Quarantine ထားရှိရန် နေရာ၊ ဆေးရုံဝန်ထမ်းနှင့် ဆေးပစ္စည်း လုံလောက်မှုအနေအထားအရ ပြည်ပရောက် မြန်မာများအား အစုလိုက်အပြုံလိုက် ပြန်လည်ခေါ်ယူရန် မဖြစ်နိုင်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
COVID-19 ကပ်ရောဂါကာလ နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများ ပြန်လည်ခေါ်ယူခြင်းနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သြစတြေးလျနှင့် အိန္ဒိယနိုင်ငံတို့မှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာအမျိုးသမီးနှစ်ဦးနှင့် ဇူလိုင် ၁၄ ရက်က အွန်လိုင်းမှ ဆွေးနွေးမှုတွင် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
ချမ်းသာကြွယ်ဝသည့် နိုင်ငံကြီးအချို့ပင် COVID-19 ရောဂါပိုး တွေ့ရှိသည်နှင့် ဆေးရုံသို့ ချက်ချင်းခေါ်ဆောင်ကုသခြင်း မရှိသော်လည်း မြန်မာနိုင်ငံအနေဖြင့် ရောဂါပိုးတွေ့ရှိသည်နှင့် ဆေးရုံတွင် ဆေးကုသမှု ခံယူစေသည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။
“ ဒါပေမဲ့ ဒီမှာကျတော့ Quarantine မှာ ထားတယ်။ Quarantine မှာ ရောဂါပိုးရှိတယ်ဆိုတာ တွေ့တာနဲ့ ဆေးရုံကို ပို့တယ်။ အဲဒီတော့ ဆေးရုံမှာ ဆေးဝါးကုသဖို့အတွက် လုံလုံလောက်လောက် ဝန်ထမ်းတွေရှိဖို့ လိုတယ်။ ပစ္စည်းပစ္စယတွေ၊ ဆေးတွေ လုံလောက်ဖို့လိုတယ်။ အဲဒီတော့ အဲဒီဟာတွေလည်း ကြည့်ရတယ်။ ဒါကြောင့်မို့ အစုလိုက်အပြုံလိုက် သွင်းလို့မရဘူးဆိုတာ အဲဒီဟာပါ။ Quarantine မှာလည်း နေရာရှိရမယ်။ တွက်ချက်ထားတဲ့ ရာခိုင်နှုန်းအရ ရောဂါပိုး ပါလာတဲ့သူတွေအတွက် ဆေးရုံမှာလည်း အဆင်သင့်ဖြစ်ရမယ်။ ဒီနှစ်ခုကို ကြည့်ပြီး လုပ်ရတာဖြစ်ပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
မေလကုန်မှ လက်ရှိအချိန်အထိ ပြည်ပနိုင်ငံများရှိ မြန်မာနိုင်ငံသား ၈၀၀၀ ကျော်ကို ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ဖြင့် ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီး သြဂုတ်လအထိ မြန်မာနိုင်ငံသား ၁၈၀၀ ခန့် ဆက်လက်ခေါ်ယူနိုင်ရေး ညှိနှိုင်းလျက်ရှိသည်ဟု အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။
“ စုစုပေါင်း ၈၀၀၀ ကျော် ကျွန်တော်တို့ Relief Flight တွေ အောင်မြင်စွာ စီစဉ်ပေးနိုင်ခဲ့ပါတယ်။ နောက်ပြီးတော့ လာမယ့်သြဂုတ်အထိလည်း Relief Flight ပေါင်း ၁၃ ကြိမ်လောက်ဆွဲပြီး စုစုပေါင်း ၁၈၀၀ လောက်ကို ပြန်လည်ပြီးခေါ်ဖို့အတွက် ညှိနှိုင်းနေတာ ရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။
ထိုင်း၊ တောင်ကိုရီးယား၊ စင်ကာပူ၊ အိန္ဒိယ၊ သြစတြေးလျ၊ မလေးရှား၊ ဗြိတိန်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ ယူအေအီး၊ ပြင်သစ်၊ ဂျာမနီ၊ ထိုင်ဝမ်၊ တရုတ် (တိုင်ပေ)၊ တရုတ် စသည့်နိုင်ငံများသို့ Relief Flight ၅၆ ကြိမ် ပြေးဆွဲခဲ့သည်ဟု ဝန်ကြီး ပြောကြားချက်အရ သိရသည်။
