Top News

ပျက်သုန်းလွယ်သည့် နိုင်ငံများ
24htopnews | October 19, 2024 12:12 AM CST

ပျက်သုဉ်းလွယ်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ခြင်းအတွက် နိုင်ငံကို ပျက်သုဉ်းအောင် လုပ်တဲ့ လူတွေမှာ တာဝန်ရှိပါတယ်။ အဲ့ဒီလူတွေကလည်း များသောအားဖြင့် အဲ့ဒီနိုင်ငံက လူတွေပဲ ဖြစ်နေတတ်ပါတယ်။

လက်ခဒါဘရာဟီမီ

အယ်လ်ဂျီးရီးယားနိုင်ငံရေးသမားနှင့် ကုလသမဂ္ဂအထူးသံတမန်ဟောင်း

ကမ္ဘာပေါ်တွင် အားကောင်းမောင်းသန် နိုင်ငံများနှင့် ပျက်သုဉ်းလွယ်သည့် ချည့်နဲ့သောနိုင်ငံများကို နှိုင်းယှဉ်ရာ၌ အလွန်အားနည်းသည့် နိုင်ငံများကို Failed State ဟု လည်းကောင်း၊ Fragile State ဟု လည်းကောင်း ခေါ်ဆိုကြသည်။ ဝေဖန်သူများစွာတို့သည် နိုင်ငံများ သို့မဟုတ် လူ့အဖွဲ့အစည်းများ မှားယွင်းသွားနိုင်သည့် များပြားလှစွာသော နည်းလမ်းများကို စဉ်းစားရာတွင် အမြင်တစ်ခုတည်းမှကြည့်ခြင်းကို အလွန်ထုံအ,သော အမှုဟု သဘောတူကြသည်။ သပွတ်အူဖွဲ့နေသည့် အကြမ်းဖက်မှုများကို မထိန်းချုပ်နိုင်ခြင်းကြောင့် နိုင်ငံများ ချည့်နဲ့သွားနိုင်သကဲ့သို့ တိုင်းရင်းသားလူမျိုးစုတို့အကြား သို့မဟုတ် နိုင်ငံရေးအရ သဘောထားကွဲလွဲသူများအကြား နာကြည်းချက်များကို ပြန်လည်သင့်မြတ်အောင် မပြုလုပ်နိုင်ခြင်းကြောင့်လည်းကောင်း၊ အိမ်နီးချင်းများနှင့် စစ်ဖြစ်နေသောကြောင့် လည်းကောင်း၊ ရာဇဝတ်မှုများနှင့် ဒုစရိုက်လုပ်ငန်းများအတွက် ကောင်းမွန်သည့်နေရာ ဖြစ်နေသောကြောင့်လည်းကောင်း၊ အဂတိလိုက်စားမှုများ အကြီးအကျယ် ဖြစ်ပေါ်နေသောကြောင့်လည်းကောင်း၊ နိုင်ငံသားတို့၏ လူ့အခွင့်အရေးများကို အကြီးအကျယ် ဖိနှိပ်နေသောကြောင့်လည်းကောင်း ပျက်သုဉ်းလွယ်သော နိုင်ငံများအဖြစ်သို့ ဦးတည်သွားတတ်သည်။ အုပ်ချုပ်ရေး၏ မရှိမဖြစ်အရာများကိုပင် စွမ်းဆောင်နိုင်ခြင်း မရှိနိုင်လောက်အောင် နိမ့်ကျည့ံဖျင်းလွန်းသည့် စီးပွားရေးနှင့် နိုင်ငံရေးစနစ်များကြောင့် အင်အားချည့်နဲ့ကာ ပျက်သုဉ်းလွယ်သော နိုင်ငံများအဖြစ်သို့ ကျရောက်သွားတတ်သည်လည်း ရှိသည်။

