
ပဲခူးတိုင်းဒေသကြီးအတွင်း မဲစာရင်း လာရောက်ကြည့်ရှုသည့် မဲဆန္ဒရှင်များ နည်းပါးနေသေးသည့်အတွက် ပြည်သူများအနေဖြင့် မဲစာရင်းကို သွားရောက်ကြည့်ရှုသင့်ကြောင်း နိုင်ငံရေးပါတီများက တိုက်တွန်း ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသော ပြည်သူများစာရင်းကို မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှုးရုံးများတွင် ဇူလိုင် ၂၅ ရက်မှစ၍ စာရင်းထုတ်ပြန်ကြေညာထားပြီး နှစ်ပတ်အတွင်း သွားရောက်ကြည့်ရှု၍ အမည်မပါရှိက ထပ်မံဖြည့်သွင်းပေးနိုင်ရန် ဆောင်ရွက်နေသော်လည်း ယခုအချိန်အထိ မဲပေးခွင့်ရှိသည့်စာရင်းကို လာရောက်ကြည့်ရှုသူ နည်းပါးနေပြီး ပြည်သူများအနေဖြင့် သွားရောက်ကြည့်ရှု၍ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးသင့်ကြောင်း နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူများက တိုက်တွန်းပြောကြားသည်။
“ မဲစာရင်းက ၂၅ ရက်ကနေ ကော်မရှင်ရုံးတွေ ရပ်ကွက်ရုံးတွေမှာ စကပ်တယ်ပေါ့။ အခုဆိုသုံးရက်ရှိပြီ ပြည်သူတွေအနေနဲ့ နိုင်ငံရေးကို ဘာကြောင့်စိတ်ဝင်စားမှု အားနည်းသွားတာလဲဆိုတာ ကျွန်တော်တို့ ထည့်တွက်ရမယ်။ မဲတစ်ပြားဟာ ပြည်သူတွေအနေနဲ့ အရမ်းအရေးကြီးပါတယ်။ ကိုယ်လိုချင်တဲ့အစိုးရကို တင်ချင်လို့ပဲဖြစ်ဖြစ် မလိုချင်တဲ့ အစိုးရကို ဖြုတ်ချလိုလို့ပဲဖြစ်ဖြစ် မဲတစ်ပြားက အရေးကြီးပါတယ်။ ကိုယ်ထည့်လိုက်တဲ့ မဲတစ်ပြားက တိုင်းပြည်ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်လို့ မဲပေးကြပါ။ မဲပေးနိုင်အောင် အရင်မဲစာရင်းသွားကြည့်ပါ။ မပါခဲ့ရင်လည်း ပါအောင်လုပ်ဆောင်ပြီး မဲပေးခြင်းဖြင့် ကိုယ်ကြိုက်တဲ့ပါတီကို ရွေးချယ်ပါလို့ ကျွန်တော်တို့ပါတီအနေနဲ့ ပြောလိုပါတယ်” ဟု ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းမှ ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ကိုမင်းခန့်ကျော်က ပြောကြားသည်။
ထို့အတူ ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် မဲစာရင်းများနှင့်ပတ်သက်၍ အရှုပ်အထွေးအချို့ ရှိခဲ့သည့်အတွက် ပြည်သူများအနေဖြင့် ယင်းဖြစ်စဉ်များကို ဥပမာယူ၍ မဲစာရင်း သွားရောက်ကြည့်ရှုသင့်ကြောင်း ပဲခူးတိုင်းဒေသကြီး UBP ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးသူရိန်က ပြောကြားသည်။
“ မဲစာရင်းမှာပါမှ မဲပေးလို့ရမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ မဲစာရင်းကို သွားကြည့်သင့်ပါတယ်။ ၂၀၁၀ တုန်းက ဖြစ်ခဲ့ပါတယ်။ ရွေးကောက်ပွဲနီးမှ မဲထည့်ချင်စိတ်တွေ ပေါက်ပြီးတော့ မဲထည့်ခါနီးမှ အခက်အခဲတွေ ကြုံတာတွေ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ပါတီတွေအနေနဲ့လည်း ပါတီဝင်တွေကို မဲစာရင်းသွားကြည့်ဖို့ နှိုးဆော်တာတွေ ရှိပါတယ်။ ၂၀၂၀ မှာ လူမှန်နေရာမှန်ဖြစ်ဖို့ မဲစာရင်းအပြင် ပြည်သူတွေကလည်း လူကိုပါကြည့်ပြီး မဲပေးဖို့ ပြောကြားလိုပါတယ်” ဟု ဦးစိုးသူရိန်က ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ယခုနောက်ဆုံးကောက်ယူထားသော စာရင်းများအရ ၂၀၂၀ ရွေးကောက်ပွဲ၌် မဲပေးခွင့်ရှိသူ ၃၈ သိန်းကျော်တွင် ပထမဦးဆုံးအကြိမ်မဲပေးမည့် (အသက် ၁၈ နှစ်ပြည့်သူ) ၄၄၀၀၀၀ ကျော်နှင့် မသန်စွမ်းမဲပေးမည့်သူ ၁၁၀၀၀ ခန့်ပါဝင်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ၃၅ သိန်းကျော် ရှိသာရှိသည့်အတွက် မဲပေးခွင့်ရှိသူ သုံးသိန်းကျော် ပိုများလာကြောင်း ပဲခူးတိုင်းသေကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်