
COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု မြင့်တက်လာပြီး ကမ္ဘာတစ်လွှား၌ လူပေါင်းတစ်သန်းခွဲကျော်ကို သေဆုံးစေလျက် လုပ်ငန်းအများအပြား ပိတ်လိုက်ရသောကြောင့် အလုပ်လက်မဲ့ဖြစ်မှု အကြီးအကျယ် ဖြစ်ပေါ်ကာ လူတို့ အလုပ်လုပ်ပုံနှင့် နေထိုင်ပုံ နည်းလမ်းများကို အခြေခံမှနေ၍ ပြောင်းလဲပစ်ခဲ့ရသည့် ၂၀၂၀ ပြည့်နှစ်သည် ခက်ခဲကျပ်တည်းသော နှစ်တစ်နှစ် ဖြစ်ခဲ့သည်။ လုပ်ငန်းများနှင့် ဝန်ထမ်းများအပေါ် ဗိုင်းရပ်စ်၏ ရိုက်ခတ်ချက်က ကြီးမားလွန်းသောကြောင့် HBS Working Knowledge ဝက်ဘ်ဆိုက်တွင် တစ်နှစ်လုံး လူဖတ်အများဆုံး အကြောင်းအရာ ၁၀ ခုအနက် ရှစ်ခုက COVID-19 အခြေပြု အကြောင်းအရာများ ဖြစ်နေသည်မှာ အံ့သြစရာ မရှိလှပါ။ ၂၀၂၀ ပြည့်နှစ်သည် အမေရိကန် ပြည်ထောင်စုတွင် လူမျိုးရေး ခွဲခြားမှုကြောင့် မငြိမ်မသက်မှုများ အကြီးအကျယ် ဖြစ်ပွားခဲ့သည့် နှစ်တစ်နှစ်လည်း ဖြစ်လေရာ လုပ်ငန်းခွင်၌ လူမျိုးရေးခွဲခြားမှုနှင့် COVID-19 ကာကွယ်ဆေးနှင့် ပတ်သက်သည့် အလားအလာများအကြောင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးသည့် Merck ကုမ္ပဏီ၏ CEO ကင်ဖရေဇီယာ၏ အင်တာဗျူးမှာ ဖတ်ရှုသူများ၏ အကြီးအကျယ် စိတ်ဝင်စားမှုကို ရရှိခဲ့သည်။
HBS Working Knowledge ဝက်ဘ်ဆိုက်က ၎င်းတို့၏ တစ်နှစ်လုံး လူဖတ်အများဆုံး အကြောင်းအရာ ၁၀ ခုကို ယခုကဲ့သို့ ဖော်ပြထားသည်ကို တွေ့ရှိရသည်။
(၁) Merck ကုမ္ပဏီ၏ CEO ကင်ဖရေဇီယာ၏ COVID ကုသမှု၊ လူမျိုးရေးခွဲခြားမှုနှင့် ခေါင်းဆောင်များအနေဖြင့် ဆွေးနွေးမှုများဆီ ဦးတည်ရန် လိုအပ်ပုံတို့အကြောင်း ပြောပြထားသည့် အင်တာဗျူး - Fortune စာရင်းဝင် ကုမ္ပဏီ ၅၀၀ တို့၏ CEO များ၌ လူမည်းလေးဦးသာရှိရာ ဖရေဇီယာသည် တစ်ဦးအပါအဝင်ဖြစ်သည်။
(၂) ကိုရိုနာဗိုင်းရပ်စ်က လုပ်ငန်းများ၏ အနာဂတ်ကို ပြန်လည်ရေးသားနှင့်ခဲ့ပြီး ဖြစ်သည့်အကြောင်း - မတ်လတွင် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု အလျင်အမြန် မြင့်တက်လာစဉ် Harvard Business School ၏ ပညာရှင်များက ကပ်ရောဂါအနေဖြင့် လုပ်ငန်းကျင့်ထုံးများ ပြောင်းလဲလာနိုင်ပုံအကြောင်း ဆွေးနွေးထားခြင်း ဖြစ်သည်။
(၃) ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း စီမံခန့်ခွဲမှုဆိုင်ရာ ခေါင်းဆောင်မှု သဘောတရားစည်းမျဉ်း ခုနစ်ရပ် - အကျပ်အတည်းကို ကျော်လွှားနိုင်ရန် စီမံခန့်ခွဲနေရသည့် ခေါင်းဆောင်များ အနေဖြင့် ပြောင်မြောက်သည့် အရည်အသွေးများ လိုအပ်ပုံကို ဖော်ပြထားသည်။
(၄) အဘယ့်ကြောင့် ဂျပန်တို့၏ လုပ်ငန်းများက အကျပ်အတည်းများ၌ ရှင်သန်ရေးတွင် တော်လွန်းရသနည်း ဟူသည့် အကြောင်း - ၂၀၁၁ ခုနှစ် ငလျင်နှင့် ဆူနာမီ အပြီးကို သရုပ်ဖော်ပြလျက် ဂျပန်တို့၏ လုပ်ငန်းများ အနေဖြင့် ရေရှည်ရပ်တည်နိုင်ရေးအတွက် တူမတူအောင် ကောင်းမွန်သည့် စွမ်းရည်ရှိပုံကို ဖော်ပြထားသည်။
