
ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်၊ သြစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်တို့ကို မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် စွဲချက်တင်ထားသည့် အမှုနှင့်ပတ်သက် ယခင်စစ်ဆေးနေသည့် ခရိုင်တရားသူကြီး ခွင့်ယူထားသဖြင့် တရားသူကြီး အသစ်တစ်ဦးမှ အမှုအား လက်ခံစစ်ဆေးသွားမည်ဖြစ်ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။
ဇူလိုင် ၂၁ ရက်က နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးတွင် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃(၁)(ဂ)ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်၊ သြစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်တို့ကို ရုံးထုတ်ခဲ့သော်လည်း ဝန်ကြီးဟောင်း ဦးစိုးဝင်းသည် ကျန်းမာရေးအရ အာမခံရရှိထားခြင်းကြောင့် ရုံးရှေ့သို့ လာရောက်ခဲ့ခြင်းရှိ၊ မရှိ သိရှိရခြင်း မရှိပေ။
အထက်ပါအမှုနှင့်ပတ်သက်၍ ယခင်က တာဝန်ယူ စစ်ဆေးခဲ့သည့် ဒက္ခိဏခရိုင်တရားသူကြီးသည် ကျန်းမာရေးအရ ခွင့်ယူထားသည့်အတွက် တရားသူကြီး အသစ်တစ်ဦးမှ အမှုအား လက်ခံစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည် ရုံးချိန်းများက ခရိုင်တရားသူကြီး ကျန်းမာရေးအရ ခွင့်ယူထားခြင်းကြောင့် အမှုအား စစ်ဆေးခြင်းမရှိဘဲ ရုံးချိန်းသာ ပြန်လည်ချိန်းဆိုနေသော်လည်း တရားသူကြီး အသစ်တစ်ဦးအား အစားထိုးလိုက်ခြင်းကြောင့် လာမည့်ရုံးချိန်းမှစတင်၍ အမှုအား ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအမှုတွင် သြစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ်တို့ မူရင်းစွဲဆိုထားသည် မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃(၁)(ဂ)ဖြင့် စွဲချက်တင်ထားပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးဟောင်း သုံးဦးအား ပုဒ်မ ၃(၁)(ဂ)/၉ ဖြင့် စွဲချက်ထားကြောင်းနှင့် ယနေ့ရုံးချိန်းတွင် စစ်ဆေးရန် ကျန်ရှိနေသော ပြန်ခေါ်သက်သေ ရဲအရာရှိကြီးတစ်ဦးအား စစ်ဆေးရန် ချိန်းဆိုထားခြင်းဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင် နှင့် သြစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ်တို့ကို ရဲမှူးအောင်မျိုးလွင်က တရားလိုပြုလုပ်၍ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ပုဒ်မ ၃(၁)(ဂ)/၉ သည် အားပေးကူညီမှုဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ)ဖြင့် တရားစွဲဆိုခြင်း ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင် နှင့် သြစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ်တို့ကို ဇူလိုင် ၂၈ ရက်တွင် ထပ်မံရုံးထုတ်စစ်ဆေးရန် ချိန်းဆိုထားကြောင်း သိရသည်။
မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃(၁)တွင် " မည်သူမဆို နိုင်ငံတော်လုံခြုံရေးကိုဖြစ်စေ၊ နိုင်ငံအကျိုးကိုဖြစ်စေ ထိခိုက်စေသော ရည်ရွက်ချက်ဖြင့်" ဟု ဖော်ပြထားပြီး ပုဒ်မ(ဂ)တွင် "ရန်သူအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အသုံးဝင်စေရန် ကြံရွယ်၍ အစိုးရ လျှို့ဝှက်သင်္ကေတ(Code)၊ ကင်းစကားဝှက်(Password)၊ ပုံကြမ်း၊ အစီအစဉ်၊ နမူနာပုံစံ၊ ဆောင်းပါး၊ မှတ်စု သို့မဟုတ် အခြားစာရွက်စာတမ်း အမှတ်အသား သို့မဟုတ် သတင်းကို ရယူခြင်း၊ စုဆောင်းခြင်း၊ ရေးမှတ်ခြင်းပြုလျှင် သို့မဟုတ် သူတစ်ပါးဆက်သွယ်သိရှိစေလျှင် လည်းကောင်း"၊ " ထိုပြစ်မှုသည် တပ်မတော်လုပ်ငန်း၊ လက်နက်တိုက်၊ ကြည်းတပ်၊ ရေတပ်၊ လေတပ် တည်ရှိရာ၊ ချထားရာနေရာတစ်ခုခု၊ ကြည်းတပ်၊ ရေတပ်၊ လေတပ်ဆိုင်ရာ မိုင်း၊ မိုင်းတွင်း၊ အလုပ်ရုံ၊ သင်္ဘောကျင်း၊ စခန်း၊ သင်္ဘောနှင့် လေယာဉ်တစ်ခုခုနှင့်သက်ဆိုင်လျှင် ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခြင်း ခံရမည်။ အခြားပြစ်မှုနှင့် သက်ဆိုင်လျှင် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်ခြင်း ခံရမည်" ဟု ပြဌာန်းထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်