
စက်သုံးဆီများကို ချွေတာသုံးစွဲခြင်းဖြင့် နိုင်ငံခြားငွေသုံးစွဲမှုများကို လျှော့ချနိုင်မည်ဖြစ်ပြီး ပြည်တွင်း၌ ငွေကြေးလည်ပတ်မှုအား ကောင်းလာမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
နစကဥက္ကဋ္ဌသည် နိုဝင်ဘာ ၂၇ ရက်တွင် မကွေးတိုင်းဒေသကြီးရှိ မန်းရွှေစက်တော်ရာဘုရား၊ စကြာပန်းတောင်းစေတီတော်၊ ရှင်ပင်စက္ကိန်းတဲစေတီတော်နှင့် မကွေးမြသလွန်စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမျှော်ခဲ့ပြီး ရှင်ပင်စက္ကိန်းတဲစေတီတော် ပုရိဝုဏ်အတွင်းရှိ ရတနာသုခဓမ္မာရုံအတွင်း၌ မင်းဘူးမြို့နှင့် စကုမြို့တို့မှ ရပ်မိရပ်ဖများနှင့်တွေ့ဆုံစဉ် ရပ်မိရပ်ဖများက ဒေသတွင်း စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ဒေသလိုအပ်ချက်များကို ဆွေးနွေးတင်ပြမှုအပေါ် နစကဥက္ကဋ္ဌက အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းသည်။
နစကဥက္ကဋ္ဌက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးအတွက် လိုအပ်သည့် ရေများလုံလောက်စွာရရှိရေး နေရောင်ခြည်စွမ်းအင်သုံး လျှစ်စစ်မြစ်ရေတင်လုပ်ငန်းများဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ ပွင့်ဖြူတွင် စိုက်ပျိုးရေးသိပ္ပံရှိပြီးဖြစ်ပြီး စကု၌မွေးမြူရေးသိပ္ပံတစ်ခု ဖွင့်လှစ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဝယ်လိုအားနှင့် ရောင်းလိုအားမမျှတမှု၊ ကုန်ထုတ်လုပ်မှုစရိတ်များ ကြီးမြင့်မှုတို့ကြောင့် ကုန်စျေးနှုန်းကြီးမြင့်မှုကို ဖြစ်စေနိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့ဒေသတွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် စိုက်ပျိုးမွေးမြူရေးအတွက် လိုအပ်သည့် သွင်းအားစုများကြောင့် ကုန်စျေးနှုန်းကြီးမြင့်မှုများကို အတတ်နိုင်ဆုံး လျှော့ချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသတွင်း၌ဆေးဝါးထုတ်ကုန်များ၊ အခြေခံလူသုံးကုန်ပစ္စည်းများ စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်မှုကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး ပြည်ပသွင်းကုန်များ လျှော့ချနိုင်ရန် လိုအပ်ကြောင်း၊ စက်သုံးဆီများကိုလည်း ချွေတာသုံးစွဲခြင်းဖြင့် နိုင်ငံခြားငွေသုံးစွဲမှုများကို လျှော့ချနိုင်မည်ဖြစ်ကာ ပြည်တွင်း၌ ငွေကြေးလည်ပတ်မှုအားကောင်းလာမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။
အလားတူစားသုံးဆီများ သုံးစွဲရာတွင် လည်းကျန်းမာရေးနှင့်ညီညွတ်သည့် စားသောက်မှုပုံစံဖြင့် စားသုံးရန်လိုကြောင်း၊ အစိုးရမှကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များကို အဆင့်ဆင့်ဖွင့်လှစ်ပေးထားပြီးဖြစ်သဖြင့် ကျောင်းသားကျောင်းသူများ ပညာရည်မြင့်မားရေးအတွက်အားလုံးကဝိုင်းဝန်း အားပေးဆောင်ရွက်ရန်လိုကြောင်း၊ ဒေသတွင်း သက်ဆိုင်ရာပညာရပ်များအလိုက် ပညာတတ်များ ပေါကြွယ်ဝမှသာလျှင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။
ယင်းအပြင် ဒေသတွင်းသန့်ရှင်းသာယာလှပရေးအတွက်လည်း ဒေသခံပြည်သူလူထုနှင့် ဒေသတွင်လာရောက်တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများက ၀ိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသသာယာလှပပြီး ဒေသမှ ထွက်ရှိသည့် ဒေသထုတ်ကုန်များ နာမည်ရလာပါက ဒေသသို့ လာရောက်လည်ပတ်သူများ များပြားလာမည်ဖြစ်ပြီး ဒေသတွင်းငွေကြေးလည်ပတ်မှု အားကောင်းကာ စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
ထို့နောက်နစကဥက္ကဋ္ဌက ဒေသဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေကျပ်သိန်း ၁၀၀ နှင့် မင်းဘူးဘိုးဘွားရိပ်သာတည်ဆောက်ရေးအတွက် အလှူငွေကျပ်သိန်း ၁၀၀ တို့အား ပေးအပ်ခဲ့ပြီး ရပ်မိရပ်ဖများကလက်ခံရယူခဲ့ကြောင်း သိရသည်။
နစကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မကွေးမြို့ ကမ်းနားလမ်းတစ်လျှောက် အပန်းဖြေနေရာ Public Area ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်း သွားရောက်ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်