Top News

KNU တပ်မဟာ ၃ နယ်မြေ မူးမြို့နယ်တွင် တိုက်ပွဲများကြောင့် ကျေးရွာ ၁၈ ရွာမှ ဒေသခံ ၂၁၀၀၀ ကျော် စစ်ဘေးရှောင်နေရ
24htopnews | September 28, 2024 4:12 PM CST

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ မူးမြို့နယ်တွင် တိုက်ပွဲများကြောင့် ကျေးရွာ ၁၈ ရွာမှ ဒေသခံ ၂၁၀၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

တိုက်ပွဲများကြောင့် ၂၀၂၃ ခုနှစ် မေ ၁၀ ရက်မှစ၍ မူးမြို့နယ်အတွင်းရှိ ညောင်ပင်သာ၊ နောင်ချို၊ ဒိုက်ပုံ၊ မီးတိုင်တော၊ အောင်ချမ်းသာ၊ ကျောင်းစု၊ မြောင်းဦး၊ ရေအိုးစည်၊ ကော့ပြင်း၊ ကျောက်ကန်၊ နောင်ကုန်း၊ တောင်စု၊ စဝေ၊ ကျွန်းတော၊ ညောင်ပင်ဆိပ်၊ မြောင်းရိုးကြီး၊ ရွာဟောင်းနှင့် တပ်ကုန်း စသည့် ကျေးရွာပေါင်း ၁၈ ရွာမှ ဒေသခံ ၂၁၈၈၀ အထိ စစ်ဘေးရှောင်နေရကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

ပြီးခဲ့သည့် မေ ၂၁ ရက်ကလည်း မူးမြို့နယ်၊ နောင်ကုန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် နေအိမ်နှစ်လုံး၊ ထင်းတဲနှင့် ကျေးရွာစာသင်ကျောင်း ပျက်စီးခဲ့ရကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အဆိုပါတိုက်ပွဲဖြစ်ပွားသည့် နောင်ကုန်းကျေးရွာတွင် အိမ်ခြေစုစုပေါင်း ၁၁၇ လုံးရှိပြီး လူဦးရေစုစုပေါင်း ၇၈၂ ဦးရှိကာ လက်ရှိအချိန်အထိ ရွာလုံးကျွတ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။        

ထို့ပြင် မူးမြို့နယ်အတွင်း ၂၀၂၁ ခုနှစ်မှစပြီး လက်ရှိအချိန်အထိ တိုက်ပွဲများကြောင့် အပြီးအပိုင်နေရပ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်ရသည့်ကျေးရွာ အမြောက်အများရှိကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  


READ NEXT
Cancel OK