
ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ၁၀၂၂ တပ်ရင်းမှူးနှင့် တပ်နယ် (၄) တပ်မှူး ဖြစ်သူ ဗိုလ်မှူးစောမုတ်သုန်သည် နယ်ခြားစောင့်တပ် (BGF) မှ နုတ်ထွက်စာတင်ထားကြောင်း သိရသည်။
မြဝတီနယ်စပ်တွင် လက်ရှိဖြစ်ပေါ်နေသည့် အနေအထားအရ ဗိုလ်မှူးစောမုတ်သုန်ကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်က နုတ်ထွက်စာတင်ခိုင်းသဖြင့် နုတ်ထွက်ခြင်းဖြစ်သည်ဟု ကရင်ပြည်နယ် နယ်ခြားစောင့်တပ်မှ အရာရှိတစ်ဦးက ပြောကြားသည်။
“ ဟုတ်ပါတယ်။ မနေ့က နုတ်ထွက်စာ တင်လိုက်တယ်လို့ သိရပါတယ်။ အရှေ့တောင် တိုင်းက မကြာခဏဖိအားပေးနေလို့ ဗိုလ်မှူးစောမုတ်သုန်က သွားပြီးထွက်စာတင်လိုက်တာဖြစ်မယ်” ဟု နယ်ခြားစောင့်တပ်မှ အမည်မဖော်လိုသူ တပ်မှူးတစ်ဦးက ပြောကြားသည်။
ဗိုလ်မှူးစောမုတ်သုန်ကဲ့သို့ပင်အခြား တပ်မှူးအချို့ကိုလည်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ လာရောက်ကာ မိမိဆန္ဒသဘောထားများဖြင့် နုတ်ထွက်ရန် ဖိအားပေးမှုများ ရှိနေကြောင်းလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
ယခုကဲ့သို့ ဗိုလ်မှူးစောမုတ်သုန် နုတ်ထွက်သွားခြင်းသည် ကရင်ပြည်နယ်အတွင်း နယ်ခြားစောင့်တပ်မှ စီစဉ်ဆောင်ရွက်နေသော ရွှေကုက္ကိုမြို့သစ်စီမံကိန်းကိစ္စ၊ လောင်းကစားရုံကိစ္စများဖြင့်ဆက်စပ်နိုင်ပြီး ကရင်ပြည်နယ် နယ်ခြားစောင့်တပ် အထွေအထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူနှင့် တပ်နယ် (၂) မှ ဗိုလ်မှူးစောတင်ဝင်းတို့ကိုလည်း နုတ်ထွက်စာတင်ရန် ဖိအားပေးမှုရှိနေကြောင်း အမည်မဖော်လိုသူ BGF အရာရှိတစ်ဦးက ပြောကြားသည်။
ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့သည် ယခင် ၁၉၉၄ခုနှစ်က DKBA အဖြစ် KNU မှခွဲထွက်လာပြီး ၂၀၁၀ ခုနှစ်တွင် တပ်မတော်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်လာသည့်တပ်ဖွဲ့ဖြစ်သည်။
လက်ရှိတွင် မြဝတီမြို့တွင်း၊ မြို့ပြင်နေရာများတွင် တပ်မတော်က လုံခြုံရေးရယူထားကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ မကျေလည်မှုများနှင့် ဒေသတွင်းမတည်ငြိမ်မှုများ ဖြစ်မည်ကိုဒေသခံများက စိုးရိမ်လျက် ရှိကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်