
လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန် ဆည်များတည်ဆောက်ထားသော်လည်း လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ ဖျက်ဆီးမှုများကြောင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များ ရှိနေခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
မေ ၂၂ ရက် ပဲခူးမြို့ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းတွေ့ဆုံပွဲတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိမိတို့နိုင်ငံ၏ စီးပွားရေးသည် ၂၀၁၈ ခုနှစ်မှစတင်၍ ကျဆင်းခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်ခဲ့မှုများကြောင့် စီးပွားရေး ပိုမိုကျဆင်းခဲ့ရကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်မှုနှင့် နိုင်ငံရေးပဋိပက္ခများကြောင့် စီးပွားရေးသည် အနုတ်လက္ခဏာ ဖြစ်ခဲ့ကြောင်း ပြောကြားသည်။
ထို့ပြင် MSME လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်ကြမ်းများလိုအပ်ကြောင်း၊ အလားတူ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လျှပ်စစ်ဓာတ်အားများ လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ယခင်ကတည်းက လျှပ်စစ်ဓာတ်အားပေးစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးဖြင့် နှောင့်နှေးခြင်းနှင့် ရပ်တန့်ခဲ့ရမှုများရှိကြောင်း၊ ထို့ကြောင့်လျှပ်စစ်ဓာတ်အားလို အပ်ချက်များ ယခုအချိန်အထိ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရန် ဆည်များတည်ဆောက်ထားသော်လည်း PDF များအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ ဖျက်ဆီးမှုများကို ကြုံတွေ့နေရကြောင်း၊ ထို့ကြောင့်လည်း လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်၍ လိုအပ်ချက်များ ရှိနေခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ထို့ပြင် MSME လုပ်ငန်းများအတွက် လိုအပ်သည့်ရင်းနှီး မတည်ငွေများကို မိမိတို့အနေဖြင့် သတ်မှတ်ချက်များနှင့်အညီ ထုတ်ချေးပေးလျက်ရှိကြောင်း၊ အလားတူစိုက်ပျိုး မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ လုံလောက်စွာ ရရှိစေရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများကို စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် အတန်းပညာတတ်မြောက်မှုများ နည်းပါးနေသေးကြောင်း၊ အတန်းပညာတတ်မြောက်မှသာ အတတ်ပညာများကို သင်ကြားနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နစကဥက္ကဋ္ဌနှင့်အတူ တာဝန်ရှိသူများ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်