
မြန်မာနိုင်ငံ၏ ကန့်ကွက်လွှာအား အပြည်ပြည်ဆိုရာတရားရုံး(ICJ) က ပယ်ချခဲ့မှုအပေါ် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်ကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ယနေ့(ဇူလိုင် ၂၃ ရက်)တွင် ကြေညာသည်။
မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ်ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် တရားစွဲဆိုခဲ့ ခြင်းနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံးက မြန်မာနိုင်ငံက တင်သွင်းခဲ့သည့် ကနဦးကန့်ကွက်လွှာကို ပယ်ချကြောင်း ဆုံးဖြတ်ချက်ကို ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အနေဖြင့် မှတ်သားထားရှိကြောင်း ဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံးသို့ တင်ပြထားသည့်အမှုကိစ္စ နှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံးက စီရင်ခွင့်မရှိကြောင်း၊ ဂမ်ဘီယာနိုင်ငံသည် တရားစွဲဆိုပိုင်ခွင့်မရှိကြောင်း ကနဦးကန့်ကွက်လွှာ (Preliminary objections) အချက်လေး ချက်အား မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံးသို့ တင်သွင်းခဲ့ကြောင်း၊ ပထမကန့်ကွက်လွှာအနေဖြင့် ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (The Organization of Islamic Cooperation – the OIC) အတွက် အမည်ခံ၍ ဤအမှုကိစ္စကို တရားစွဲဆိုတင်သွင်းခဲ့ခြင်း ဖြစ်သဖြင့် အမှုအသွားအလာအားလုံး၏ အမှန်စင်စစ် တရားစွဲဆိုသည့် တရားလိုသည် နိုင်ငံတကာအဖွဲ့အစည်းဖြစ်သော အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖြစ်ကြောင်း၊ ဒုတိယကန့်ကွက်လွှာအနေဖြင့် ဂမ်ဘီယာနိုင်ငံအနေဖြင့် ၁၉၄၈ ခုနှစ် လူမျိုး သုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ်၏ အပိုဒ် ၉ အရ နစ်နာသည့်နိုင်ငံ မဟုတ်သည့်အတွက် အမှုကို တရားစွဲဆိုနိုင်သည့် အနေအထားမရှိကြောင်း မြန်မာနိုင်ငံဘက်မှ တင်ပြခဲ့ခြင်းဖြစ်သည်။
ထို့ပြင် တတိယကန့်ကွက်လွှာအနေဖြင့် မြန်မာနိုင်ငံက စာချုပ်၏ အပိုဒ် ၈ ကို ခြွင်းချက် ပြုထားခြင်းကြောင့် ဂမ်ဘီယာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် တရားစွဲဆိုခြင်း မပြုနိုင်ကြောင်းနှင့် စတုတ္ထကန့်ကွက်လွှာအနေဖြင့် မြန်မာနိုင်ငံနှင့် ဂမ်ဘီယာနိုင်ငံ နှစ်နိုင်ငံကြား တွင် အငြင်းပွားမှု တစ်စုံတစ်ရာ မရှိသည့်အတွက် ၎င်း၏လျှောက်ထားချက်ကို အပြည်ပြည်ဆိုင်ရာတရားရုံးအနေဖြင့် လက်မခံသင့်ကြောင်း စသည်တို့ကို မြန်မာနိုင်ငံဘက်မှ တင်သွင်းခဲ့ခြင်းဖြစ်သည်။
ထိုသို့ မြန်မာနိုင်ငံ၏ ကနဦးကန့်ကွက်လွှာနှင့် ပတ်သက်သည့် ကြားနာမှုကို နယ်သာလန် နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ၏ ကိုယ်စားလှယ် (Agent) ဖြစ်သော အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့် အလှည့်ကျ ကိုယ်စားလှယ် (Alternate Agent) ဖြစ်သော ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များက နိုင်ငံတကာရှေ့နေများနှင့်အတူ တက်ရောက်ချေပ လျှောက်လဲခဲ့ကြောင်းသိရသည်။
ထို့အတူမြန်မာနိုင်ငံ၏ ကနဦးကန့်ကွက်လွှာသည် ဥပဒေကြောင်းအရလည်းကောင်း၊ အချက် အလက်ကြောင်းအရလည်းကောင်း ပြည်စုံခိုင်လုံမှုရှိသည်ဟု ယုံကြည်ကြောင်း၊ အပြည်ပြည် ဆိုင်ရာတရားရုံး၏ တရားသူကြီးတစ်ဦးဖြစ်သူ Judge Xue Hanqin က အပြည်ပြည်ဆိုင်ရာ တရားရုံးက တရားစီရင်ခွင့်ရှိကြောင်းနှင့် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခွင့်ရှိကြောင်း ဆုံးဖြတ်ချက်ကို ကန့်ကွက်မဲပေးခဲ့ပြီး ကွဲလွဲသည့် သုံးသပ်ဆုံးဖြတ်ချက်ကို တင်သွင်းခဲ့သည် ကိုလည်း မြန်မာနိုင်ငံအနေဖြင့် မှတ်သားမိကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။
အလားတူ မြန်မာနိုင်ငံအနေဖြင့် မိမိတင်သွင်းခဲ့သည့် ကနဦး ကန့်ကွက်ချက်များကို အပြည်ပြည်ဆိုင်ရာတရားရုံးက ပယ်ချခဲ့သည်ကို စိတ်ပျက်မိကြောင်း၊ ထို့အတူ တရားရုံးအနေဖြင့် အဆိုပါကိစ္စရပ်အပေါ် အဆုံးအဖြတ်ပေးခဲ့ပြီး ဖြစ်သည်ကို မြန်မာနိုင်ငံအနေဖြင့် မှတ်သားထားရှိကြောင်း၊ ထိုဆုံးဖြတ်ချက်သည် အပြည်ပြည်ဆိုင်ရာ ဥပဒေ၏ အရင်းအမြစ်ဖြစ်သွားမည်ဖြစ်သကဲ့သို့ နောင်လာမည့်အမှုများအတွက် သာဓကအမှု ဖြစ်သွားမည်ကိုလည်း မြန်မာနိုင်ငံအနေဖြင့် သတိပြုမိကြောင်းလည်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။
မြန်မာနိုင်ငံအနေဖြင့် စာချုပ်ကို လက်ခံအတည်ပြုစဉ်က ကြေညာခဲ့သည့် ရပ်တည်ချက်ကို ထပ်လောင်းအတည်ပြုပြီး၊ စာချုပ်တွင် ပါရှိသော ကတိကဝတ်များကို မည်သည့်အခါမျှ ဖောက်ဖျက်ကျူးလွန်ခြင်းမရှိဘဲ လေးစားလိုက်နာလျက်ရှိကြောင်းနှင့် တစ်ချိန်တည်းတွင် မိမိ နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် အစွမ်းကုန်ကြိုးပမ်းလျက် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက် သည်ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်