
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများ ပြန်လည် စတင်နိုင်ရေးဆွေးနွေးမည့် အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့တို့၏ တွေ့ဆုံပွဲကို ယနေ့ (စက်တင်ဘာ ၁၀ ရက်) တွင် ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာန (NRPC) တွင် ပြုလုပ်မည်ဖြစ်သည်။
အစိုးရနှင့်တွေ့ဆုံရာတွင် ဆွေးနွေးမည့် အကြောင်းအရာများနှင့် ပတ်သက်၍ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ကြိုတင်ညှိနှိုင်းအစည်းအဝေးအား ရန်ကုန်မြို့ ဖိုးစိန်လမ်း ရှိ Green Hill ဟိုတယ်တွင် စက်တင်ဘာ ၇ ရက်မှ ၉ ရက်အထိ သုံးရက်ကြာ ပြုလုပ်ခဲ့သည်။
ယခုပြုလုပ်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးပွဲတွင် အစိုးရ၏ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များ ဆက်လက်ဖော်ဆောင် နိုင်ရေးဆိုင်ရာ အဆိုပြုချက်လေးချက်နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၏ NCA အကောင်အထည် ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် အဆိုပြုချက် စသည့် နှစ်ဖက်အဆိုပြုချက်များအပေါ် ဆွေးနွေးသွားရန်ရှိကြောင်း NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၏ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက စက်တင်ဘာ ၇ ရက် ညှိနှိုင်းရေးအစည်းအဝေး ပထမနေ့တွင် ပြောကြားထားသည်။
စက်တင်ဘာ ၁၀ ရက်မှ ၁၁ ရက်အထိ နှစ်ရက်တာပြုလုပ်မည့် အစိုးရနှင့် NCA ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တွေ့ဆုံဆွေးနွေးပွဲမှတစ်ဆင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် ဆွေးနွေးရေးလမ်းကြောင်းများ ဆက်သွားရန် လမ်းပွင့်သွားမည်ဖြစ်ကြောင်း အဆိုပါ ညှိ နှိုင်းအစည်းအဝေး ပထမနေ့တွင် ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားခဲ့သည်။
အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန်အတွက် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဘက်က ကြို တင်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သကဲ့သို့ အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့ကလည်း စက်တင်ဘာ ၉ ရက်တွင် ရန်ကုန်မြို့ရှိ NRPC ရုံး၌ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ယခုအစည်းအဝေးမတိုင်မီ ရန်ကုန်မြို့ ရှိ NRPC ရုံး၌ပင် စက်တင်ဘာ ၇ ရက်က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးအပြီး ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် စက်တင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်တွင် ပြုလုပ်မည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အစည်းအဝေးအပြီး၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများ ပြန်လည်စတင်နိုင်ဖွယ်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားထားသည်။
၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း က နေပြည်တော်တွင် ပြုလုပ်ခဲ့သော အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ထိုးတိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်း ဆောင်များ၏ သီးသန့်အစည်းအဝေးအပြီး တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) စသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများ မှာ ရပ်ဆိုင်းသွားခဲ့သည်။
ထိုသို့ ငြိမ်းချမ်းရေးလုုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများ ယာယီရပ်ဆိုင်းခဲ့ပြီးနောက် အစိုးရကိုယ်စားလှယ်အဖွဲ့သည် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အလွတ် သဘော တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများ ပြန်လည်စတင်နိုင်ရေးအတွက် အစိုးရဘက်က အဆိုပြုချက် လေးချက်ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထံ အဆိုပြုထားသည်။
NCA အကောင်အထည်ဖော်ရာတွင် အဓိပ္ပာယ်ဖွင့်ဆိုချက်များ သဘောတူညီချက်ရရှိအောင် ဆောင်ရွက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ဖက်ဒရယ်အခြေခံမူများရရှိအောင် ဆောင်ရွက်ရေး၊ ၂၀၂၀ မတိုင်မီနှင့် ၂၀၂၀ အလွန်ကာလတွင် နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေး ဖက်များအကြား နှစ်ဖက်သဘောတူညီချက်များ ရရှိအောင်ဆောင်ရွက်ရေး၊ NCA လက် မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဒေသများတွင် ငြိမ်းချမ်းရေး၏ အသီးအပွင့်များ ခံစားနိုင်ရေးဟူ သောအချက်လေးချက်ကို အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ အဆိုပြုထားခြင်း ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်