Top News

ပဋိပက္ခ ပြန်လည်ဖြစ်ပွားမည်ကို အပစ်ရပ်စဲရေး ဒေသများမှ ပြည်သူများ စိုးရိမ်ကြောက်လန့်မှုများ ရှိနေကြောင်း အရပ်ဘက်အဖွဲ့အစည်း ခြောက်ခု ပြုစုထားသည့် အစီရင်ခံစာတွင် ဖော်ပြထား
24htopnews | October 27, 2024 4:13 AM CST

ပဋိပက္ခ ပြန်လည်ဖြစ်ပွားမည်ကို အပစ်ရပ်စဲရေး ဒေသများမှ ပြည်သူများ စိုးရိမ်ကြောက်လန့်မှုများ ရှိကြောင်း အရပ်ဘက်အဖွဲ့အစည်း ခြောက်ခု ပြုစုထားသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

အစီရင်ခံစာ ရေးသားသည့် အရပ်ဘက် အဖွဲ့အစည်း ခြောက်ခုမှာ ကရုဏာမစ်ရှင်လူမှုရေးအသင်း (KMSS) ၊ ကရင်ဖွံ့ဖြိုးရေး လူမှုကွန်ရက်၊ ကယားပြည်နယ် ငြိမ်းချမ်းရေးစောင့်ကြည့်လေ့လာရေး ကွန်ရက်၊ မွန်အမျိုးသမီးကွန်ရက်၊ တအာင်း ကျောင်းသားနှင့်လူငယ်များ အစည်းအရုံး၊ ပြေငြိမ်းသုခ လူမှုဖွံ့ဖြိုးရေး အဖွဲ့အစည်းနှင့် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခလေ့လာရေးစင်တာ (CPCS) တို့ဖြစ်သည်။ 

အစီရင်ခံစာ မိတ်ဆက်ပွဲကို  နိုဝင်ဘာ ၈ ရက်က ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်တွင် ပြုလုပ်သည်။ 

၎င်းတို့ ရေးသားထားသော အစီရင်ခံစာ အမည်မှာ “ကျွနု်ပ်တို့ လူမှုအသိုင်းအဝိုင်းတွေကို ပြန်ပေးပါ။ တိုက်ပွဲတွေ ၊ အကြမ်းဖက်မှုတွေ မလိုလားပါ” ဟူ၍ဖြစ်ပြီး ကချင်၊ ကယား၊ ကရင်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မွန်ပြည်နယ်တို့ရှိ အပစ်အခတ် ရပ်စဲထားသော နယ်မြေ ခြောက်ခုအတွင်းရှိ ဒေသခံ ၁၅၃၇ ဦးနှင့် တွေ့ဆုံမေးမြန်းမှုများကို ၂၀၁၇ ခုနှစ် မေလမှ စက်တင်ဘာလအထိ ပြုလုပ်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

သုတေသနအတွက် ရွေးချယ်ထားသော နယ်မြေများ အားလုံးတွင် ဒေသခံ အသိုင်းအဝိုင်းများက ပဋိပက္ခများ ပြန်လည်ဖြစ်ပွားလာမည်နှင့် လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ ထိလွယ်ရှလွယ် ဖြစ်ပေါ်မှုအပေါ် စိုးရိမ်ကြောက်လန့်မှုများကို ထပ်တလဲလဲ ထုတ်ဖော် ပြောဆိုခဲ့ကြကြောင်း၊ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့သော နယ်မြေအများစုသည် လက်နက်ကိုင် ပဋိပက္ခအတွင်း ကျရောက်ခြင်း မရှိသော်လည်း အချို့နေရာများတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း အစီရင်ခံစာ အခန်း (၁) တွင် ပါရှိသည်။ 

ထို့ပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင်  ဒေသခံ လူမှုအသိုင်းအဝိုင်းများက ၎င်းတို့အမြင် သဘောထားများ ဖော်ပြနိုင်ရေး အရေးကြီးကြောင်းနှင့် ပဋိပက္ခ ဖြစ်ပွားနေသော အဖွဲ့များအားလုံး ပါဝင်မှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်မှုရမည်ဟု ထုတ်ဖော်ကြောင်း၊ အစိုးရအနေဖြင့် NCA တွင် လက်နက်ကိုင်အဖွဲ့ အားလုံးကို ပါဝင်ခွင့်ပြုသင့်သည်ဟု ဒေသခံ လူထုများက တောင်းဆိုကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

