
ပြည်သူ့စစ်အဖွဲ့များကို နိုင်ငံတစ်နိုင်ငံ၏ ကာကွယ်ရေးမူဝါဒအရ ဆက်လက်ဖွဲ့စည်း ထားရှိခြင်းဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောကြားသည်။
နေပြည်တော်၌ စက်တင်ဘာ ၁၁ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် ပေါင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်း မေးမြန်းသော တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ ကျေးရွာများတွင် ပြည်သူ့စစ်များကို မည်သည့်အတွက်ကြောင့် ထားရှိပြီး ပြည်သူ့စစ်များ၏ လုပ်ဆောင်ချက်များနှင့် ပြည်သူ့စစ်အဖွဲ့များကို မည်သည့်ဌာန အဖွဲ့အစည်းက တာဝန်ခံမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းကို ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
“လွှတ်တော်ကိုယ်စားလှယ်တော်ကြီး မေးမြန်းတဲ့ ငြိမ်းချမ်းတဲ့ နယ်မြေတွေမှာ ဖွဲ့ဖို့လိုသလား ဆိုတာဟာ နိုင်ငံတော်ရဲ့ ကာကွယ်ရေး မူဝါဒဆိုတာ နိုင်ငံတိုင်းမှာ ရှိပါတယ်။ ငြိမ်းချမ်းစဉ်မှာ ဘယ်လိုဖွဲ့မယ်။ နောက်တစ်ခါ ရေရှည်ရည်မှန်းချက် အတွက်ဆိုရင် ပြည်သူ့စစ် မဟာဗျူဟာ အကောင်အထည်ဖော်မှုဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာလည်း ပြဆိုထားပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ကာကွယ်ရေး မူဝါဒအရ ဆက်လက် ဖွဲ့စည်းထားရှိခြင်းပဲ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောကြားသည်။
ပြည်သူ့စစ်အဖွဲ့ဝင်များသည် အေးချမ်းသည့်အချိန်၌ နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းများတွင် ကုန်ထုတ်လုပ်ရေးအင်အား လူမှုရေးအင်အားများဖြစ်ပြီး မြို့နယ်ကျေးရွာများ၌ လုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက် နေကြသူများဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပ စစ်မက်အရေးအခင်းများနှင့် ရင်ဆိုင်ရချိန်တွင် တပ်မတော်နှင့် လက်တွဲ၍ စစ်ရေးအင်အားအဖြစ် ရပ်တည်သွားရမည့် တိုက်ခိုက်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး အင်အားများလည်း ဖြစ်ကြောင်း၊ ပြည်သူ့စစ် ဖွဲ့စည်းမှုသည် စစ်မက်အရေးအခင်းများ ပေါ်ပေါက်မှသာ အရေးပေါ် ဖွဲ့စည်းရသည့် အဖွဲ့အစည်းမျိုး မဟုတ်ဘဲ အမျိုးသား ကာကွယ်ရေးသည် အစဉ်ထိန်းသိမ်းရသည့် အချိန်မရွေး အသင့်ဖြစ်နေစေရန် အစဉ်လေ့ကျင့်ထားရသော အဖွဲ့အစည်း ဖြစ်ကြောင်းနှင့် တပ်မတော်၏ ကြီးကြပ်ကွပ်ကွဲမှုဖြင့် တိုင်းစစ်ဌာနချုပ် နယ်မြေများတွင် ရပ်ကွက်ကျေးရွာ၊ စက်ရုံအလုပ်ရုံ လုပ်ငန်းခွင် စသည့် အချက်အခြာကျသော နေရာများတွင် စစ်ရေးလိုအပ်ချက်အရ ပြည်သူ့စစ်ဌာနအဖွဲ့များ ဖွဲ့စည်းထားရှိကြောင်း ၎င်းကပြောကြားသည်။
