
အပြည်ပြည်ဆိုင်ရာတရုံး ICJ ၌ တရားရင်ဆိုင်ရာတွင် သုံးစွဲသည့်ကုန်ကျစရိတ်များမှာ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သာမန်အသုံးစရိတ်ဖြစ်ပြီး နိုင်ငံတကာရှေ့နေများငှားရမ်းခကိုမူ ကျင့်ဝတ်အရ ထုတ်ဖော်ပြော၍မရကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။
ဇူလိုင် ၁၅ ရက်ကပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မိတ္ထီလာ မဲဆန္ဒနယ် ဒေါက်တာမောင်သင်း၏ မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး၌ ဂမ်ဘီယာနိုင်ငံက တရားလိုပြုလုပ်၍ တရားစွဲဆိုမှုကို ရင်ဆိုင်ဖြေရှင်းရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံခြားရေးဦးစီးဌာနမှ လုပ်အားအတွက်ကုန်ကျစရိတ်အဖြစ် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် ဖြည့်စွက်ခွင့်ပြု ငွေတောင်းခံသည့်လိုငွေ ကျပ်သန်း ၆၈၀ တောင်းခံရာတွင် ကျွမ်းကျင်ပညာရှင်ရှေ့နေများ ငှားရမ်းခြင်း၊ သီးသန့်တရားသူကြီး ငှားရမ်းခြင်း၊ ဥပဒေအကြံပေးများခန့်အပ်ခြင်းများအား တစ်ဦးချင်းစီအလိုက် မည်မျှကုန်ကျသည်ကို အသေးစိတ်ရှင်းလင်းပေးရန် အစီအစဉ် ရှိ မရှိနှင့် ခရီးစရိတ်ကုန်ကျငွေနှင့် လေးလံပစ္စည်း သယ်ယူစရိတ်များအတွက် ကျပ် ၃၅၁ ဒသမ ၆၀၀ သန်းကိုလည်း စနစ်တကျ အသေးစိတ်စိစစ်ရှင်းလင်းပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“အဆိုပါသုံးစွဲစရိတ်များနဲ့ ပတ်သက်ပြီးတော့ လုပ်ထုံးလုပ်နည်း၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနဲ့ မညီညွတ်ကြောင်း တွေ့ရှိပါက ပြည်ထောင်စုစာရင်းစစ်ချုပ်ကနေပြီးတော့ ပြည်ထောင်စုလွှတ်တော်ကိုတင်သွင်းတဲ့ ၎င်း၏အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ICJ ရင်ဆိုင်နေရတဲ့ အမှုအတွက် မိမိတို့ငှားရမ်းထားတဲ့ နိုင်ငံတကာ ရှေ့နေကြီးများရဲ့ ဝင်ငွေ၊ အခကြေးငွေများ၊ အသုံးစရိတ်များကို အသေးစိတ် ထုတ်ဖော်ပြောကြားခြင်းမပြုရန် ကျင့်ဝတ်ကိုလည်း လိုက်နာရန်တာဝန်လည်း ရှိပါတယ်။ ICJ မှာ တရားရင်ဆိုင်ရာမှာ ကုန်ကျတဲ့အသုံးစရိတ်ရှင်းတမ်း၊ ခရီးစရိတ်ကုန်ကျငွေနဲ့ လေးလံပစ္စည်းသယ်ယူစရိတ်များရဲ့ အသေးစိတ်ရှင်းတမ်းတွေကို ဘဏ္ဍာစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းနဲ့အညီ စာရင်းစစ်အဖွဲ့မှာ အစစ်ဆေးခံသွားမှာမို့လို့ ပြည်သူ့လွှတ်တော်မှာ သီးခြားရှင်းလင်းတင်ပြရန် အစီအစဉ်မရှိကြောင်း လေးစားစွာဖြင့် ရှင်းလင်းတင်ပြပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့ပြင် ICJ တွင် တရားရင်ဆိုင်ရခြင်းကိစ္စမှာ နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွား၊ နိုင်ငံတော်၏ ပုံရိပ်တို့နှင့် သက်ဆိုင်သည့် အရေးကြီးကိစ္စဖြစ်သည့်အတွက် တရားရင်ဆိုင်ရာတွင် ကုန်ကျသောကျွမ်းကျင် ပညာရှင် ရှေ့နေများငှားရမ်းခြင်း၊ ဥပဒေအကြံပေးများခန့်အပ်ခြင်း စသည့် အသုံးစရိတ်များသည် နိုင်ငံတော်၏ဘဏ္ဍာငွေမှ ကျခံသုံးစွဲခွင့်ရှိသည့် ကိစ္စဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
“နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သာမန်အသုံးစရိတ်ခေါင်းစဉ်အောက်မှ သက်ဆိုင်ရာဘဏ္ဍာနှစ်အတွင်း ကျခံသုံးစွဲခဲ့တဲ့ အသုံးစရိတ်ဖြစ်တဲ့အတွက် ဌာနရဲ့အတွင်းစာရင်း စစ်အဖွဲ့နဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စာရင်းစစ်အဖွဲ့တို့မှ ဘဏ္ဍာရေးစည်းမျဉ်း ဥပဒေ လုပ်ထုံးလုပ်နည်းများအနဲ့အညီ သုံးစွဲမှု ရှိ မရှိ၊ ရှေ့နေခ အသေးစိတ်အပါအဝင် အသုံးစရိတ်များဟာ မှန်ကန်မှု ရှိ မရှိတို့ကိုလည်း အစစ်ဆေးခံသွားမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
အလားတူ ခရီးစရိတ်ကုန်ကျငွေနှင့် လေးလံပစ္စည်းသယ်ဆောင်မှု စရိတ်စကများအတွက် ကျပ် ၃၅၁ ဒသမ ၆၀၀ သန်းမှာ ICJ ကိစ္စနှင့်သက်ဆိုင်ခြင်းမရှိဘဲ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများပြောင်းရွှေ့ခြင်း၊ တာဝန်အရခရီးထွက်ခွာခြင်း၊ လေးလံပစ္စည်းများအပါအဝင် ပို့ဆောင်ရေးဆိုင်ရာအသုံးစရိတ်များနှင့် သက်ဆိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
အဆိုပါ အသုံးစရိတ်များသည် နိုင်ငံခြားရေးဝန်ကြီးဌာန၏ သာမန်အသုံးစရိတ်ဖြစ်သည့်အပြင် ရသုံးခန့်မှန်းခြေ ငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအောက်ရှိ ကော်မတီသုံးရပ်၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယသမ္မတအဆင့်အထိ အဆင့်ဆင့် စစ်ဆေးပြီး ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းရေးကော်မတီတို့က အသေးစိတ် အဆင့်ဆင့်စိစစ်အတည်ပြု ခွင့်ပြုသည့် အသုံးစရိတ်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်