
ဖေဖော်ဝါရီ ၂၅ ရက်တွင် မြန်မာ့တပ်မတော်နှင့် ဆက်နွှယ်မှုရှိသည့် ကျန်ရှိနေသည့် အကောင့်များအားလုံးကို ပိတ်ပင်ခဲ့သည်ဟု Facebook က ပြောကြားခဲ့ပြီး မြန်မာနိုင်ငံတွင် တပ်မတော်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြသူများကို အသက်အန္တရာယ် ရှိစေနိုင်သည့် အင်အားသုံး ကိုင်တွယ်မှုကို ရည်ညွှန်းဖော်ပြခဲ့သည်။
ယင်းလုပ်ဆောင်ချက်သည် ချက်ချင်း အကျုံးဝင်သက်ရောက်ပြီး တပ်မတော်နှင့် တပ်မတော်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည့် အဖွဲ့အစည်းများကို Facebook နှင့် Instagram မှ ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။
ထို့ပြင် တပ်မတော်နှင့် အဆက်အသွယ်ရှိသည့် စီးပွားရေး အဖွဲ့အစည်းများကိုလည်း Facebook ပေါ်တွင် ကြော်ငြာခွင့် ပိတ်ပင်ခဲ့သည်။
“ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းမှု ဖြစ်ပွားပြီးကတည်းက အသက်အန္တရာယ် ရှိစေလောက်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ အပါအဝင် ဖြစ်စဉ်တွေအရ အခုလို ပိတ်ပင်ဖို့ လိုအပ်တဲ့ အခြေအနေအထိ ရောက်ရှိသွားစေခဲ့ပါတယ်”ဟု Facebook က ထုတ်ပြန်သည့် အစီရင်စာတွင် ဖော်ပြခဲ့သည်။
“Facebook နဲ့ Instagram ပေါ်မှာ တပ်မတော်ကို ခွင့်ပြုထားတာဟာ အရမ်းကို စွန့်စားရာကျတယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ထားပါတယ်”ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
ယခုကဲ့သို့ ပိတ်ပင်မှုသည် မြန်မာ့တပ်မတော် ထိပ်တန်းအရာရှိများအား မိမိတို့၏ ပလက်ဖောင်းကို အလွဲသုံးစား ပြုလုပ်နေမှုမှ တားဆီးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း Facebook က ပြောကြားခဲ့သည်။
တပ်မတော်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အနိုင်ရခဲ့သည့် နိုဝင်ဘာ ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိကြောင်း ၎င်း၏ပြောကြားချက်များကို ပိုမိုပျံ့နှံ့စေရန် Facebook ကို အသုံးပြုခဲ့သည်။
အာဏာသိမ်းယူခဲ့ပြီး နောက်ပိုင်းတွင်လည်း အာဏာသိမ်းမှု ဆန့်ကျင်သည့် ဆန္ဒပြသူ ရာနှင့်ချီကို ဖမ်းဆီးခဲ့ပြီး ညပိုင်းတွင် အင်တာနက်ကို ဖြတ်တောက်ကာ Facebook အပါအဝင် လူမှုမီဒီယာ ပလက်ဖောင်းများ အသုံးပြုမှုကို ပိတ်ပင်ခဲ့သည်။
ဖေဖော်ဝါရီ ၂၁ ရက်ကလည်း Facebook သည် မြန်မာတပ်မတော်၏ ပင်မပေ့ချ် တစ်ခုကို အကြမ်းဖက်လှုံ့ဆော်မှု တားမြစ်ချက်ဟူသော ၎င်းတို့၏ စံနှုန်းကို ချိုးဖောက်မှုကြောင့် ၎င်းတို့၏ ပလက်ဖောင်းမှ ဖယ်ရှားလိုက်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိ တပ်မတော်က ထိန်းချုပ်ထားသည့် အစိုးရရုံးများ၏ Facebook ပေ့ချ်များမှာမူ ပိတ်ပင်ခြင်း မခံရဘဲ ဆက်ရှိနေဆဲ ဖြစ်သည်။
“အခုပိတ်ပင်မှုဟာ မဖြစ်မနေ လိုအပ်တဲ့ အများပြည်သူ ဝန်ဆောင်မှုကို ပေးနေတဲ့ အစိုးရဝန်ကြီးဌာနတွေ၊ အေဂျင်စီတွေနဲ့ သက်ဆိုင်မှုမရှိပါဘူး။ အဲဒီဝန်ကြီးဌာနတွေထဲမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနတွေလည်း ပါဝင်ပါတယ်” ဟု Facebook က ထုတ်ပြန်ခဲ့သည်။
အွန်လိုင်းမှတစ်ဆင့် အမုန်းတရားများ ဖြန့်ချိလှုပ်ရှားမှုကို ထိန်းချုပ်ရန် ပျက်ကွက်ခဲ့ခြင်းအတွက် နိုင်ငံတကာ၏ အပြင်းအထန် ဝေဖန်မှုကိုခံခဲ့ရပြီးနောက် Facebook သည် မကြာသေးမီ နှစ်များအတွင်း တပ်မတော်နှင့် ဆက်နွှယ်မှုရှိသည့် ရာနှင့်ချီသည့် ပေ့ချ်များကို ပိတ်ပင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်