
ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇသစ်သည် ယခင်ဗိုင်းရပ်စ် မျိုးဗီဇထက် ကူးစက်နိုင်ခြေ ပိုမိုမြင့်မားသောကြောင့် ဥရောပတစ်ဝန်း စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် လက်တင်အမေရိက သုံးနိုင်ငံတွင် ဒီဇင်ဘာ ၂၅ ရက်မှစ၍ ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံမှု အစီအစဉ်ကြီးကို စတင်လုပ်ဆောင်နေသည်။ မက္ကဆီကိုနှင့် ချီလီနိုင်ငံတို့တွင် ရှေ့တန်းမှ ကျန်းမာရေးဝန်ထမ်းများ အပါအဝင် လူအများအပြားကို ဗိုင်းရပ်စ်ကာကွယ်ဆေး ပထမဆုံး စတင်ထိုးနှံပေးနေပြီး ကော်စတာရီကာသည်လည်း ၎င်း၏ ဗိုင်းရပ်စ်ကာကွယ်ဆေး အစီအစဉ်ကို စတင်လုပ်ဆောင်နေမှုနှင့်အတူ သမ္မတကားလို့စ်အယ်ဗာရာဒိုက ကပ်ရောဂါ အဆုံးသတ်မှု၏ အစ ဖြစ်လာနိုင်သည်ဟု ပြောကြားခဲ့သည်။ မက္ကဆီကိုက ဘယ်ဂျီယံမှ Pfizer/BioNTech ၏ ဗိုင်းရပ်စ် ကာကွယ်ဆေး ပထမအသုတ်အဖြစ် ထိုးဆေး ၃,၀၀၀ ကို ရရှိခဲ့ပြီးနောက် ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံမှု အစီအစဉ်ကို စတင်ခဲ့သည်။ အာဂျင်တီးနားသည် ရုရှား၏ အငြင်းပွားဖွယ် Sputnik V ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုရန် အတည်ပြုသည့် ပထမဆုံး လက်တင်အမေရိကနိုင်ငံ ဖြစ်လာခဲ့ပြီးနောက် ဒီဇင်ဘာ ၂၄ ရက်၌ မော်စကိုမှ အထူးလေကြောင်း ခရီးစဉ်ဖြင့် ကာကွယ်ဆေး ၃၀၀,၀၀၀ ကို အာဂျင်တီးနားသို့ ပထမဆုံး အသုတ်အဖြစ် ပေးပို့ခဲ့သည်။
ယင်းအချိန်တွင် လူအုပ်စုလိုက် ကိုယ်ခံအားရရှိရန်အတွက် COVID-19 ကာကွယ်ဆေး ထိုးနှံမှုနှုန်းသည် ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအကြားရှိရန် လိုအပ်ကြောင်း အမေရိကန်မှ ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်းပါရဂူ ဒေါက်တာ အန်တိုနီဖော်ချီက ဒီဇင် ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ ဒီဇင်ဘာ ၁၄ ရက်တွင် COVID-19 ကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်ကို စတင်ခဲ့သော အမေရိကန်နိုင်ငံ၌ အမေရိကန်နိုင်ငံသား တစ်သန်းကျော်ကို ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ယင်းပမာဏသည် နိုင်ငံ့လူဦးရေ၏ ၀.၃ ရာခိုင်နှုန်းခန့်သာရှိကြောင်း အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ရေး ဗဟိုဌာနက ထုတ်ပြန်ထားသည်။ လူအုပ်စုလိုက် ကိုယ်ခံအား ရရှိလာရန်အတွက် လူဦးရေ ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ကာကွယ်ဆေးထိုးနှံပေးရန် လိုကြောင်း ဖော်ချီက ယခုနှစ် အစောပိုင်းတွင် ပြောကြားခဲ့ဖူးပြီး ဒီဇင်ဘာ ၂၄ ရက် အင်တာဗျူးတွင်မူ ကာကွယ်ဆေး ထိုးနှံပေးရမည့် လူဦးရေကို ရာခိုင်နှုန်း ၈၀ အထိ ထပ်တိုးပြောကြား ခဲ့ခြင်းဖြစ်သည်။
