
Dictionary.com ဝက်ဘ်ဆိုက်သည် ၂၀၂၀ ပြည့်နှစ်ကို အတိုချုပ်ပြနိုင်သည့် တစ်ခုတည်းသော စကားလုံးကို ရွေးချယ်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်သည် ပြည်သူ့ကျန်းမာရေး အကျပ်အတည်း၊ စီးပွားရေးဆုတ်ယုတ်မှု၊ လူမျိုးရေးဆိုင်ရာ မညီမျှမှု၊ ရာသီဥတုဘေး ဒုက္ခများ၊ နိုင်ငံရေးသဘောထားကွဲလွဲမှုများနှင့် အချက်အလက်အမှားများ အကြီးအကျယ် ပျံ့နှံ့နေမှု အစရှိသည်တို့နှင့် ပြည့်နှက်နေသော နှစ်ဖြစ်သည်။ ယင်းတို့အနက် Dictionary.com ဝက်ဘ်ဆိုက်က ၂၀၂၀ ပြည့်နှစ် တစ်နှစ်လုံး ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာအားလုံးနှင့် ပတ်သက်နေသည့် အရာသာမက ကြီးမားလှသည့် အချိုးအကွေ့လည်း ဖြစ်သည့် စကားလုံးကို ၂၀၂၀ ပြည့်နှစ်၏ စကားလုံးအဖြစ် ရွေးချယ်ခဲ့သည်။ ယင်းစကားလုံးမှာ Pandemic (ကပ်ရောဂါ) ဟူသည့် စကားလုံးဖြစ်သည်။
Pandemic ဟူသည် တစ်နိုင်ငံလုံး၊ တိုက်ကြီးတစ်တိုက်လုံး သို့မဟုတ် တစ်ကမ္ဘာလုံးကို ကူးစက်ပျံ့နှံ့သည့် ရောဂါကို ခေါ်ဆိုခြင်းဖြစ်သည်။ သို့သော် ယခုအခါ COVID-19 ကပ်ရောဂါကြောင့် ဆုံးရှုံးလိုက်ရသည့် လူသားတို့၏ အသက်များနှင့် နေထိုင်မှုဘဝများက Pandemic (ကပ်ရောဂါ) ဟူသည့် စကားလုံး၏ အဓိပ္ပာယ်ကို လေးနက်စေခဲ့ပြီ ဖြစ်သည်။ ရောဂါကူးစက်ခံရသူပေါင်း ၈၁ သန်းကျော်သွားရုံမက ကမ္ဘာတစ်ဝန်းလုံး၌ သေဆုံးသူပေါင်း ၁ ဒသမ ၇ သန်းကျော်လာသည့်အပြင် ရောဂါကူးစက်ခံရမှုများက အသစ်အသစ် ပြန်လည်မြင့်တက်လာနေမြဲဖြစ်ဆဲပင်။ ကပ်ရောဂါက သမိုင်းဝင်အတိုင်းအတာမျိုးဖြင့် လူမှုရေးနှင့် စီးပွားရေးတို့ကို နှောင့်ယှက်ဖျက်ဆီးခဲ့သည့်အပြင် စိတ်ခံစားမှုနှင့် စိတ်ပိုင်းဆိုင်ရာတို့ကို ထည့်မတွက်လျှင်ပင် လူ့အဖွဲ့အစည်း၏ ကဏ္ဍအားလုံးကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ထိခိုက်စေခဲ့ပြီးဖြစ်သည်။ လူမျိုးရေးခွဲခြားမှုကြောင့် ဖြစ်ပေါ်သော ဆန္ဒပြပွဲများမှသည် ရွေးကောက်ပွဲများအထိ ၂၀၂၀ ပြည့်နှစ်၏ အဖြစ်အပျက်အများစုကို COVID-19 ကပ်ရောဂါက ပုံသွင်းခဲ့သည်။ ကပ်ရောဂါက ဒုက္ခအကျပ်အတည်းများ ဖြစ်စေခဲ့သည့်တိုင် ရုန်းရင်းကန်ရင်း ရင်ဆိုင်ရင်းဖြင့်ပင် ဒူပေနာပေခံနိုင်မှုနှင့် ကြံရည်ဖန်ရည်ရှိမှုတည်းဟူသော လူသားတို့၏ အကောင်းဆုံးအရည်အသွေးများကို ဖော်ထုတ်နိုင်ခဲ့သေးသည်။
