Top News

မြန်မာ-အိန္ဒိယ နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်းများတည်ဆောက်၍ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးအပါအဝင် နှစ်နိုင်ငံလျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး
24htopnews | October 1, 2024 10:12 PM CST

မြန်မာ-အိန္ဒိယနယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်းများတည်ဆောက်၍ လျှပ်စစ်ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးနိုင်ရေးအပါအဝင် နှစ်နိုင်ငံလျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေး မြန်မာ-အိန္ဒိယလျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု စတုတ္ထအကြိမ် ပူးတွဲဦးဆောင်ကော်မတီအစည်းအဝေး (The 4th Meeting of the Joint Steering Committee (JSC) on Myanmar-India Cooperation in Power Sector) ကို စက်တင်ဘာ ၁၇ ရက်က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် အိန္ဒိယနိုင်ငံ Ministry of Power မှ Secretary (Power) ဖြစ်သူ H.E.Mr. Shri Alok Kumar တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ပြီး အဖွင့်အမှာစကားများပြောကြားခဲ့ကာ အစည်းအဝေးသို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr.Shri Vinay Kumar နှင့် သံရုံးတာဝန်ရှိပုဂ္ဂိုလ်များ၊ အိန္ဒိယနိုင်ငံ Ministry of Power၊ Central Electricity Authority နှင့် Ministry of External Affairs တို့မှ တာဝန်ရှိသူများ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိများ တက်ရောက်ဆွေးနွေးပြီး မြန်မာ-အိန္ဒိယလျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ တတိယအကြိမ်နှင့် စတုတ္ထအကြိမ် အစည်းအဝေးများတွင် ဆွေးနွေးညှိနှိုင်းခဲ့သည်များကို အတည်ပြုခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်၏လျှပ်စစ်ကဏ္ဍမြှင့်တင်နိုင်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် ပြည်သူများအတွက် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ပိုမိုဖြည့်ဆည်းပေးနိုင်ရေးနှင့် နိုင်ငံတော်၏လျှပ်စစ်စွမ်းအားဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ စွမ်းရည်မြှင့်တင်နိုင်ရေးတို့ကို ရှေးရှုလျက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များဖြစ်သော နယ်စပ်ဖြတ်ကျော်လျှပ်စစ်ဓာတ်အားလိုင်းများ တည်ဆောက်၍ လျှပ်စစ်ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးနိုင်ရေး၊ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များ (Sustainable Development Goals) ပြည့်မီအောင် အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ နေရောင်ခြည်စွမ်းအင်စီမံကိန်းများ ဆောင်ရွက်ရေး၊ လျှပ်စစ်စွမ်းအင် (Energy Efficiency) မြှင့်တင်အသုံးချနိုင်ရေး၊ ကျေးလက်ဒေသသုံးအသေးစား လျှပ်စစ်ဓာတ်အားစနစ်များ ပိုမိုမြှင့်တင်ဆောင်ရွက်ရေး၊ စွမ်းဆောင်ရည်တည်ဆောက်မြှင့်တင်မှု သင်တန်းများဆိုင်ရာ အစီအမံများနှင့် လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK