
တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ အလေးထား ဆွေးနွေးကြမည့် အစိုးရနှင့် မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ လေးဖွဲ့တို့၏ တွေ့ဆုံပွဲကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ပြုလုပ်ရန် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်က စက်တင်ဘာ ၉ ရက်တွင် မြောက်ပိုင်းမဟာမိတ် အဖွဲ့များထံ အကြောင်းကြားစာ ပေးပို့ခဲ့ပြီး တွေ့ဆုံမည့်ရက် နီးကပ်မှသာ နေရာသိရမည်ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးဆန်းအောင်က ပြောကြားသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံ မြို့တွင် သြဂုတ် ၃၁ ရက်က အစိုးရ၏ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) နှင့် မြောက်ပိုင်း မဟာမိတ်လေးဖွဲ့တို့ တွေ့ဆုံဆွေးနွေး ခဲ့ကြပြီး ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ယခုလ ၁၆ ရက်နှင့် ၁၇ ရက်တွင် နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံရန် သဘောတူညီမှု ရရှိခဲ့ကာ တွေ့ဆုံဆွေးနွေးမည့် နေရာကိုမူ နှစ်ဖက်ပြန်လည် ညှိနှိုင်းရန် သဘောထား ရှိခဲ့ကြသည်။
မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဖြစ်ကြသည့် ကချင်အဖွဲ့ (KIA)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA) နှင့် ရခိုင်အဖွဲ့ (AA) တို့ Bilateral လက်မှတ် ရေးထိုးရေးအတွက် အစိုးရနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ယခုတစ်ကြိမ် တွေ့ဆုံမှုတွင် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးရန်အတွက် တပ်မတော် ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ဆွေးနွေးပေးရန် မြောက်ပိုင်းလေးဖွဲ့က သြဂုတ် ၃၁ ရက် ဆွေးနွေးပွဲတွင် တောင်းဆိုခဲ့ကြောင်း အစိုးရဘက်က ပြောကြားထားသည်။
ထို့ကြောင့် ယခုတစ်ကြိမ် အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့တို့၏ တွေ့ဆုံဆွေးနွေးမှုတွင် တပ်မတော် ကိုယ်စားလှယ်များ ပါဝင်လာမည် ဖြစ်သည့်အတွက် တပ်မတော် ကိုယ်စားလှယ်များ သွားလာရေး အဆင်ပြေစေရန် အစိုးရဘက်က တွေ့ဆုံဆွေးနွေးပွဲအား ကျိုင်းတုံမြို့တွင် ဆက်လက်ပြုလုပ်ရန် အဆိုပြုခဲ့ခြင်း ဖြစ်သည်။
“အခု အထိတော့ မသိရသေးဘူး။ အရင်ကတော့ တွေ့ဆုံပွဲနီးမှ ရက်သိရတာပဲ။ အခုလည်း တွေ့ဆုံမယ့်ရက် နီးကပ်မှပဲ သိရမှာပဲ။ ၁၄ ရက်၊ ၁၅ ရက်လောက်မှ သိရမှာ” ဟု PCG အဖွဲ့ဝင် ဦးဆန်းအောင်က ပြောကြားသည်။
ငြိမ်းချမ်းရေး ကော်မရှင် ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့မှ ကိုယ်စားလှယ်များသည် ၂၀၁၉ ခုနှစ်၊ သြဂုတ် ၃၁ ရက်တွင် ကျိုင်းတုံမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ထိုတွေ့ဆုံဆွေးနွေးပွဲမှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ (၁၆-၁၇) ရက် တွင် ထပ်မံတွေ့ဆုံ ဆွေးနွေးကြရန် သဘောတူခဲ့ကြောင်း ၊ ငြိမ်းချမ်းရေး ကော်မရှင်အနေဖြင့် အဆိုပါ ထပ်မံတွေ့ဆုံ ဆွေးနွေးပွဲကို ယခင်အတိုင်း ကျိုင်းတုံမြို့တွင် ပြုလုပ်နိုင်ရေး အဆိုပြုကြောင်း စက်တင်ဘာ ၉ ရက်တွင် ပေးပို့ခဲ့သည့် ငြိမ်းချမ်းရေး ကော်မရှင်၏ ဖိတ်ကြားစာတွင် ဖော်ပြထားသည်။
ထို့ကြောင့် အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာ (၁၆-၁၇) ရက် နံနက် ၁၀ နာရီတွင် ကျိုင်းတုံမြို့၊ ကျိုင်းတုံဟိုတယ်တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းလေးဖွဲ့မှ အဆင့်မြင့် ကိုယ်စားလှယ်များ တက်ရောက်ရန် ဖိတ်ကြားကြောင်း ငြိမ်းချမ်းရေး ကော်မရှင်က စာပေးပို့ခဲ့သည်။
“တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်ကတော့ အဆုံးအဖြတ်ပေးနိုင်တဲ့ အဆင်မြင့် ပုဂ္ဂိုလ်တွေ ပါပါတယ်။ အစိုးရဘက်ကတော့ အရင်တစ်ခေါက်ကတော့ အဆုံးအဖြတ် ပေးနိုင်တဲ့ ပုဂ္ဂိုလ်မပါဘူး။ အခုတော့ ဘယ်လိုလာမလဲ မသိသေးဘူ။ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကတော့ အရင်ကတည်းက ပါပါတယ်” ဟု ဦးဆန်းအောင်က ပြောကြားသည်။
စက်တင်ဘာ (၁၆-၁၇) ရက် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ရန် လာရောက်မည့် ခရီးစဉ်အရ မိုင်းလား-ကျိုင်းတုံ ယာဉ်တန်းလုံခြုံရေး၊ လမ်းကြောင်းလုံခြုံရေးနှင့် လုံခြုံရေးကိစ္စအဝဝအတွက် အပြည့်အဝ တာဝန်ယူကြောင်း မြောက်ပိုင်းမဟာမိတ် လေးဖွဲ့ထံ ပေးပို့ခဲ့သည့် ငြိမ်းချမ်းရေး ကော်မရှင်၏ ဖိတ်ကြားစာတွင် ဖော်ပြခဲ့သည်။
ထို့ပြင် KIA၊ TNLA၊ MNDAA၊ AA တို့အနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ခရီးလမ်းတွင် အတူပါဝင် လာနိုင်ရေး အောင်မြင်စွာ တွေ့ဆုံညှိနှိုင်း ဆွေးနွေးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည် ဟုလည်း ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက လက်မှတ်ရေးထိုးကာ မြောက်ပိုင်းမဟာမိတ် လေးဖွဲ့ထံ ဖိတ်ကြားစာ ပေးပို့ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်