Top News

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများသို့ KNU ပြန်လည်ပါဝင်လာရေးအတွက် ထဲထဲဝင်ဝင် ပံ့ပိုးကူညီ ဆောင်ရွက်ပေးရန် ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ (KUPC) ဆုံးဖြတ်
24htopnews | October 11, 2024 3:12 AM CST

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများသို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ပြန်လည်ဝင်ရောက် ပါဝင်လာစေရေးအတွက် ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ (KUPC) တွင် ပါဝင်နေကြသော ကရင်အဖွဲ့ အစည်းများ အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ကျရာအခန်းကဏ္ဍမှ ထဲထဲဝင်ဝင် ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားရန် KUPC ၏ (၁၀) ကြိမ်မြောက် အစည်းအဝေးက ဆုံးဖြတ်သည်။

ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ KUPC ၏ (၁၀) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ တနင်္သာရီဟိုတယ်၌ ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးမှ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များအား ဆုံးဖြတ်ချက် ချမှတ်ခဲ့ရာတွင် အထက်ပါ အချက်လည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။

ယခုပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် KUPC မှ အကောင်အထည်ဖော် ဆောင်ရွက်နေသော ကရင်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ဖြစ်စဉ်များအပေါ် ပြန်လှန်သုံးသပ်ခဲ့ကြပြီး ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်ဆွေးနွေးပွဲများမှ ယာယီရပ်ဆိုင်း ထားမှုအပေါ် နားလည်လက်ခံကြောင်းလည်း KUPC က ဖော်ပြခဲ့သည်။

ထို့ပြင် ကရင်တစ်မျိုးသားလုံး ညီလာခံကို ၂၀၁၉ ခုနှစ်အတွင်း ပြုလုပ်နိုင်ရေးအတွက် ကြိုတင်ညှိနှိုင်း အစည်းအဝေး တစ်ရပ်အား ခေါ်ယူကာ တွေ့ဆုံဆွေးနွေး ညှိနှိုင်းသွားရန်၊ KUPC နှင့်  ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးများ အပါအဝင် ကရင်လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်သွားရန်နှင့် ကရင်အမျိုးသားရေးဆိုင်ရာ လုပ်ငန်းများ ဖော်ဆောင်မှု အားကောင်းလာစေရန်အတွက် KUPC နှင့် ကရင် CBOs/COSs  အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ရန်ကိုလည်း ယခုအစည်းအဝေးတွင် သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

ဆက်လက်၍ ကရင်အမျိုးသားတို့၏ ဂုဏ်ဝိသေသ လက္ခဏာများဖြစ်သော စာပေယဉ်ကျေးမှု ထုံးတမ်းဓလေ့များကို ကာကွယ်ထိန်းသိမ်း မြှင့်တင်ရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မှု ပိုမိုအားကောင်းကာ စနစ်တကျ ဖြစ်စေရေးအတွက် ကရင်စာပေ ယဉ်ကျေးမှု ဗဟိုကော်မတီတစ်ရပ်ကို ဖွဲ့စည်းသွားနိုင်ရန် ပြည်နယ်၊ တိုင်းဒေသကြီး ကရင်စာပေ ယဉ်ကျေးမှုကော်မတီများ ပါဝင်သော အစည်းအဝေး တစ်ရပ်ကို ပြုလုပ်ရန်လည်း KUPC ၏ ယခုအစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

လက်ရှိအချိန်တွင် ကရင်အမျိုးသားရေးအတွက် ကရင်လူမျိုး မဟုတ်သော အခြားလူမျိုးများသည် ကရင်လူမျိုးဟု အမည်ခံယူ ဆောင်ရွက်နေခြင်းသည် ကရင်လူမျိုး၏ အကျိုးစီးပွား၊ ယဉ်ကျေးမှုဓလေ့ထုံးစံ၊ ဂုဏ်သိက္ခာကို မြှင့်တင်ဆောင်ရွက် နိုင်လိမ့်မည်ဟု မယုံကြည်သည့်အတွက် ထိုသို့သော လုပ်ရပ်မျိုးကို KUPC က ပြင်းထန်စွာ ကန့်ကွက်တားမြစ်ကြောင်း KUPC ၏ သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

နှစ်ရက်ကြာ ပြုလုပ်ခဲ့သည့် KUPC ၏ ယခုအစည်းအဝေးတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်မှု ဖြစ်စဉ်များ၊ ကရင်အမျိုးသား နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရေးကော်မတီမှ ဆောင်ရွက်နေသော ကရင်အမျိုးသားများ၏ နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ ကိစ္စရပ်များ၊ ကရင်အမျိုးသား စာပေယဉ်ကျေးမှု ဓလေ့ထုံးတမ်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် အခက်အခဲ စိန်ခေါ်မှုများ စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။                   

 


READ NEXT
Cancel OK