
အနာဂတ်ပြည်ထောင်စုအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်ညှိနှိုင်း၍ ဘုံသဘောထားရရှိအောင် လုပ်ဆောင်ရန် ခေါင်းဆောင်သုံးဦး ပါဝင်သောအဖွဲ့ကို ဖွဲ့စည်းထားပြီး အမြန်ဆုံးလုပ်ငန်းစတင်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်က ပြောကြားသည်။
ဒီဇင်ဘာ ၁၂ ရက်က နေပြည်တော်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပါတီဗဟိုရုံးချုပ် (ယာယီ) တွင်ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအပြီးတွင် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် ဆွေးနွေးရန်အတွက် ဖွဲ့စည်းထားသော အဖွဲ့အစည်းနှင့်ပတ်သက်၍ မီဒီယာများမေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဒေါက်တာမျိုးညွန့်က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
“ အမြန်ဆုံး ကျွန်တော်တို့လုပ်ငန်းစပါမယ်။ အဓိက ဘာလုပ်မလဲဆိုရင် ဒီတိုင်းရင်းသားနိုင်ငံရေးပါတီတွေရဲ့ သူတို့ရဲ့လိုချင်တဲ့ သဘောထားကို ကျွန်တော်တို့ အရင်နားထောင်မယ်။ နောက်ပြီးတော့ ညှိနှိုင်းလို့ရတဲ့ နေရာတွေမှာ သူတို့ညှိနှိုင်းပြီးတော့ ဘုံသဘောထားရရှိအောင် လုပ်မယ်။ ရရှိပြီး ကျွန်တော်တို့ အဖွဲ့ချုပ်အလုပ်မှုဆောင်မှာ ပြန်လည်ပြီး ဆွေးနွေးမယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။
တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် ဆွေးနွေးရန်အတွက် ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦးအင်ထုံးခါး နော်ဆမ်တို့ ခေါင်းဆောင်သုံးဦး ဦးဆောင်၍ဆွေးနွေးမည်ဖြစ်ပြီး ၎င်းအဖွဲ့၏ လုပ်ငန်းကို အမြန်ဆုံးစတင်နိုင်ရန် မျှော်လင့်ကြောင်း ဒေါက်တာမျိုးညွန့်က ပြောကြားသည်။
ဒေါက်တာမျိုးညွန့်က “ တိုင်းရင်းသားတွေနဲ့ပတ်သက်လို့တော့ ကျွန်တော်တို့ မူဝါဒက ရှင်းပါတယ်။ ဒါဟာ ကျွန်တော်တို့ နိုင်ငံကို စစ်မှန်တဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပါ။ ဒီနေရာမှာ ကျွန်တော်တို့ အမြဲတမ်းလွဲနေပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီလား၊ ဖက်ဒရယ်ဒီမိုကရေ စီလားဆိုတာ ကျွန်တော်တို့ရည်ရွယ်တဲ့ ပြည်ထောင်စုဟာ ဒီမိုကရေစီအခွင့်အရေးတွေလည်း ရရမယ်။ ဖက်ဒရယ်အရ တန်းတူညီမျှမှုလည်း ရှိရမယ်။ ရှေ့ကရောက်တာ၊ နောက်က ရောက်တာထက် သူ့ရဲ့အရည်အသွေးတွေ ပြည့်စုံဖို့ ပိုအရေးကြီးတယ်လို့ ကျွန်တော်တို့ကတော့ မြင်ပါတယ်” ဟု ပြောကြားသည်။
အဆိုပါ ခေါင်းဆောင်သုံးဦးပါသောအဖွဲ့သည် တိုင်းရင်းသားဒုတိယသမ္မတ ရွေးချယ်မည့်အဖွဲ့ဟုပြော၍ ရနိုင်သလားဟု သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ထိုသို့ပြော၍မရကြောင်း ဒေါက်တာမျိုးညွန့်က ဆိုသည်။
“ အဲဒီလိုတော့ပြောလို့မရပါဘူး။ ကျွန်တော်တို့က တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးတဲ့အခါမှာ လတ်တလော အစိုးရဖွဲ့ရေးဆိုတာထက် အနာဂတ်ပြည်ထောင်စုသစ်ရဲ့ ပုံသဏ္ဌာန်ကို ဘုံသဘောတူညီမှုရအောင် လုပ်တာဖြစ်ပါတယ်။ သို့သော် တိုင်းရင်းသားနိုင်ငံရေးပါတီတွေက တင်ပြလာတဲ့ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရမှာ ပါဝင်သင့်တဲ့ လူတွေ သူတို့တင်ပြလာမယ် ဆိုရင်လည်း ဒါကျွန်တော်တို့ ထည့်သွင်းစဉ်းစားရမယ်။ ပြန်လည်ညှိနှိုင်းရမယ်၊ ဒါတော့ ရှိပါတယ်။ တစ်ခါတည်းတော့ ပယ်ချမှာ မဟုတ်ပါဘူး” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။
နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စဆိုသည့် ခေါင်းစဉ်ဖြင့် NLD ပါတီက တိုင်းရင်းသားပါတီ ၄၈ ပါတီထံ အိတ်ပေးစာတစ်စောင်ကို နိုဝင်ဘာ ၁၁ ရက်စွဲဖြင့် ပေးပို့ခဲ့ပြီး လက်ရှိတွင် ပါတီအချို့က အကြောင်းပြန်စာများ ပြန်လည်ပေးပို့လျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်