Relief Flight များ စီစဉ်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ နိုင်ငံအတွင်း ရောဂါဖြစ်ပွားနိုင်မှု အနေအထားနှင့် Quarantine ထားရှိရန် နေရာလုံလောက်ခြင်း ရှိ၊ မရှိ စသည့်အချက်များအပေါ် ချိန်ဆလုပ်ဆောင်ရသည်ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
“ အခုလောလောဆယ်တော့ ဗဟိုကော်မတီက မူချမှတ်ထားတာ တစ်ပတ်ကို ၇၀၀ ထက် မပိုပေါ့နော်။ ကျွန်တော်တို့က နယ်စပ်တွေက ခေါ်နေတာတွေလည်းရှိတဲ့အတွက် နယ်စပ်ကလည်း ရာနဲ့ ထောင်နဲ့ ဝင်နေတာရှိတဲ့အတွက် အဲဒီအားလုံးကို လုံလုံလောက်လောက် Quarantine ပေးနိုင်တဲ့ နေရာ အနေအထားကိုကြည့်ပြီး ကျွန်တော်တို့အနေနဲ့ စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါတယ်။ မလေးရှားမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေလည်း စဉ်ဆက်မပြတ် ဆက်လက်ခေါ်သွားမှာဆိုတဲ့အကြောင်း ကြိုးစား ဆောင်ရွက်လျက်ရှိတဲ့အကြောင်း ပြောလိုပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။
စိန်ခေါ်မှုများကြားမှ ကောင်းသည့် အချက်တစ်ခုမှာ ပြည်ပနိုင်ငံအသီးသီးတွင် အခက်တွေ့လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် သက်ဆိုင်ရာသံရုံအသီးသီးကို ပိုမိုအားထားလာခြင်းဖြစ်သည်ဟု ဝန်ကြီးက ဆိုသည်။
သြစတြေးလျနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ Relief Flight ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် မသန္တာအောင်စိုးနှင့် မအေးအေးအောင်တို့က ၎င်းတို့ ပြည်ပနိုင်ငံများတွင် နေထိုင်ခဲ့စဉ် အတွေ့အကြုံများနှင့် Relief Flight အစီအစဉ်တွင် ပါဝင်ရန် ကြိုးပမ်းခဲ့ရမှုများကို အသီးသီးပြောကြားခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ဇူလိုင် ၁၃ ရက်အထိ COVID-19 အတည်ပြုလူနာ ၃၃၆ ဦးရှိပြီး လက်ရှိ ရက်သတ္တပတ်အတွင်း ပြည်တွင်း ရောဂါကူးစက်သူမရှိဘဲ ဖိလစ်ပိုင်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အင်္ဂလန်၊ အမေရိကန်၊ ထိုင်း စသည့်နိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများတွင် ရောဂါပိုးတွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
-
■ ဘွန်ဒစ်လီဂါပွဲစဉ် (၁၁) ပွဲကြိုသုံးသပ်ချက်
-
■ ကလပ်ကမ္ဘာ့ဖလားအတွက် စီးရီးအေ အထူးအပြောင်းအရွှေ့ကာလ သတ်မှတ်ပေးမည်
-
■ မန်စီးတီးအသင်းနှင့် (၂) နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ခြင်းမှာ ပြိုင်ပွဲစုံ(၄)ပွဲဆက် ရှုံးနိမ့်ခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်ဟု ဂွါဒီယိုလာ ပြောကြား
-
■ လာလီဂါပွဲစဉ် (၁၄) ပွဲကြိုသုံးသပ်ချက်
-
■ စီးရီးအေပွဲစဉ် (၁၃) ပွဲကြိုသုံးသပ်ချက်