ထို့အတူ ပြည်နယ်များတွင် ဆေးရုံများ နှင့် စာသင်ကျောင်းများ ကဲ့သို့သော လူမှုရေး ဝန်ဆောင်မှုများ ပိုမိုတိုးတက်လာရန်  လိုအပ်နေကြောင်းကို ဒေသခံ လူမှုအသိုင်းအဝိုင်းများက ထုတ်ဖော်ပြောဆိုကြကြောင်း၊  မူးယစ်ဆေးဝါး အသုံးပြုခြင်းနှင့် မူးယစ်ဆေးဝါးများ ဖောခြင်းသောခြင်း ရရှိခြင်းသည် ပြည်နယ် အားလုံးရှိ ဒေသခံ လူမှုအသိုင်းအဝိုင်းများအတွက် ဆက်လက် ကြုံတွေ့နေရသည့် စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။ ဆက်လက်၍ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်းနှင့် သဘာဝသယံဇာတ ထုတ်ယူသော ကုမ္ပဏီများကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်ခြင်းတို့သည် နောက်ထပ် အရေးကြီးသည့် စိန်ခေါ်မှုများဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

ထို့နောက် ဒေသခံ အသိုင်းအဝိုင်းများသည် ၎င်းတို့မြို့နယ်များနှင့် ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျှော်လင့်ကြကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်လိုပါက လက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်တို့အကြား ညီညွတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ရှိရမည်ဟု ဒေသခံများက ယုံကြည်ကြကြောင်း၊ ၎င်းတို့ဒေသအတွင်း သဘာဝသယံဇာတများ၏ အကျိုးခံစားနိုင်ရေး၊ လယ်ယာစိုက်ပျိုးရေး နှင့် စားကျက်မြေအဖြစ် အသုံးပြုရန်အတွက် တစ်နေ့နေ့တွင် မြေယာပိုင်ဆိုင်ခွင့် ရရှိလိုသည်ဟု ပြောဆိုကြကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။ 

အစိုးရနှင့် တပ်မတော်သည် နိုင်ငံအဝှမ်း ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် ဘုံမျှော်မှန်းချက် ရရှိရန် ကြိုးပမ်းသင့်ကြောင်း၊ အစိုးရသည် မတရားအသင်း ဆက်သွယ်ခြင်း အက်ဥပဒေကို ပြင်ဆင်ရန် စဉ်းစားသင့်ကြောင်း၊ အစိုးရနှင့် လက်နက်ကိုင် အဖွဲ့အစည်းများသည် လူထုအခြေပြု အဖွဲ့အစည်းများ၊ လူမှုအသိုင်းအဝန်းများနှင့် သတင်းအချက်အလက်များ မျှဝေရန် လိုအပ်ကြောင်း၊ အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လူမှုအသိုင်းအဝန်း၏ အမြင်၊ သဘောထားနှင့် အသံများ ထည့်သွင်းနိုင်သော နည်းလမ်းများရှာဖွေရန် လိုအပ်ကြောင်း အစိုးရအား အကြံပြုချက်တွင် ဖော်ပြထားသည်။ 

ထို့နောက် ပဋိပက္ခတွင် ပါဝင်သော လက်နက်ကိုင် အဖွဲ့အစည်း အားလုံးသည် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်များကို ကြိုးစားစောင့်ထိန်းရန်နှင့် ၎င်းတို့ အဖွဲ့အစည်းများနှင့် လူမှုအသိုင်းအဝန်းများအကြား ယုံကြည်မှု ဆက်လက် တည်ဆောက်ရန် ကြိုးစားရန် အရေးကြီးကြောင်း၊ လက်နက်ကိုင် ပုဂ္ဂိုလ်များသည် မြန်မာနိုင်ငံ မြောက်ဘက် ပြည်နယ်များတွင် စစ်ရေးလှုပ်ရှားမှုများ လျှော့ချရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ခိုင်မာသော သန္နိဋ္ဌာန်ထားရှိမှုကို ပြသရန် လိုအပ်ကြောင်း၊ တပ်မတော်သည် လူမှုအသိုင်းအဝန်းများအတွင်း နားလည်မှု လွဲမှားခြင်းများကို ရှင်းလင်းရန်အတွက် အစိုးရနှင့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း ၎င်း၏ အခန်းကဏ္ဍကို ရှင်းရှင်းလင်းလင်း ဖြစ်ရန် လိုအပ်ကြောင်း၊ တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့အစည်းများသည် လက်နက်ကိုင်များက ဒေသခံပြည်သူများအပေါ် ကောက်ယူသည့် တရားမဝင် အခွန်ကောက်ယူခြင်းကို လျှော့ချခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းများ ပြုလုပ်ရန် လိုအပ်ကြောင်း တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား အကြံပြုချက်တွင် ရေးသားထားသည်။

အစီရင်ခံစာ ရေးသားခြင်း ရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေသော ညှိနှိုင်းဆွေးနွေးသူများ အပါအဝင် အဆုံးအဖြတ်ပေးနိုင်သည့် ခေါင်းဆောင်များ နှင့် အခြားအရေးကြီး ပါဝင်သင့်သူများထံ ဒေသခံ အသိုင်းအဝိုင်းများ၏ အတွေ့အကြုံ များ တင်ပြခြင်းဖြင့် ဒေသခံတို့၏ ဖွင့်ဟသံများ မြှင့်တင်နိုင်စေရန်ဟူ၍ ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။    


READ NEXT
Cancel OK