မည်သို့ပင်ဆိုစေကာမူ ပျက်သုဉ်းလွယ်သော နိုင်ငံများအဖြစ် သတ်မှတ်ရာတွင် ကမ္ဘာ့ဘဏ်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (OECD) တို့၏ အဓိပ္ပာယ်သတ်မှတ်ချက်များအပါအဝင် ဖော်ပြချက်အသီးသီးတို့နှင့် ပတ်သက်၍ နားလည်သဘောပေါက်မှု၌ သဘောထားကွဲလွဲမှုများစွာ ရှိသည်။ ထို့ကြောင့် ပျက်သုဉ်းလွယ်သော နိုင်ငံများဟူ၍ စာရင်းပြုစုခြင်းထက် ပျက်သုဉ်းလွယ်သော စနစ်များအကြောင်း စဉ်းစားရန် လိုလာသည်။ နိုင်ငံအဆင့်၌ ပျက်သုဉ်းလွယ်ခြင်းဟု သတ်မှတ်ရာတွင် ပြဿနာများစွာ ရှိနေသည်။ ပျက်သုဉ်းလွယ်သောနိုင်ငံအဖြစ် သတ်မှတ်ခြင်း၌ ပြောင်းလဲလာသော အခြေအနေရပ်များကို တုံ့ပြန်ရာ၌ အထွေထွေသဘောအရ နှေးကွေးခြင်းနှင့် အချိန်တိုအတွင်း မသိသာလှသော်လည်း အချိန်ကြာလာသည့်နှင့်အမျှ သိသာလာသည့် ပျက်သုဉ်းလွယ်နိုင်မှုကို ထင်ဟပ်ပြနိုင်လောက်အောင် အာဏာရှင်ဆန်သော အများနှင့် ကွဲပြားသော စံများ ဖန်တီးထားခြင်းကို စဉ်းစားရန်လိုသည်။ Fragile State ဟု ကျယ်ပြန့်စွာ အသုံးပြုနေမှုသည် ရှုတ်ချချိုးနှိမ်သည့် သဘောလည်း ဖြစ်နိုင်ပြီး ရှုပ်ထွေးသည့် နိုင်ငံရေးလမ်းကြောင်းတစ်ရပ်ကို လွဲမှားစွာ သတ်မှတ်ခြင်းဆီ ဦးတည်သွားစေနိုင်သည့် မှုန်ဝါးဝါး သို့မဟုတ် ပေါ့ပြက်ပြက် သတ်မှတ်ချက်တစ်ရပ်လည်း ဖြစ်သွားနိုင်သည်။            

နိုင်ငံ၏ နိုင်ငံရေးဆိုင်ရာ ကန့်သတ်ချက်များအတွင်း ၎င်း၏ လူ့အသိုက်အဝန်းများနှင့် လူ့အဖွဲ့အစည်းများက အလွန်ခံနိုင်ရည်ရှိနေသည့် Fragile State ဟု ခေါ်ဆိုခံရသော နိုင်ငံများစွာလည်း ရှိသည်။ တစ်နည်းအားဖြင့်ဆိုသော် အလွန်ဒဏ်ခံနိုင်သော နိုင်ငံများမှ ပျက်သုဉ်းလွယ်သော လူ့အဖွဲ့အစည်းများ ရှိနေခြင်း ဖြစ်သည်။ ယနေ့ခေတ်တွင် လက်တွေ့ လုပ်ဆောင်နေသူများသည် ဖော်ပြပါလက္ခဏာရပ်များထဲမှ တစ်ခု သို့မဟုတ် ယင်းထက်ပိုသော အချက်များနှင့် ကိုက်ညီမှုကို ပျက်သုဉ်းလွယ်သော အခြေအနေတစ်ရပ်ဟု သတ်မှတ်ကြသည်။ ယင်းတို့မှာ ညံ့ဖျင်းသော သို့မဟုတ် နောက်ကျကျန်ရစ်သော ဖွံ့ဖြိုးမှု၊ နိုင်ငံအဆင့် သို့မဟုတ် ဒေသဆိုင်ရာအဆင့်၌ စွမ်းဆောင်ရည်နှင့်/ သို့မဟုတ် အင်စတီကျူးရှင်းများ အားနည်းမှု၊ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု နိမ့်ကျခြင်း သို့မဟုတ် စင်ပြိုင်ဖြစ်နေခြင်း၊ အကြမ်းဖက်မှု သို့မဟုတ် ပဋိပက္ခများ ဖြစ်ပွားနေမှုနှင့်/ သို့မဟုတ် ယင်းတို့၏ဒဏ်များနှင့် နေသားကျနေမှုတို့ ဖြစ်ကြသည်။

ထို့ကြောင့် ပျက်သုဉ်းလွယ်သော နိုင်ငံအဖြစ်သို့ မကျရောက်ရေးအတွက် ပျက်သုဉ်းလွယ်သော စနစ်များနှင့် ပျက်သုဉ်းလွယ်သည့် အနေအထားကို တွန်းပို့နေသည့် သက်ဆိုင်ရာ တာဝန်ရှိသူများအား အချိန်မီ ပြုပြင်ပြောင်းလဲရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇန်နဝါရီ ၆ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်


READ NEXT
Cancel OK