
လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံဟူသည် ပြည်တွင်းပြည်ပ အချုပ်အခြာအာဏာသက်ရောက်မှုရှိခြင်း၊ လူဦးရေ အတည်တကျ ရှိခြင်း၊ အုပ်ချုပ်သည့် အစိုးရရှိခြင်း၊ အခြားသော အချုပ်အခြာအာဏာပိုင်နိုင်ငံများနှင့် ဆက်ဆံနိုင်သည့် အခြေအနေရှိခြင်း စသည့် ဂုဏ်အင်္ဂါများနှင့် ပြည့်စုံသောနိုင်ငံကို ခေါ်ဆိုခြင်းပင် ဖြစ်သည်။ ယေဘုယျအားဖြင့် အခြားနိုင်ငံတစ်ခုအား မှီခိုမနေသော၊ လွှမ်းမိုးခြင်းခံမနေရသော နိုင်ငံကို ခေါ်ဆိုခြင်း ဖြစ်သည်။ အချုပ်အခြာအာဏာပိုင်နိုင်ငံသည် အခြားအချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုကမျှ အသိအမှတ်မပြုဘဲ နိုင်ငံအဖြစ် ရပ်တည်နိုင်သော်လည်း စာချုပ်စာတမ်းများ ချုပ်ဆိုခြင်းနှင့် သံတမန်ဆက်ဆံရေးတို့တွင်မူ အခက်အခဲရှိမည် ဖြစ်သည်။
“ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးရနိုင်လောက်တဲ့ စည်းကမ်းကို ရှိကြပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိရင် လွတ်လပ်ရေးကိုရနိုင်တဲ့ ညီညွတ်မှုကို ထိန်းသိမ်းထားပါ။ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးကို ရနိုင်တဲ့ ထူထောင်မှုကို လုပ်ကြပါ။ အဲဒီလို လုပ်ပြီးတဲ့နောက် ရှေ့ကို လွတ်လပ်ရေး အရသာကို ခံစားစံစားချင်တယ်ဆိုရင် အလုပ်လုပ်ကြဖို့၊ စည်းကမ်းရှိကြဖို့၊ အခုကတည်းက ခင်ဗျားတို့ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ၊ သောက်ကျင့်တွေကို ပြင်ကြဖို့လိုပြီ” ဟု အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးနှင့် ပတ်သက်၍ တိုင်းသူပြည်သားများကို ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်တွင် မြို့တော်ခန်းမ၌ ပြောကြားသော မိန့်ခွန်းမှတစ်ဆင့် တိုက်တွန်းခဲ့သည်။ လွတ်လပ်ရေး၏ ပိသုကာကြီးသည် တိုင်းရင်းသားအားလုံး လွတ်လပ်ရေးကို တန်ဖိုးထားတတ်စေရန် စေတနာထား၍ ပြောကြားခဲ့ခြင်းဖြစ်သည်။
တိုင်းတစ်ပါးသားတို့၏ စိုးမိုးအုပ်ချုပ်မှုအောက်မှ လွတ်မြောက်လာခဲ့သော နိုင်ငံများတွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ ရောက်ရှိသည့်နေ့ကို လွတ်လပ်ရေးနေ့ဟူ၍ အထွတ်အမြတ် သတ်မှတ်ထားကြသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့သည်မှာ ကမ္ဘာသုံးပြက္ခဒိန်အရ ရေတွက်လျှင်၂၀၂၁ နှစ် ဇန်နဝါရီလ ၄ ရက်တွင် သက်တမ်း ၇၃ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် စစ်မှန်သော လွတ်လပ်ရေးကို ရရှိခဲ့ခြင်းဖြစ်သည်။
ခရစ်နှစ် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် (မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက်) တနင်္ဂနွေနေ့သည် မြန်မာနိုင်ငံအနေဖြင့် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံတော်အဖြစ်သို့ ကောင်းစွာရောက်ရှိသောနေ့ ဖြစ်သည်။ ထိုနေ့သည် ပြည်ထောင်စု မြန်မာနိုင်ငံသားများအဖို့ ထူးမြတ်သော နေ့တစ်နေ့ဖြစ်သည့် အားလျော်စွာ မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့ရွာများတွင် ထိုနေ့ကို မှတ်တမ်းတင်သော မော်ကွန်းကျောက်စာတိုင်များ စိုက်ထူကြပြီးလျှင် “ဤသက္ကရာဇ် တစ်ထောင့်သုံးရာကိုး ခုနှစ်၊ ပြာသိုလဆုတ် (၉) ရက်၊ တနင်္ဂနွေနေ့၌ ဤငါတို့ မြန်မာပြည် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတနိုင်ငံတော်ကြီးအဖြစ် ကောင်းစွာ ရောက်သတည်း” ဟု ကမ္ဗည်းထိုးထားကြသည်။