လူဦးရေတစ်ရပ်၌ အများစုသည် ကူးစက်ရောဂါတစ်ခုကို “ကိုယ်ခံအားရရှိ/ရောဂါ ပြီး” သွားသည့်အခါ ယင်းသည် ယင်းရောဂါနှင့် ပတ်သက်၍ ကိုယ်ခံအား မရရှိသေးသူများကို သွယ်ဝိုက်၍ ရောဂါမှ ကာကွယ်ပေးခြင်း သို့မဟုတ် လူအုပ်စုလိုက် ကိုယ်ခံအားရရှိခြင်း Herd Immunity ကို ဖြစ်စေသည်။ ဥပမာအားဖြင့် လူဦးရေ တစ်ရပ်၏ ရာခိုင်နှုန်း ၈၀ သည် ဗိုင်းရပ်စ်တစ်မျိုးကို ကိုယ်ခံအား ရရှိသွားပါက လူငါးဦးလျှင် လေးဦးနှုန်းသည် ရောဂါပိုးနှင့် ထိတွေ့သော်လည်း ရောဂါကူးစက်ခံရခြင်း မရှိသောကြောင့် ရောဂါကို ထပ်မံပျံ့နှံ့စေတော့မည် မဟုတ်ပေ။ ဤသို့နှင့် ရောဂါကူးစက် ပျံ့နှံ့မှုသည် ထိန်းချုပ်နိုင်မှုအောက်သို့ ရောက်ရှိသွားတော့သည်။ သဘောတရားအရ ရောဂါပိုး၏ ကူးစက်နိုင်စွမ်းပေါ် မူတည်လျက် Herd Immunity ဖြစ်ရန် လူဦးရေ၏ ရာခိုင်နှုန်း ၇၀ မှ ၉၀ အတွင်း ကိုယ်ခံအားရရှိရန် လိုအပ်သည်။
ယင်းနှင့် ပတ်သက်၍ Sussex တက္ကသိုလ် အဏုဇီဝဗေဒဌာန အကြီးတန်းကထိက ဒေါက်တာအက်ဒဝပ်ရိုက်က “လူဦးရေထဲမှာ ကိုယ်ခံအား ရရှိထားပြီး အချိုးအစားက အလုံအလောက် မြင့်မားလို့ရှိရင် အဲဒီလူတွေက လူထုအတွင်း ဗိုင်းရပ်စ်ပိုး သံသရာလည်နေမှုကို ရပ်တန့်နိုင်ပါလိမ့်မယ်။ ဒါကို Herd Immunity လို့ ခေါ်တာပါ။ လူတစ်ယောက် ရောဂါကူးစက်ခံရတဲ့အခါ သူ့အနားတစ်ဝိုက်ကလူတွေ ဗိုင်းရပ်စ်အပေါ် ကိုယ်ခံအားရှိနေသမျှ ကာလပတ်လုံး အဲဒီဗိုင်းရပ်စ်က မပျံ့နှံ့နိုင်တော့ဘူးလေ” ဟု ဆိုသည်။
USA TODAY အယ်ဒီတာအဖွဲ့က ဟားဗက်တက္ကသိုလ် ကူးစက်ရောဂါဗေဒဌာန ပါမောက္ခ ဒေါက်တာမက်လစ်ဆစ်နှင့် ဧပြီလ ၈ ရက်က တွေ့ဆုံမေးမြန်း ခဲ့ရာတွင်လည်း “ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ရာ အရေးပါတဲ့ အချက်တွေက ကိုယ်ခံအား ရသွားတဲ့ လူအချိုးအစား ဒါမှမဟုတ် အနည်းဆုံးက တခြားလူတစ်ယောက်ဆီ ရောဂါထပ်မကူး စေတော့တာပဲ။ ကာကွယ်ဆေးထိုးတာက တစ်ဆင့်ဖြစ်ဖြစ် ရောဂါကူးစက်ခံရပြီးကနေ တစ်ဆင့်ပဲဖြစ်ဖြစ် အဲဒီအရေအတွက်ကို ကျွန်တော်တို့ လုံလုံလောက်လောက် များအောင် ရဖို့လိုတယ်” ဟု ပြောကြားခဲ့သည်။
မည်သို့ပင် ဆိုစေကာမူ လူအုပ်စုလိုက် ကိုယ်ခံအား (Herd Immunity) ရရှိရန်အတွက် COVID-19 ကာကွယ်ဆေး ထိုးနှံမှုနှုန်းသည် ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်း အကြားရှိရန် လိုအပ်သည်ကို သတိပြုရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
ဒီဇင်ဘာ ၂၆ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်