
COVID-19 ရောဂါကြောင့် နိုင်ငံတော် ရငွေများ လျော့နည်းနိုင်သည့်အတွက် နိုင်ငံတော်၏လိုငွေအား ဖြည့်ဆည်းရန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ရယူရန် မေ ၁၈ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်၌ ရှင်းလင်းတင်ပြခဲ့သည်။
COVID-19 ရောဂါကြောင့် ထိခိုက်မှုရှိသည့် IMF လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အတွင်း သုံးလတစ်ကြိမ် ပေးဆောင်ရမည့် ဝင်ငွေခွန်နှင့် လစဉ်ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်များကိုလည်း ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက်အထိ ရွှေ့ဆိုင်းပေးခဲ့ခြင်း၊ ပို့ကုန်လုပ်ငန်းများမှ ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကုန်အထိ ကင်းလွတ်ခွင့်ပေးခဲ့ခြင်း၊ ခေတ္တရပ်နားခဲ့ရသည့် စီးပွားရေးလုပ်ငန်းအချို့တွင် ဝင်ငွေများလျော့နည်းမှုကြောင့် ယင်းတို့အပေါ်ကောက်ခံသည့် ဝင်ငွေများလည်း လျော့နည်းနိုင်မည်ဖြစ်ခြင်း စသည်များကြောင့် နိုင်ငံတော်၏ အခွန်အကောက်ရငွေများအပေါ်တွင် ထိခိုက်မှုရှိနိုင်ကြောင်း ဒုတိယဝန်ကြီးက လွှတ်တော်၌ တင်ပြခဲ့သည်။
“ ကမ္ဘာ့ရေနံစျေးနှုန်း ကျဆင်းမှုကြောင့် သဘာဓာတ်ငွေ့ရောင်းရငွေများလည်း လျော့ကျနိုင်ခြင်းစတဲ့ အချက်များကြောင့် နိုင်ငံတော်ရဲ့ ရငွေများလျော့နည်းနိုင်တဲ့အတွက် နိုင်ငံတော်ရဲ့ လိုငွေအပေါ်မှာ သက်ရောက်မှုများစွာ ရှိလာမှာဖြစ်ပါတယ်။ သို့ဖြစ်ရာ မြင့်တက်လာနိုင်တဲ့ ဘဏ္ဍာရေးလိုငွေကို ဖြည့်ဆည်းရာမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံကနေပြီးတော့ ငွေချေးယူတဲ့နည်းလမ်းနဲ့ များစွာ ဖြည့်ဆည်းရခြင်းမျိုး မဖြစ်စေရန်အတွက် နိုင်ငံတကာ အဖွဲ့အစည်းများထံမှ အတိုးနှုန်း သက်သာတဲ့ချေးငွေ ချေးယူခြင်း နည်းလမ်းဖြင့်လည်း ဖြည့်စည်းပေးဖို့ ရည်ရွယ်ထားပါတယ်။ သို့ဖြစ်ပါ၍ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကို ပြည်ထောင်စု အစိုးရကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ရယူမှာဖြစ်ပြီးတော့ စီမံကိန်းကာလကို တစ်နှစ် သတ်မှတ်ထားပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။
မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အသုံးစရိတ် တိုးမြှင့်သုံးစွဲရခြင်း၊ COVID-19 ကြောင့် လူမှုစီးပွားရေးဆိုင်ရာထိခိုက်မှုများကို ကုစားနိုင်ရန် COVID-19 Economic Relief Plan (CERP) ကို ရေးဆွဲဆောင်ရွက်လျက်ရှိခြင်း၊ နိုင်ငံတော်၏ အခွန်အကောက် ရငွေအပေါ်ထိခိုက်နိုင်ခြင်း၊ သဘာဝဓာတ်ငွေ့ ရောင်းရငွေလျော့ကျနိုင်ခြင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းကို ထိခိုက်နိုင်ခြင်းများကြောင့် ၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းအပေါ် သက်ရောက်မှုများစွာ ရှိလာနိုင်ကြောင်း၊ ယင်းသို့ မြင့်နိုင်လာနိုင်သည့် ဘဏ္ဍာရေးလိုငွေကို ဖြေရှင်းနိုင်ရန် နိုင်ငံတကာအဖွဲ့အစည်းများ ထံမှချေးငွေရယူခြင်း နည်းလမ်းဖြင့်လည်း ဖြည့်ဆည်းမည်ဖြစ်၍ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ Rapid Credit Facility (RCF) နှင့် Rapid Financing Instrument (RFI) ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ရယူမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) ထံမှ ချေးငွေရယူရန် ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားမှုတွင် ဖော်ပြပါရှိသည်။
အပြည် ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ ချေးငွေရယူခြင်းသည် နိုင်ငံတော်၏ လိုငွေကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းနိုင်မည့်အပြင် G-20 က ထုတ်ပြန်ထားသည့် Debt Service Sspension Initiative (DSSi) တွင် ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး DSSI အရ မြန်မာနိုင်ငံက ရယူထားသည့် Bilateral Creditors များသို့ ၂၀၂၀ ပြည့်နှစ် မေလမှ ဒီဇင်ဘာအထိ ပေးဆပ်ရမည့် အရင်း၊ အတိုးများကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုနိုင်ကြောင်းနှင့် ကြွေးမြီများ ရွှေ့ဆိုင်းခြင်းဖြင့် ရှစ်လကာလအတွက် ပေးဆပ်ရမည့်ငွေများအား COVID-19 နှင့်ဆက်စပ်သည့် ကျန်းမာရေးဆိုင်ရာ အသုံးစရိတ်များနှင့် စီးပွားရေးဆိုင်ရာ ဖြေလျော့မှုအတွက် အသုံးစရိတ်များတွင် ကျခံသုံးစွဲနိုင်မည်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတ၏ ပေးပို့မှုတွင် ဖော်ပြပါရှိသည်။
ဒုတိယဝန်ကြီးက “ အဆိုပါ RCF နဲ့ RFI ချေးငွေများဟာ အရေးပေါ်လိုအပ်ချက်အရ ဘဏ္ဍာငွေ ဖြည့်ဆည်းခြင်းဖြစ်သဖြင့် ချေးငွေထုတ်ယူခြင်းကို IMF ဘုတ်အဖွဲ့ အတည်ပြုပြီးသည်နှင့်တစ်ပြိုင်နက် လျှင်မြန်စွာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ လွှတ်တော် အတည်ပြုချက်ရရှိပါက စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့ လက်မှတ်ရေးထိုးထားတဲ့ Letters of Instruments (LOI) ကို IMF ကို ပေးပို့ရမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။
ချေးငွေထုတ်ယူပြီးပါက ချေးငွေသုံးစွဲရေး၊ ပြန်လည်ပေးဆပ်ရေး၊ ချေးငွေအား သုံးစွဲမည့် ငွေစာရင်းခေါင်းစဉ်များသို့ လွှဲပြောင်း ထည့်သွင်းရေး စသည့်ကိစ္စများအတွက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ MOU ရေးထိုး၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။ အဆိုပါချေးငွေနှင့်စပ်လျဉ်း၍ မေ ၂၁ ရက်တွင် ဆွေးနွေးရန် လျာထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်