မြန်မာနိုင်ငံအောက်ပိုင်း၌ နှစ်ပေါင်း ၁၀၀ မျှ၊ မြန်မာနိုင်ငံ အထက်ပိုင်း၌ နှစ်ပေါင်း ၆၀ ကျော်မျှ နိုင်ငံခြားသားတို့၏ အချုပ်အချယ်ကို ခံခဲ့ကြရပြီးနောက် မြန်မာခေါင်းဆောင်ကြီးများ၏ အမျိုးမျိုးသော ကြိုးပမ်းမှုတို့ကြောင့် ရရှိခဲ့သော ဤလွတ်လပ်ရေးကို တည်တံ့ခိုင်မြဲစေရန်နှင့် ပြည်ထောင်စုကြီး တိုးတက်ဖွံ့ဖြိုးစေရန်မှာ ပြည်ထောင်စုသား အားလုံး၏ တာဝန်ဖြစ်သည်နှင့်အညီ မမေ့မလျော့ကြစေရန် သတိပေးနှိုးဆော်သည့်အနေဖြင့် နှစ်စဉ်ထိုနေ့တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲများ ဆင်ယင်ကျင်းပကြ၏။ ထိုအထိမ်းအမှတ်ပွဲများတွင် များသောအားဖြင့် လွတ်လပ်ရေး ကျောက်တိုင်၌ စုဝေးကြ၍ ပြည်ထောင်စုတည်မြဲရေး တိုးတက်ရေးကို မမေ့မလျော့ ဆောင်ရွက်ရန် အဓိဋ္ဌာန်များ ပြုလေ့ရှိကြသည်။ ပျော်ပွဲရွှင်ပွဲနှင့် ပြပွဲပြိုင်ပွဲအမျိုးမျိုးကိုလည်း တခမ်းတနား ဆင်ယင်ကျင်းပကြပြီး အစိုးရကလည်း နိုင်ငံ၏တာဝန်ကို ထူးချွန်စွာ ထမ်းဆောင်သူတို့အား ဘွဲ့ထူး ဂုဏ်ထူးနှင့် ဆုလာဘ်များ ပေးအပ်ချီးမြှင့်လေ့ရှိသည်။ (ယခုနှစ်တွင်မူ COVID-19 ကပ်ရောဂါအန္တရာယ်ကြောင့် လွတ်လပ်ရေးနေ့ကို ခမ်းနားစွာ ကျင်းပနိုင်ခြင်း မရှိပါ)။
လွတ်လပ်ရေး ရရှိပြီးသော အချိန်တွင် ပြုလုပ်ရမည့် နိုင်ငံထူထောင်ရေးနှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်တွင် ပြောကြားခဲ့သည့် သူ၏နောက်ဆုံးမိန့်ခွန်းတွင် “လွတ်လပ်ရေး ရတဲ့အခါမှာ ပြန်လည်ထူထောင်ရေး စီမံကိန်းတွေကို အမျိုးမျိုးသော နည်းတွေနဲ့ လုပ်မှ၊ စကားခပ်ရိုင်းရိုင်း ပြောရရင် အတော့်ကိုပြဲအောင် ကုန်းလုပ်နိုင်မှ၊ ရုန်းလုပ်နိုင်မှ အနှစ် ၂၀ လောက်ရှိတဲ့အခါ တော်ကာကျမယ်၊ တခြားလွတ်လပ်တဲ့နိုင်ငံတွေက ခြေလှမ်းတစ်လှမ်း လှမ်းရင် ကျွန်တော်တို့က ခြေလှမ်း လေးငါး ဆယ်လှမ်း လိုက်နိုင်မှ နောင် ၁၀ နှစ်၊ အနှစ် ၂၀ တန်သည်အားဖြင့် တန်းတူညီတူ ဖြစ်သွားမယ်။ တန်းတူညီတူ မဖြစ်သမျှ ကာလပတ်လုံး ဒီတိုင်းပြည်ကြီးဟာ လွတ်လပ်တယ်ဆိုပေမဲ့ ဟိုလူ့မြင်တဲ့အခါ မျက်နှာချိုသွေးရ၊ ဒီလူ့မြင်တဲ့အခါ မျက်နှာချိုသွေးရနဲ့ ဖာသည်လိုနိုင်ငံမျိုး ဖြစ်နေမှာပဲ” ဟု မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး အခြေအနေကို ကြိုတင်မျှော်တွေး ပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေ၊ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် ယခုကဲ့သို့ ၇၃ နှစ် ပြည့်မြောက်ခဲ့ချိန်တွင် ဗိုလ်ချုပ်ပြောခဲ့သကဲ့သို့ “ဟိုလူ့မြင်တဲ့အခါ မျက်နှာချိုသွေးရ၊ ဒီလူ့မြင်တဲ့အခါ မျက်နှာချိုသွေးရ” သည့် နိုင်ငံအဆင့်မှ ရုန်းထွက်နိုင်ပြီလား ဟူသည်ကို လွတ်လပ်ရေးနေ့ အတွေးအဖြစ် ဆန်းစစ်ကြည့်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
ဇန်နဝါရီ ၅ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်