Top News

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း မြန်မာနိုင်ငံအနောက်မြောက်ပိုင်းတွင် ခရစ်ယာန်ဘုရားကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းများအပါအဝင် အရပ်သားနေအိမ် ၁၉၀၀၀ ကျော် ဖျက်ဆီးခံရ
24htopnews | October 26, 2024 5:12 PM CST

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း မြန်မာနိုင်ငံအနောက်မြောက်ပိုင်းတွင် ခရစ်ယာန်ဘုရားကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းများအပါအဝင် အရပ်သားနေအိမ် ၁၉၀၀၀ ကျော် ဖျက်ဆီးခံရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA Myanmar) က ထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံအနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့တွင် တိုက်ပွဲများ ပြင်းထန်လာခြင်းအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအများအပြား၌ လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း ဖော်ပြထားသည်။

ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာ ၁၂ ရွာမှ လူပေါင်း ၅၄၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဇွန်လလယ်က စတင်၍ တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမြို့နယ်မှ လူ ၃၀၀၀ ကျော်မှာလည်း အနီးနားရှိ သစ်တောများနှင့် ဘေးကင်းလုံခြုံရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း OCHA Myanmar က ထုတ်ပြန်သည်။

ကယားပြည်နယ်တွင် ပြည်တွင်းနေရပ် စွန့်ခွာပြည်သူ ၄၀၀၀ ကျော်မှာ လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်များရှိ ၎င်းတို့၏မူလနေရပ်များကို ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း OCHA Myanmar က ဆိုသည်။

ဇွန် ၂၇ ရက်အထိ ကုလသမဂ္ဂကိန်းဂဏန်းများအရ  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း ဖြစ်ပေါ်လာသည့် လက်နက်ကိုင်ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၇၅၈၀၀၀ အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းတွင် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ စုစုပေါင်း တစ်သန်းကျော် ရှိလာပြီဖြစ်ကြောင်း သိရသည်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှ စတင်ပြီး မြန်မာနိုင်ငံအနောက်မြောက်ပိုင်း တနံတလျားတွင်  ခရစ်ယာန်ဘုရားကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းများအပါအဝင် အရပ်သားနေအိမ်အနည်းဆုံး ၁၉၃၅၀ လုံး ဖျက်ဆီးခံခဲ့ရကြောင်း ဖော်ပြပါရှိသည်။   


READ NEXT
Cancel OK