
ANZ ဘဏ်သည် မြန်မာနိုင်ငံမှ ထွက်ခွာမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၂ ရက်တွင် ကြေညာခဲ့ရာ မြန်မာနိုင်ငံ၏ နစကအစိုးရအပေါ် ထိုးနှက်ချက်တစ်ရပ်ဖြစ်လာပြီး မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသည့် အခြားပြည်ပဘဏ်များအပေါ်လည်း ဖိအားများ မြင့်တက်လာစေခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် အကျဉ်းချုပ်ထုတ်ပြန်ချက်အရ သြစတြေးလျနိုင်ငံ၏ အထင်ကရဘဏ်တစ်ခုဖြစ်သော ANZ က လာမည့်နှစ်အစောပိုင်းတွင် မြန်မာနိုင်ငံ၌ လုပ်ငန်းလည်ပတ်မှုများကို ရပ်နားမည်ဖြစ်ကြောင်းနှင့် ဒေသဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအရ အတည်ပြုမှုကို လက်ခံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် တပ်မတော်က ထိန်းချုပ်ထားသော ဘဏ်တစ်ခုနှင့်အတူ လုပ်ကိုင်နေသည့် နိုင်ငံခြားကုမ္ပဏီများ၏ ငွေပေးချေမှုအနည်းငယ်မျှကို ANZ ဘဏ်က လွယ်ကူအောင်ပြုလုပ်ပေးခဲ့ကြောင်း ပြသသည့်မှတ်တမ်းများ ပေါက်ကြားခဲ့ပြီးနောက် ယခုလအစောပိုင်းတွင် ANZ ဘဏ်အား ထောက်ပြဝေဖန်ခဲ့သော တက်ကြွလှုပ်ရှားသူများအနေဖြင့် ယခုကြေညာချက်ကို ကြိုဆိုခဲ့ကြသည်။
လွန်ခဲ့သည့် လပေါင်းများစွာအကြာမှစ၍ မြန်မာနိုင်ငံ၌ လုပ်ငန်းလည်ပတ်မှုဆိုင်ရာရှုပ်ထွေးမှုများကို ရင်ဆိုင်ခဲ့ရကြောင်းနှင့် ၎င်းတို့၏ အင်စတီကျူးရှင်းဆိုင်ရာ ဖောက်သည်များအား အခြားဘဏ်များသို့ လွှဲပြောင်းပေးမှုအစီအစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း ANZ ဘဏ်က ပြောကြားခဲ့သည်။
“ဒေသဆိုင်ရာ လုပ်ငန်းလည်ပတ်မှုအခြေအနေရပ်တွေနဲ့ပတ်သက်ပြီး သေသေချာချာစဉ်းစားပြီးမှ ဒီဆုံးဖြတ်ချက်ကို ချခဲ့တာဖြစ်ပါတယ်” ဟု ANZ ဘဏ်၏ နိုင်ငံတကာမန်နေဂျင်းဒါရိုက်တာ ဆိုင်မွန်အိုင်ယာလန်က ပြောကြားခဲ့သည်။
“ဒီအချိန်အတွင်းမှာ ကျွနု်ပ်တို့ရဲ့ ဖောက်သည်တွေကို ထောက်ပံ့ပေးဖို့ မနေမနားလုပ်ဆောင်ကြတဲ့အတွက် ဒီအဖွဲ့ကို ကျွနု်ပ်တို့ကျေးဇူးတင်ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ရဲ့ နိုင်ငံတကာကွန်ရက်နဲ့ ဒေသတွင်းတစ်ဝိုက် ကျွန်တော်တိုရဲ့ ဖောက်သည်တွေနဲ့ပတ်သက်ပြီး ကုန်သွယ်ရေးနဲ့ အရင်းအနှီးစီးဆင်းမှုတွေကို ထောက်ပံ့မှုတွေဟာ ကျွန်တော်တို့ မဟာဗျူဟာရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ရေရှည်အတွက် ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု ဆိုင်မွန်အိုင်ယာလန်က ပြောကြားခဲ့သည်။
လွန်ခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က နိုင်ငံတော်အာဏာကို ရယူခဲ့ပြီးနောက် တင်းကျပ်သည့် ပိတ်ဆို့မှုများ ချမှတ်ခဲ့ကြသည့် နိုင်ငံများဖြစ်ကြသော အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများပါဝင်သည့် နိုင်ငံများကဲ့သို့ သြစတြေးလျသည်လည်း မြန်မာနိုင်ငံနှင့် ခပ်ခွာခွာနေခဲ့သော နိုင်ငံဖြစ်သည်။
ANZ ဘဏ်သည် မြန်မာနိုင်ငံ၌ ကြီးကြီးမားမား လုပ်ငန်းလုပ်ကိုင်နေမှုမရှိဘဲ မြန်မာနိုင်ငံအတွင်း ဒေသဆိုင်ရာဝန်ထမ်း နှစ်ဒါဇင်ခန့်ပါဝင်သော အဖွဲ့ငယ်လေးတစ်ဖွဲ့ဖြင့်သာ လုပ်ကိုင်နေသည့် ဘဏ်ဖြစ်သည်။
ANZ သည် မြန်မာနိုင်ငံမှ ထွက်ခွာသည့် ပထမဆုံးပြည်ပမှ အထင်ကရဘဏ္ဍာရေးအင်စတီကျူးရှင်းများအနက် တစ်ခုဖြစ်လာပြီး ယင်းဆုံးဖြတ်ချက်ကြောင့် လာမည့်နှစ်အစောပိုင်းတွင် မြန်မာနိုင်ငံ၌ ဆက်လက်လုပ်ကိုင်မည့် အနောက်တိုင်းဘဏ်များရှိတော့မည်မဟုတ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်