Top News

ဂျွန်နီဒပ်အား အသရေဖျက်ခဲ့ကြောင်း စီရင်ချက်ချမှတ်မှုကို အယူခံဝင်ရန်စီစဉ်နေဟု အမ်ဘာဟတ်၏ရှေ့နေ ပြောကြား
24htopnews | October 22, 2024 1:13 PM CST

Aquaman မင်းသမီး အမ်ဘာဟတ်က ၎င်းသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုမှ အသက်ရှင်သန်ခဲ့သူဟု အတည်ပြုပြောကြားနေချိန်တွင် ၎င်းသည် ခင်ပွန်းဟောင်းဖြစ်သူ ဂျွန်နီဒပ်ကို အသရေဖျက်ခဲ့ကြောင်း ဂျူရီလူကြီးအဖွဲ့၏ ဆုံးဖြတ်ချက်ကို အယူခံဝင်သွားမည်ဟု ၎င်း၏ရှေ့နေက ဇွန် ၂ ရက်တွင်ပြောကြားခဲ့သည်။

လူပုဂ္ဂိုလ်ခုနစ်ဦး ပါဝင်သည့် ဂျူရီလူကြီး အဖွဲ့က ဟတ်သည် Pirates of the Caribbean သရုပ်ဆောင် ဒပ်အား အသရေဖျက်ခဲ့ကြောင်းနှင့် နစ်နာကြေး ဒေါ်လာ ၁၀.၃၅ သန်း  ပေးရန် ဇွန် ၁ ရက်တွင် ပြောကြားခဲ့သည်။

အမ်ဘာဟတ်က ဒပ်ကိုစွဲထားသည့် စွဲချက်သုံးခုတွင် တစ်ခုနိုင်သည့်အတွက် နစ်နာကြေး ဒေါ်လာနှစ်သန်း  ပြန်ရမည်ဖြစ်သည်။ 

ဒပ်၏အဖွဲ့သည် ၎င်းရှုံးနိမ့်နိုင်သည့် ဗြိတိန်တွင် အသရေဖျက်မှုဖြစ်စဉ်၌ ခွင့်ပြုထားသော သက်သေအထောက်အထားအများအပြားကို ဖုံးဖိနိုင်ခဲ့ကြောင်း ဟတ်၏ရှေ့နေတစ် ဦးဖြစ်သည့် အီလိန်း ချာလ်ဆန် ဘရတ်ဟော့ က NBC သတင်းဌာန၏ Today Show တွင်ပြောကြားခဲ့သည်။

ထို့ပြင် ဒပ်သည် ၎င်းအား ဇနီးကို ရိုက်နှက်သူဟု ခေါ်ဆိုသမုတ်ထားသည့် The Sun သတင်းစာကိုလည်း တရားစွဲဆိုခဲ့သည်။

လန်ဒန်တရားရုံးချုပ် တရားသူကြီးတစ် ဦးက ဒပ်သည် ဟတ်အားအကြိမ်ပေါင်းဒါဇင်ချီ ညှင်းပန်းနှိပ်စက်ခဲ့ကြောင်း တွေ့ရှိခဲ့သော်လည်း ဗာဂျီးနီးယားတရားရုံးတွင် ကြားနာစစ်ဆေးမှုအတွင်း ဟတ်၏ရှေ့နေများကို ဂျူရီများထံ ပြောကြားခွင့် မပြုထားကြောင်းဘရက် ဟော့က ပြောကြားခဲ့သည်။

“အဲ့တော့ ဒီဖြစ်စဉ်ကနေ ဒပ်ရဲ့အဖွဲ့ဆီက ဘာတွေကို သင်ယူခဲ့ရလဲ။ဟတ်ကို မကောင်းတဲ့မိန်းမအဖြစ် သရုပ်ဖော်ပြီးသက်သေတွေကို ဖုံးဖိထားတာပဲ ဖြစ်ပါတယ်”ဟု ၎င်းကပြောကြားခဲ့သည်။

“ဟတ်ဟာ ဒီနေရာမှာ မကောင်းတဲ့မိန်းမအဖြစ် သရုပ်ဖော်ခံထားရတာပါ။ ဒီတရားရုံးမှာ ခွင့်မပြုသင့်တဲ့ ကိစ္စအများအပြားကိုခွင့်ပြုထားခဲ့ပါတယ်။ ဒါဟာ ဂျူရီလူကြီးတွေကို စိတ်ရှုပ်ထွေးသွားစေပါတယ်”ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ကြားနာမှုအတွင်း ဒပ်က ၎င်းသည်ဟတ်အား ရိုက်နှက်ခြင်း သို့မဟုတ် လိင်ပိုင်းဆိုင်ရာညှင်းပန်းခြင်းမပြုခဲ့ဘဲ ၎င်းတစ်ဦးတည်းကသာ အကြမ်းဖက်ခံရသူဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

ဟတ်က သူသည် ဒပ်အား ရိုက်နှက်ခဲ့ပြီး ယင်းသည် မိမိကိုယ်ကို သို့မဟုတ် ၎င်း၏ ညီမကို ခုခံကာကွယ်ပေးခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။


READ NEXT
Cancel OK