖျက်ခံရမှုများနှင့်ပတ်သက်၍ တိုင်တန်းချက်များ လက်ခံရရှိလျက်ရှိကြောင်း ကော်မရှင်က ထုတ်ပြန်အသိပေးခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်