ပြည်သူ့စစ်ဌာန အဖွဲ့များအား တပ်မတော် (ကြည်း၊ရေ၊လေ) တပ်ရင်းတပ်ဖွဲ့များမှ ဖွဲ့စည်းရေး၊ လေ့ကျင့်ရေး၊ လက်နက်တပ်ဆင်ရေးနှင့် တာဝန်ခွဲဝေ သတ်မှတ်ပေးရေး အပိုင်းတို့ကို တာဝန်ယူ ဆောင်ရွက်လျက် ရှိသည့်အပြင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များက နယ်မြေအလိုက် ဖွဲ့စည်းထားသော ပြည်သူ့စစ် အဖွဲ့များအား ကြီးကြပ်ကွပ်ကွဲပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရေးက ကြီးကြပ်ကွပ်ကဲ လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။
“မြန်မာနိုင်ငံ အတွင်းရှိ ပြည်သူ့စစ်များကို ပြည်သူ့ကောင်စီလက်ထက် ၁၉၇၆ -၇၇ ခုနှစ်မှာ စတင်ဖွဲ့စည်း ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအချိန်တုန်းက ကျေးရွာနယ်မြေတွေမှာ လုံခြုံရေးအတွက် ပြည်သူ့စစ်များဖွဲ့ကာ တာဝန်ယူ ထားရှိခဲ့ရပါတယ်။ ၎င်းပြည်သူ့စစ်များ ထားရှိရတဲ့ ရည်ရွယ်ချက်ကို ယခုမျက်မှောက်ကာလ လူငယ်တွေမှာ ရှင်းရှင်းလင်းလင်း မသိရှိကြတော့ပါဘူး။ ကျွန်မတို့က ကျေးရွာမှာ ကြီးပြင်းခဲ့တဲ့အတွက် သိရသလောက်ကတော့ ယခင်တုန်းက လက်နက်ကိုင်ဆူပူတဲ့ ကာလတုန်းက မငြိမ်းချမ်းတဲ့ နယ်မြေတွေကို လုံခြုံရေးအတွက် ပြည်သူ့စစ်ကို ထားရှိခဲ့တယ်လို့ သိရပါတယ်။ ပင်လယ်နဲ့ ထိစပ်တဲ့ ဒေသနယ်နိမိတ်နဲ့ ထိစပ်တဲ့ ဒေသတွေအတွက် ထားရှိရပါတယ်။ ယခုနောက်ပိုင်းမှာတော့ ငြိမ်းချမ်းတဲ့ နယ်မြေတွေမှာလည်း ပြည်သူ့စစ်တွေ ဆက်လက်ပြီးတော့ ရှိနေသလို ရဲစခန်းတွေရှိတဲ့ ကျေးရွာတွေမှာလည်း ပြည်သူ့စစ်တပ်ဖွဲ့တွေ တွဲဘက်ထားတာကို တွေ့ရပါတယ်။ တစ်နိုင်ငံလုံးအနေနဲ့ ပြည်သူ့စစ်အဖွဲ့ပေါင်း ၆၀၅၀ ရှိပြီးတော့ တစ်ဖွဲ့မှာ အနည်းဆုံး ၂၀ ဦးမှ ၆၀ ဦး ဖွဲ့စည်းဖို့ ခွင့်ပြုထားပါတယ်။ ကျွန်မတို့ ပေါင်မြို့နယ်မှာ ပြည်သူ့စစ်အဖွဲ့ရှိတဲ့ ရွာပေါင်း ၄၅ ရွာရှိပါတယ်။ တပ်ဖွဲ့ဝင် ၁၁၂၆ ဦးရှိပြီး လက်နက်ကိုင်ခွင့် ပြုထားတဲ့ ကျေးရွာ ၂၈ ရွာရှိပါတယ်။ လက်နက် ၄၆ လက် ကျည်ဆံ ၇၅၁၃ တောင့် ခွင့်ပြုထားပါတယ်။ ဒါကတော့ အညိုရောင်နယ်မြေ မဟုတ်တဲ့ မော်လမြိုင်နဲ့ ဆက်စပ်နေတဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။ ပြည်သူ့စစ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေထဲမှာ တွေ့ရတာတော့ ပြည်သူတွေနဲ့အတူ ပြည်သူတို့ရဲ့ အသက်အိုးအိမ်ကို ကာကွယ်ရမယ်လို့ ဆိုထားပါတယ်။ လက်ရှိမှာတော့ ကျွန်မတို့ ကြားသိနေရတဲ့ ပြည်သူ့စစ်တွေရဲ့ ရှမ်းပြည်နယ် တောင်ပိုင်းတွေမှာ မူးယစ်ဆေးဝါးတွေ ဖမ်းမိတာ၊ နယ်စပ်တွေမှာ အများအားဖြင့် သစ်မှောင်ခိုတွေ ခိုးထုတ်တာတို့ ပင်လယ်နဲ့ ထိစပ်တဲ့ ကျေးရွာတွေမှာ သစ်တွေကို မှောင်ခိုခိုးထုတ်နေတာ ပြည်သူ့စစ်တွေပဲ ဖြစ်ပါတယ်” ဟု မေးခွန်းရှင် ဒေါ်မိကွန်ချမ်းကပြော ကြားသည်။
ဆက်လက်၍ ပြည်သူ့စစ်အဖွဲ့ကို လက်နက်သာမက အာဏာပါ လုပ်ပိုင်ခွင့်များ ပေးထားမည် ဆိုပါက အချိန်အခါမရွေး လူမှုရေး ပဋိပက္ခများ ဖြစ်လာနိုင်ကြောင်းနှင့် အာဏာအလွဲသုံးစား မှုများလည်း ပြုလုပ်လာသည်ကို တွေ့ရကြောင်း ၎င်းက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်