Top News

ငြိမ်းချမ်း​ရေး ​ဆွေး​နွေး​ရေးအဖွဲ့နှင့် KNU/KNLA-PC၊ DKBA ငြိမ်းချမ်း​ရေး ကိုယ်စားလှယ်အဖွဲ့တို့ ​တွေ့ဆုံ​ဆွေး​​နွေး
24htopnews | October 1, 2024 10:12 PM CST

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့သည် နေပြည်​​တော်တွင် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

စက်တင်ဘာ ၁၅ ရက်က နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမတွင် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် KNU/KNLA-PC၊ DKBA ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်​​ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်​​ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်​​ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)စစ်ဦးစီးချုပ် ​​​စောစတီး၊ စစ်ရေးချုပ် စောစိန်ဝင်း၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)မှ ဒုတိယဥက္ကဋ္ဌ ​​ဒေါက်တာနော်ကပေါ်ထူး၊ အထွေထွေအတွင်းရေးမှူးချုပ် စောကျော်ညွှန့်တို့ တက်ရောက်ကြကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုယ်စား ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)စစ်ဦးစီးချုပ် ​​​စောစတီးတို့က နှုတ်ခွန်းဆက်အမှာစကား ပြောကြားကြကြောင်း သိရသည်။

ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါ ဇယား(၁) ပြည်ထောင်စု ဥပဒေပြုစာရင်းနှင့် ဇယား(၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်းတို့နှင့်ပတ်သက်၍ ညှိုနှိုင်းရေးကော်မတီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ကဏ္ဍအလိုက် ရှင်းလင်းတင်ပြပြီး ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ (ဇယား ၂)အား ညှိုနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်က ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ယင်း​​နောက်တွင် တက်ရောက်လာကြသူများမှ မိမိတို့၏ သဘောထားများ၊ လိုလားချက်များကို အပြန်အလှန် ဆွေး​​နွေးညှိုနှိုင်းခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့ကို ရပ်နားခဲ့ကြောင်းနှင့် ဒုတိယနေ့ ဆွေး​​နွေးပွဲကို စက်တင်ဘာ ၁၆ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK