Top News

ပြည်သူများ၏ နေ့စဉ်လူမှုဘဝများ တိုးတက်ထူးခြားမှု ရှိလာအောင် သက်ဆိုင်ရာ ဌာနများနှင့် တာဝန်ရှိသူများကို တိုက်တွန်းသွားမည်ဟု NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ပြောကြား
24htopnews | October 27, 2024 4:13 AM CST

ပြည်သူများ၏ နေ့စဉ်လူမှုဘဝများ တိုးတက်ထူးခြားမှု ရှိလာအောင် သက်ဆိုင်ရာ ဌာနများနှင့် တာဝန်ရှိသူများသို့ တိုက်တွန်းသွားမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က နိုဝင်ဘာ ၅ ရက်က The Daily Eleven သတင်းစာကို ပြောကြားသည်။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အချို့၌ NLD ပါတီအနေဖြင့် ရှုံးနိမ့်ခဲ့သဖြင့် နိုင်ငံရေး ပြုပြင်ပြောင််းလဲမှုများ မည်သို့ဆက်လက် လုပ်ဆောင်သွားမည်ကို မေးမြန်းမှုအပေါ် ၎င်းကထိုသို့ ပြောကြားခြင်းဖြစ်သည်။

“ကျွန်တော်တို့ပါတီ အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် ပြည်သူများ ကျေနပ်အောင် ကြိုးစားဆောင်ရွက် သွားမှာပါ။ လတ်တလော စီးပွားရေး အခြေအနေများအရ ပြည်သူများ၏ နေ့စဉ်လူမှုဘဝများ တိုးတက်ထူးခြားလာအောင် ပညာရေး၊ ကျန်းမာရေးများ တိုးတက်အောင် ဆောင်ရွက်သွားမယ်။ သက်ဆိုင်ရာ ဌာနနှင့် တာဝန်ရှိသူများကိုလည်း တိုက်တွန်းသွားမှာပါ။ ကျန်တဲ့အချိန်တွေမှာလည်း အရင်နဲ့မတူအောင် ကျွန်တော်တို့ ကြိုးစားဆောင်ရွက်သွားမယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ထို့ပြင် ပြည်သူများ လက်ရှိကြုံတွေ့နေရသော စီးပွားရေး၊ နိုင်ငံရေး အကျပ်အတည်းများကိုလည်း ကျော်လွားနိုင်ရန် ပါတီတာဝန်ရှိသူများနှင့် တိုင်ပင်ကာ ဗဟိုကော်မတီ အစည်းအဝေးသို့ တင်ပြဆွေးနွေးမည် ဖြစ်ကြောင်း၊ နိုင်ငံရေးတွင် ပြည်သူများပူးပေါင်း ပါဝင်မှသာ နိုင်ငံတိုးတက်မှု ရှိလာမည်ဖြစ်ကြောင်း၊ ပြည်သူများ အနေဖြင့် နိုင်ငံနှင့်ပြည်သူအကျိုးကို သယ်ပိုးနိုင်သူများကိုသာ ရွေးချယ်တာဝန် မဲပေးအပ်ရန်လိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“နှစ်ပေါင်း ၆၀ လောက် စနစ်ဟောင်းနဲ့ပဲ အသားကျနေတဲ့ ပြည်သူတွေကို ချက်ချင်းပြောင်းလဲဖို့ မလွယ်ကူပါဘူး။ အရင်အစိုးရ အဆက်ဆက်က လုပ်ငန်းတွေ လုပ်ပိုင်ခွင့်တွေကို နားလည်မှုနဲ့ ခွင့်ပြုပေးထားသော်လည်း ကျွန်တော်တို့ပါတီ အစိုးရ လက်ထက်မှာတော့ ဥပဒေအတိုင်းပဲလုပ်တော့ တချို့ပြည်သူတွေက မကြိုက်တာလည်း ပါတယ်။ ပြည်သူလည်း အဆင်ပြေ၊ ဥပဒေနဲ့လည်းညီအောင် ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ်သွားမှာပါ” ဟု ဒေါက်တာမျိုးညွန့်က ဆက်လက် ပြောကြားသည်။

နိုဝင်ဘာ ၃ ရက်က ကျင်းပခဲ့သည့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ် ၁၃ နေရာတွင် NLD ပါတီက ခုနစ်နေရာသာ အနိုင်ရရှိခဲ့ပြီး ခြောက်နေရာ ရှုံးနိမ့်ခဲ့သည်။

“ပါတီတာဝန်ရှိတဲ့ တစ်ယောက်အနေနဲ့ ဘယ်ကျေနပ်မလဲ၊ နိုင်ရင်တော့ အားလုံး နိုင်ချင်တာပေါ့။ ဒါက ကျွန်တော်တို့အတွက် သင်ခန်းစာပါပဲ။ ကျွန်တော်တို့ပါတီ သေချာတည်ဆောက်ဖို့ လိုတယ်ဆိုတာ၊ အားနည်းချက် ရှိတယ်ဆိုတာ ပြတာပေါ့” ဟု NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က နိုဝင်ဘာ ၃ ရက်က သတင်းမီဒီယာများကို ပြောကြားထားသည်။

ယင်းအပြင် အားနည်းချက်များတွင် ကိုယ်စားလှယ်လောင်း၏ အားနည်းချက်ရှိသည် ဆိုပါက ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအား ပြည်သူသဘောကျနိုင်သည့် ကိုယ်စားလှယ်မျိုးအား ရွေးပေးရမည် ဖြစ်ကြောင်း၊ ပါတီစည်းရုံးရေး အားနည်းသည် ဆိုပါက ပါတီကို ပြန်လည် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ပါတီစည်းကမ်းထိန်းသိမ်းရေးများဖြင့် လုပ်ဆောင်နေကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားထားသည်။

 


READ NEXT
Cancel OK