Top News

ကာကွယ်ဆေးနှင့် ဆင်းရဲချို့တဲ့သော နိုင်ငံများ
24htopnews | October 19, 2024 12:12 AM CST

ယခုအထိ လူပေါင်း နှစ်သန်းနီးပါးကို သေဆုံးစေခဲ့ပြီးဖြစ်သော COVID-19 ဗိုင်းရပ်စ်ပိုးတစ်မျိုး ကမ္ဘာတစ်လွှားတွင် စတင်ပျံ့နှံ့ခဲ့ပြီးနောက် တစ်နှစ်ခန့်ကြာချိန်၌ COVID-19 ကာကွယ်ဆေးအများအပြား ထွက်ပေါ်လာပြီဖြစ်သည်။ ကျန်းမာရေးအာဏာပိုင်များကလည်း အရေးပေါ်အသုံးပြုမှုအတွက် ခွင့်ပြုပေးခဲ့ရာ သမိုင်းတွင် ကူးစက်ရောဂါတစ်ခုအတွက် အမြန်ဆုံးထွက်ပေါ်လာသည့် ကာကွယ်ဆေးဖြစ်လာသည်။ (သို့သော် ကာကွယ်ဆေးများအတွက် မေးခွန်းထုတ်စရာကလည်း အများအပြားရှိနေသည်)။ ကာကွယ်ဆေးအသစ်တစ်မျိုးကို သုတေသနပြုလုပ်ခြင်း၊ စမ်းသပ်ခြင်း၊ အတည်ပြုခြင်း၊ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းသည် ဆယ်စုနှစ်တစ်ခု သို့မဟုတ် ယင်းထက်ပို၍ကြာအောင် အချိန်ယူရတတ်သော်လည်း COVID-19 ကာကွယ်ဆေးများ ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် ထွက်ပေါ်လာမှုသည် များပြားလှသော ငွေကြေးပမာဏနှင့် ဘီလျံနှင့်ချီသော ဆေးအလုံးရေကို ကြိုတင်မှာယူထားမှုများက ကျောထောက်နောက်ခံပြု ပေးထားသော အစိုးရနှင့် ပုဂ္ဂလိက သုတေသန မိုးကြိုးစစ်ဆင်ရေးကြီးတစ်ရပ်တို့အား မြင်သာစေသည်။

သို့သော် ကမ္ဘာတစ်ဝန်းရှိ ဆင်းရဲချို့တဲ့သောနိုင်ငံများသည် ၎င်းတို့၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ဇန်နဝါရီလကုန်နှင့် ဖေဖော်ဝါရီလလယ်ပိုင်းကြားတွင် စတင်ရရှိနိုင်လိမ့် မည်ဟုမျှော်မှန်းထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO က ဇန်နဝါရီ ၇ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ကနေဒါနိုင်ငံတို့အပါအဝင် ချမ်းသာသောနိုင်ငံအချို့တွင် ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံမှု စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။ ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ရရှိရေးနှင့် ဖြန့်ချိရေးအစီအစဉ်ဖြစ်သည့် Covax တွင် ဗိုင်းရပ်စ်ကာကွယ်ဆေး နှစ်ဘီလျံ ဖြန့်ချိသွားရန် ကတိကဝတ်ပြုထားပြီး ပထမဆုံး ကာကွယ်ဆေးကို မကြာမီ ရက်သတ္တပတ်များအတွင်း စတင်ဖြန့်ချိသွားမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ ဗိုင်းရပ်စ်ကာကွယ်ဆေး အကြီးအကဲ ကိတ်အိုဘရိုင်ယန်က ပြောကြားခဲ့သည်။