(၅) အလုပ်ကြိုးစားရုံနှင့် မလုံလောက်ဘဲ အလိုက်သင့်လုပ်ကိုင်နေမှုမှ ခွဲထွက်လျက် ရုပ်ပိုင်း စိတ်ပိုင်းအရ စိန်ခေါ်မှုများအား ရှာဖွေကျော်လွှားပုံ - ဘဝသည် အထူးသဖြင့် လုပ်ငန်းခွင်တွင် မျှတမှုရှိမည် မဟုတ်ကြောင်းနှင့် အခက်အခဲနှင့် အန္တရာယ်များကို အားသာချက်များအဖြစ် ပြောင်းလဲရမည်ဖြစ်ကြောင်း ဖော်ပြလျက် အခက်အခဲများကို ရင်ဆိုင်ရချိန်၌ ထူးကဲသည့် စံတန်ဖိုးများ ထုတ်ဖော်ပြသရပုံကို ရေးသားထားသည်။
(၆) အလုပ် ပို၍ကြာကြာ လုပ်ခြင်းနှင့် အစည်းအဝေးများ တက်ခြင်းတို့က မှန်ကန်ပါသလားဟူသည့် အကြောင်း - နေအိမ်မှ အလုပ်လုပ်ကြရသည့် ဝန်ထမ်းများစွာတို့ အနေဖြင့် မိမိတို့အနေဖြင့် ရုန်းကန်ရတော့မည်ဟု ကြိုတင်အထင် ရောက်နေခဲ့ကြောင်းကို အတည်ပြုသည့် လူပေါင်းသုံးသန်း ပါဝင်သည့် လေ့လာချက်ဖြစ်သည်။
(၇) အဝေးရောက် အလုပ်လုပ်ပုံ စည်းမျဉ်းသစ်များ (ကပ်ရောဂါ Edition) - ဝန်ထမ်းများအနေဖြင့် စည်းမျဉ်းများကို လေ့လာရန် ရုန်းကန်ရပြီး မန်နေဂျာများအနေဖြင့် ၎င်းတို့အား မည်သို့မည်ပုံ ကူညီရမည်ကို စမ်းတဝါးဝါးဖြစ်လျက် အဖွဲ့အစည်းများ အနေဖြင့် အနာဂတ် ရပ်တည်ရေးကို မဖြစ်မနေ မျှော်ကြည့်ကြရသည့် အဝေးရောက် အလုပ်လုပ်ရသော လောကသစ်ကို ကြိုဆိုထားသည်။
(၈) ထိပ်တန်းခေါင်းဆောင်များအဖြစ် ကွဲပြားထင်ရှားလာစေသည့် လက္ခဏာခြောက်ရပ် - Good အဆင့်နှင့် Great အဆင့်ကို ခွဲခြားပေးသည့် ခေါင်းဆောင်မှုဆိုင်ရာ ကျွမ်းကျင်မှုများနှင့် အရည်အသွေးများကို အထူးပြု ဖော်ပြထားသည်။
(၉) COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု ကာလအတွင်း လုပ်ငန်းငယ်များ ရှင်သန်နိုင်ပုံ - COVID-19 ရောဂါက လုပ်ငန်းငယ် အများအပြားကို ကယ်ပါယူပါ အနေအထား ရောက်စေခဲ့ရာ၌ ပျက်သုဉ်းလုနီးပါး လုပ်ငန်းရှင်များ အတွက် လမ်းညွှန်မှုများကို ပေးထားသည်။
(၁၀) ကောင်းသော ခေါင်းဆောင်မှုသည် ကြင်နာခြင်း အပြုအမူ တစ်ရပ်ဖြစ်သည် - ကပ်ရောဂါက ယခင် တစ်ခါမျှ မကြုံဖူးသည့် စိန်ခေါ်မှုမျိုးကို မန်နေဂျာများအား ပေးခဲ့သော်လည်း အားကောင်းသည့် ခေါင်းဆောင်မှုဆိုင်ရာ မဟာဗျူဟာ တစ်ရပ်ဖြင့် ကျော်လွှားနိုင်မည်ဖြစ်ရာ ယင်းမှာ အကြင်နာတရား ထားရှိခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
မည်သို့ပင်ဆိုစေကာမူ HBS Working Knowledge ဝက်ဘ်ဆိုက်တွင် တစ်နှစ်လုံး လူဖတ်အများဆုံး အကြောင်းအရာ ၁၀ ခုကို လေ့လာကြည့်ခြင်းဖြင့် ၂၀၂၀ ပြည့်နှစ်အား လူတို့ အလုပ်လုပ်ပုံနှင့် နေထိုင်ပုံ နည်းလမ်းများကို အခြေခံမှနေ၍ ပြောင်းလဲပစ်ခဲ့ရသည့် ခက်ခဲကျပ်တည်းသော နှစ်တစ်နှစ်အဖြစ် မြင်တွေ့ရမည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
ဒီဇင်ဘာ ၂၇ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်