Top News

ရန်ကုန်တိုင်းအတွင်း ရွေးကောက်ပွဲကုန်ကျစရိတ် မတင်သွင်းသည့် ကိုယ်စားလှယ်လောင်း ၂၀ ခန့်ရှိ
24htopnews | October 24, 2024 4:13 AM CST

ရန်ကုန်တိုင်းတွင် သတ်မှတ်ရက်အတွင်း ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းခြင်းမရှိသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၀ ခန့်ရှိကြောင်း ကော်မရှင်အဖွဲ့ခွဲအသီးသီးမှ သတင်းရရှိသည်။

ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းရမည့် နောက်ဆုံးရက်ဖြစ်သော ဒီဇင်ဘာ ၁၄ ရက်အထိ ရရှိထားသည့်စာရင်းများအရ အရှေ့ပိုင်းခရိုင်နှင့် တောင်ပိုင်းခရိုင်တို့တွင် ယှဉ်ပြိုင်ခဲ့သူအချို့ အသုံးစရိတ် လာရောက် မတင်သွင်းခြင်း ဖြစ်သည်။

“ အဲဒါတွေကို ကျွန်တော်တို့အကြောင်းကြားတယ်။ အချိန်မီလာရောက်တင်ပေးပါ ဆိုပြီးတော့ သူတို့ ကိုယ်တိုင်က မတင်တော့ပါဘူးပြောတယ်။ ဒါပေမဲ့ အနှစ်မချုပ်ရသေးဘူး။ အများကြီးမဟုတ်ဘူး။ ရှစ်ယောက်လောက်ပဲရှိတယ်” ဟု ရန်ကုန်တိုင်းအရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာကျော်စိုးဝင်းက ဒီဇင်ဘာ ၁၅ ရက်တွင် ပြောကြားသည်။

စာရင်းချုပ်ဆဲဖြစ်၍ ရွေးကောက်ပွဲ ကုန်ကျစရိတ် မတင်သွင်းသူများမှာ မည်သည့်ပါတီမှဖြစ်သည်ကို ပြောကြားနိုင်ခြင်း မရှိသေးဟု ၎င်းက ဆိုသည်။

ရွေးကောက်ပွဲနည်းဥပဒေ ၇၇ အရ ရွေးကောက်ပွဲကုန်ကျစရိတ်ပုံစံ (၂၀) ကို ရွေးကောက်ခံရသူဖြစ်စေ၊ ရွေးကောက်မခံရသူဖြစ်စေ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခဲ့သည့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံ တင်သွင်းရသည်။

ရွေးကောက်ပွဲယှဉ်ပြိုင်ရာတွင် အသုံးပြုခဲ့သည့် စရိတ်များကို တိုင်းဒေသကြီး၊ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲများက အနိုင်ရ ကိုယ်စားလှယ်လောင်း အမည်စာရင်းကြေညာပြီး ရက်ပေါင်း ၃၀ အတွင်း တင်သွင်းရသည်။

ရွေးကောက်ပွဲအနိုင်ရရှိသူများကို နိုဝင်ဘာ ၁၅ ရက်တွင် နောက်ဆုံးကြေညာခဲ့၍ ဒီဇင်ဘာ ၁၄  ရက်မှာ ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းရမည့် နောက်ဆုံးရက်ဖြစ်သည်ဟု တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းလှိုင်က ပြောကြားသည်။

တောင်ပိုင်းခရိုင်အတွင်း ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းခြင်းမရှိသူ ၁၀ ဦးရှိပြီး ၎င်းတို့မှာ ပါတီငယ်အချို့နှင့် တစ်သီးပုဂ္ဂလအချို့ဖြစ်ကြောင်းနှင့် ပါတီကြီးများဖြစ်သည့် NLD ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့၏ ကိုယ်စားလှယ်လောင်းများအားလုံး တင်သွင်းပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ သူတို့က အစတည်းက နောက်ရွေးကောက်ပွဲဝင်ဖို့ ရည်ရွယ်ချက်မရှိလို့နဲ့ တူပါတယ်။ အဲဒါကြောင့် မတင်တာဖြစ်ပါလိမ့်မယ်” ဟု တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းလှိုင်က ပြောကြားသည်။

သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေအရ ရွေးကောက်ပွဲကုန်ကျစရိတ် သတ်မှတ်ရက်အတွင်း တင်သွင်းခြင်းမပြုသူသည် အရည်အချင်းပျက်ယွင်းသူအဖြစ် ကြေညာခံရမည်ဖြစ်ပြီး ယင်းသို့ ကြေညာခံရသူအနေဖြင့် လွှတ်တော်သက်တမ်းအတွင်း ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးမည်ဖြစ်သည်။

ယခင် ၂၀၁၅ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းခြင်းမရှိသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၅၉ ဦး၊ ရွေးကောက်ပွဲကိုယ်စားလှယ် ၂၄ ဦးရှိခဲ့သည်။

ရန်ကုန်တိုင်းအနောက်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင်နှင့် တိုင်းရင်းသားလူမျိုးမဲ ဆန္ဒနယ်တွင် ယှဉ်ပြိုင်ခဲ့ကြသူများ အားလုံး ရွေးကောက်ပွဲကုန်ကျစရိတ် တင်ပြကြသည်ဟု အဆိုပါကော်မရှင်အဖွဲ့ခွဲများမှ သိရသည်။

ရန်ကုန်တိုင်းအတွင်း ကိုယ်စားလှယ်လောင်းအသုံးစရိတ် အများဆုံးအဖြစ် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းအချို့က ကျပ်သိန်း ၉၀ ကျော် သုံးစွဲပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်အချို့လည်း ကျပ်သိန်း ၈၀ ကျော် သုံးစွဲခဲ့ကြောင်း သိရသည်။

Stay at Home ကြေညာထားသည့် ရန်ကုန်တိုင်းအတွင်းရှိ ကိုယ်စားလှယ်လောင်းအများစု၏  ရွေးကောက်ပွဲအသုံးစရိတ်တွင် အောင်နိုင်ရေးဆိုင်းဘုတ် စိုက်ထူမှုနှင့် ကိုယ်စားလှယ်လောင်း လက်ကမ်းစာစောင် ဝေငှစရိတ်တို့ အများဆုံးတွေ့ရသည်ဟု ခရိုင်ကော်မရှင်အဖွဲ့ခွဲများထံမှ သိရသည်။

မြန်မာနိုင်ငံတွင် အသုံးပြုမှုများပြားသည့် Facebook လူမှုကွန်ရက်တွင် အခကြေးငွေပေးသွင်း၍ ကြော်ငြာမှုကို ပါတီကြီး အချို့မှကိုယ်စားလှယ်လောင်းအချို့၏ ရွေးကောက်ပွဲအသုံးစရိတ်တွင် တွေ့ရကြောင်း သိရသည်။

“Social Media ကနေ Boost လုပ်တာကတော့  ပါတီအားလုံးရယ်လို့တော့ မရှိဘူး။ တချို့ပါတီကြီးတွေပေါ့နော်။ တစ်ခု၊ နှစ်ခု၊ သုံးခုလောက်ပဲရှိတယ်။ အများစုမှာ မပါဘူး။ သူတို့က လူထုတွေနဲ့ စည်းရုံးဟောပြောတွေ မလုပ်ရတဲ့အခါကျတော့ မီဒီယာကနေပဲ Boost လုပ်ရတယ်။ ပြည်သူလူထုနဲ့ Public Talk ပြောတာတွေ ဘာတွေရှိတယ်လေ။ အဲဒါက ပါတီကြီးတချို့က ကိုယ်စားလှယ်လောင်းတချို့ပဲ” ဟု အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရွေးကောက်ပွဲနည်းဥပဒေအရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များအတွက် ရွေးကောက်ပွဲအသုံးစရိတ် ကျပ်သိန်း ၁၀၀ သုံးစွဲခွင့်ပြုပြီး တိုင်းရင်းသား လူမျိုးမဲဆန္ဒနယ်အတွက် ကျပ်သိန်း ၁၅၀ သုံးစွဲခွင့်ရှိသည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပပြီးစီးသည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၅၆၃၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး ရန်ကုန်တိုင်းအတွင်း ရွေးကောက်ပွဲယှဉ်ပြိုင်သူ ၈၀၁ ဦးရှိသည်။


READ NEXT
Cancel OK