Covax အစီအစဉ်အရ ဝင်ငွေနိမ့်ပါးသည့်နိုင်ငံများနှင့် ဝင်ငွေအလယ်အလတ်ရှိသည့် နိုင်ငံတစ်နိုင်ငံချင်းစီ၏ လူဦးရေ ၂၀ ရာခိုင်နှုန်းအတွက် လုံလောက်သည့် ဗိုင်းရပ်စ်ကာကွယ်ဆေးကို ယခုနှစ်ကုန်မတိုင်မီ ဖြန့်ချိသွားနိုင်ရန် ရည်ရွယ်ထားသည်။ ယင်းအစီအစဉ်ကို WHO၊ Gavi ဗိုင်းရပ်စ်ကာကွယ်ဆေး မိတ်ဖက်အဖွဲ့နှင့် ကပ်ရောဂါ ကြိုတင်ပြင်ဆင်မှု ဆန်းသစ်ပြောင်းလဲခြင်းဆိုင်ရာ ညွန့်ပေါင်းအဖွဲ့CEPI တို့က ပူးတွဲဦးဆောင်ခဲ့ကြသည်။ ဝင်ငွေနိမ့်ကျသည့်အာဖရိကနိုင်ငံများသို့ ဗိုင်းရပ်စ်ကာကွယ်ဆေး မည်ကဲ့သို့ အလျင်အမြန် ပို့ဆောင်မည်နှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ၌ အိုဘရိုင်ယန်က ကာကွယ်ဆေးများကို ဇန်နဝါရီလကုန်တွင် စတင်ပေးပို့သွားမည်ဖြစ်ပြီး ယင်းကဲ့သို့ မဟုတ်လျှင် ဖေဖော်ဝါရီအစောပိုင်းနှင့် လလယ်ခန့်တွင် သေချာသလောက်ရှိသည်ဟု ပြန်လည်ဖြေကြားခဲ့သည်။ “ဗိုင်းရပ်စ်ကာကွယ်ဆေး ဝယ်ယူဖို့မတတ်နိုင်တဲ့ အာဖရိကနဲ့ တောင်အာရှနိုင်ငံ တွေအပြင် တခြားနိုင်ငံပေါင်း ၉၂ နိုင်ငံအတွက် ကာကွယ်ဆေး အမှန်တကယ်ရရှိမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

WHO သည် ဒီဇင်ဘာ ၃၁ ရက်က အမေရိကန်ဆေးကုမ္ပဏီ Pfizer နှင့် တွဲဖက်ဂျာမန်ဆေးကုမ္ပဏီ BioNTech တို့၏ ဗိုင်းရပ်စ်ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် ခွင့်ပြုပေးခဲ့သည်။  လက်ရှိတွင် လူသားများနှင့် စမ်းသပ်ဆဲ ဗိုင်းရပ်စ်ကာကွယ်ဆေး ၆၃ မျိုးရှိပြီး ၂၁ မျိုးမှာ နောက်ဆုံးအဆင့်စမ်းသပ်မှုသို့ ရောက်ရှိနေပြီဖြစ်သည်။ နောက်ထပ်ဗိုင်းရပ်စ်ကာကွယ်ဆေး ၁၇၂ မျိုးရှိပြီး လူသားများနှင့် စမ်းသပ်ရန် တဖြည်းဖြည်း လုပ်ဆောင်နေသည်။ “တခြားဗိုင်းရပ်စ်ကာကွယ်ဆေးတွေရဲ့ အချက်အလက်တွေကို စိစစ်သုံးသပ်နေပြီး လာမယ့်သီတင်းပတ်တွေနဲ့ လာမယ့်လမှာ အရေးပေါ်အသုံးပြုဖို့ ခွင့်ပြုသွားနိုင်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု အိုဘရိုင်ယန်က ဆိုသည်။ “ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံပြီးရင် အချိန်ဘယ်လောက်ကြာကြာ ကာကွယ်နိုင်မယ်ဆိုတာ ပြောနိုင်ဖို့စောလွန်းပါတယ်။ WHO က Pfizer ရဲ့ ကာကွယ်ဆေးတစ်မျိုးတည်းကိုပဲ အပြည့်အဝ စိစစ်ခဲ့ပြီး တခြားကာကွယ်ဆေးထိုးနှံမှုတွေနဲ့ ပတ်သက်ပြီး ထောက်ခံချက် တစ်စုံတစ်ရာနဲ့ အချက်အလက်တွေ မရရှိသေးပါဘူး” ဟု အိုဘရိုင်ယန်က ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ကာကွယ်ဆေးသည်သာ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုကို ရပ်တန့်နိုင်သည့် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်နေသောကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံ့လူဦးရေအားလုံးကို ကာကွယ်ဆေးထိုးနှံပေးရန် ရည်မှန်းချက်ထားရှိသင့်ပါကြောင်း  The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇန်နဝါရီ ၉ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်


READ NEXT
Cancel OK