မတ် ၁၁ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရို အက်ဒါနွမ်က COVID-19 ကပ်ရောဂါဖြစ်ပွားကြောင်း ကြေညာခဲ့သည်။ “Pandemic (ကပ်ရောဂါ) ဆိုတဲ့ စကားလုံးဟာ ခပ်ပေါ့ပေါ့ ဒါမှမဟုတ် ဂရုမစိုက်ဘဲ သုံးစွဲလို့ရတာမျိုး မဟုတ်ပါဘူး” ဟု ဆိုကာ တက်ဒရို အက်ဒါနွမ်က အလွန်အရေးပါသော ကြေညာချက်ကို အလွန်အလေးအနက်ပြုခဲ့သည်။ ယင်းနေ့အထိ ကမ္ဘာတစ်လွှားတွင် COVID-19 ကြောင့် သေဆုံးသူပေါင်း ၄,၂၉၁ ဦးသာ ရှိသေးသော်လည်း Dictionary.com ဝက်ဘ်ဆိုက်တွင် Pandemic ဟူသည့် စကားလုံးကို ဝင်ရောက်ရှာဖွေမှုသည် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၃,၅၇၅ ရာခိုင်နှုန်းအထိ တစ်ဟုန်ထိုး မြင့်တက်ခဲ့သည်။ အစိုးရအဖွဲ့များ၏ မိန့်ခွန်းများ နားထောင်စဉ်အတွင်း သို့မဟုတ် မီဒီယာခေါင်းစီးများနှင့်ပတ်သက်၍ နားလည်အောင် ကြိုးစားစဉ်အတွင်း မိမိတို့နှင့် မယဉ်ပါးသောအရာများနှင့်ပတ်သက်၍ ကြိုးပမ်းရာ၌ Pandemic ဟူသည့် စကားလုံးနှင့်အတူ ယင်းနှင့်ဆက်နွှယ်ရာ အခြားစကားရပ်များဖြစ်ကြသော asymptomatic ၊ CDC ၊ coronavirus ၊ furlough ၊ nonessential ၊ quarantine နှင့် sanitizer တို့သည်လည်း အုံနှင့်ကျင်းနှင့် ရှာဖွေမှုကို ခံရလေသည်။
သို့သော် ၂၀၂၀ ပြည့်နှစ်အတွင်း ယင်းကဲ့သို့ စကားလုံးပေါင်းမြောက်မြားစွာကို ရှာဖွေမှုများထဲ၌ Pandemic ဟူသည့် စကားလုံးကို ရှာဖွေမှုသည် အမြင့်ဆုံးအဆင့်၌ ဆက်တိုက်ရပ်တည်ခဲ့သည့်အပြင် တစ်လထက် တစ်လလည်း ပို၍ ပို၍ မြင့်တက်လာရာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက လအလိုက် ပျှမ်းမျှမြင့်တက်မှုသည် ၁,၀၀၀ ရာခိုင်နှုန်း ရှိခဲ့သည်။ ၂၀၂၀ ပြည့်နှစ်အစပိုင်းတွင် မိဘများအနေဖြင့် ယခင်က သမိုင်းစာအုပ်ထဲမှ စကားလုံးကဲ့သို့ ခံစားခဲ့ရသော Pandemic ဟူသည့် စကားလုံးအကြောင်း ထမင်းဝိုင်း၌ ၎င်းတို့၏ ရင်သွေးများကို အလေးအနက်ထား ပြောပြရန် လိုအပ်၍လာသည်မှာ တွေးနေစရာပင် လိုမည်မဟုတ်ပါ။ ၂၀၂၀ ပြည့်နှစ်အကုန်ပိုင်းသို့ ရောက်လာသည့်အချိန်တွင်ကား Pandemic ဟူသည့် စကားလုံးသည် ငြီးငွေ့ဖွယ်ဖြစ်နေလျှင်ပင် လူတို့၏ နေ့စဉ်ပြောဆိုမှုများထဲ၌ အလွန်အမင်း အကျွမ်းတဝင် ဖြစ်၍လာသည် ဆိုသည်မှာလည်း အဆန်းတကြယ် မဟုတ်ပေ။ အမှန်တကယ်၌ Pandemic ဟူသည့် စကားလုံးသည် ဂရိဘာသာစကား Pândemos (pân - All ၊ demos – People) မှ ဆင်းသက်လာခြင်းဖြစ်သည်။ ထို့ကြောင့် Pandemic ဟူသည် လူအားလုံးဟု အဓိပ္ပာယ်ရသည့်အတိုင်း ကပ်ရောဂါက ကမ္ဘာပေါ်ရှိ လူသားအားလုံးအပေါ်၊ လူသားတို့၏ ဘဝမျက်နှာစာအားလုံးနီးပါးအပေါ် သက်ရောက်မှု ရှိသည်ဆိုသည်မှာ သံသယဖြစ်ဖွယ်မရှိပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
ဒီဇင်ဘာ ၂၉ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်