
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်များကို နိုဝင်ဘာ ၁၄ ရက် ညပိုင်းတွင် ကြေညာပြီးစီးမှုအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က အစိုးရဖွဲ့နိုင်မည့် ကိုယ်စားလှယ်ဦးရေထက် ကျော်လွန်အနိုင်ရရှိကြောင်း သိရသည်။
အစိုးရဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အရေအတွက် ၃၂၂ ဦး လိုအပ်ပြီး NLD ပါတီက ကိုယ်စားလှယ်အရေအတွက် ၃၉၆ ဦး ရရှိခြင်းခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ အခုရရှိတဲ့ ပြည်ထောင်စု လွှတ်တော်အမတ်နေရာ အရေအတွက်အရ ပြည်သူ့လွှတ်တော်က ဒုသမ္မတတစ်ဦး၊ အမျိုးသားလွှတ်တော်က ဒုသမ္မတတစ်ဦး တင်မြှောက်လို့ ရသွားပါပြီ။ အဲဒီတော့ ဒု သမ္မတနှစ်ဦးအထိ တင်မြှောက်ခွင့် ရှိသွားတဲ့ အတွက် သမ္မတကို ကျွန်တော်တို့အဖွဲ့ချုပ်ကပဲ ရွေးချယ်နိုင်တဲ့ အခွင့်အလမ်းရသွားပါပြီ” ဟု NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောကြားသည်။
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် ပြည်ထောင်စုလွှတ်တော် မဲဆန္ဒနယ် ၄၇၆ နေရာအတွက် ရွေးကောက်ပွဲ ကျင်းပရာ NLD ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၅၈ ဦး၊ အမျိုးသားလွှတ်တော် ကိုယ် စားလှယ် ၁၃၈ ဦး စုစုပေါင်း ၃၉၆ ဦးအထိ အနိုင်ရရှိခဲ့သည်။
သမ္မတရွေးချယ် တင်မြှောက်နိုင်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ များကိုလည်း သမ္မတ၏ လုပ်ပိုင်ခွင့်နှင့် ခန့် အပ်၍ရပြီဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်က ပြောကြားသည်။
“ဒါပေမဲ့ ဘယ်လိုပုံစံမျိုး ခန့်အပ်မယ်ဆို တာကတော့ အသေးစိတ် ပြန်လည်ပြီးတော့ စဉ်းစားရဦးမယ့်ကိစ္စပါ။ အခုလောလော ဆယ်မှာ ဘယ်လိုပုံစံဖွဲ့စည်းမယ် အစိုးရကို ဒါကိုတော့ ထုတ်ပြောလို့ မရသေးပါဘူး” ဟု ၎င်းက ဆိုသည်။
NLD ပါတီအနေဖြင့် ၂၀၁၅ ရွေး ကောက်ပွဲထက် ကိုယ်စားလှယ် ခြောက်ဦး ပိုမိုအနိုင်ရခြင်းဖြစ်ပြီး ယခင်ရွေးကောက်ပွဲတွင် အနိုင်ရ ကိုယ်စားလှယ် အရေအတွက်မှာ ၃၉၀ ဖြစ်သည်။
NLD ပါတီသည် ယခင်ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သော ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းရှိ မဲဆန္ဒနယ် အချို့ကို ပြန်လည်အနိုင်ရရှိခဲ့သလို ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့ တွင်လည်း ယခင်ထက် သာလွန်အနိုင်ရခြင်းကြောင့် ယခင်ရွေးကောက်ပွဲထက် အနိုင်ရ မဲဆန္ဒနယ် တိုးလာခြင်းဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်က မှတ်ချက်ပြုသည်။
NLD ပါတီသည် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များတွင် ၅၀၁ ဦးအနိုင်ရပြီး တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တွင် ကိုယ်စားလှယ် ၂၀ အနိုင်ရ ကြောင်း ကော်မရှင်၏ နိုဝင်ဘာ ၁၄ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ပြည်ထောင်စုလွှတ်တော်တွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အနိုင်ရကိုယ်စားလှယ် ၃၃ ဦးဖြင့် ဒုတိယ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၁၅ ဦးဖြင့် တတိယ၊ ရခိုင်အမျိုးသား ပါတီက ရှစ်ဦးဖြင့် စတုတ္ထ အများဆုံးအနိုင် ရခဲ့ကြောင်း သိရသည်။
ထို့ပြင် တအောင်း(ပလောင်)အမျိုးသားပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ ကယားပြည်နယ်ဒီမို ကရက်တစ်ပါတီ၊ ကချင်ပြည်နယ်ပြည်သူ့ ပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ “၀” အမျိုးသားပါ တီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဒီမိုကရေစီပါတီသစ် (ကချင်) တို့လည်း ပြည်ထောင်စုလွှတ်တော် မဲဆန္ဒနယ်အချို့နှင့်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အချို့ကို အနိုင်ရခဲ့သည်။
ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံရေးပါတီ ၁၃ ပါတီမှ အနိုင်ရကိုယ်စားလှယ် ၄၇၆ ဦးရှိပြီး အနိုင်ရ တစ်သီးပုဂ္ဂလကိုယ် စားလှယ် မရှိကြောင်း ကော်မရှင်၏ထုတ် ပြန်ချက်အရ သိရသည်။
လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကရင်ပြည်သူ့ ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ် ပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီနှင့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီတို့မှာ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အချို့တွင် အနိုင်ရကြောင်း ကော်မရှင်ထုတ် ပြန်ချက်တွင် ပါရှိသည်။
တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်နှစ်နေရာနှင့် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် နှစ်နေရာတို့တွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လေးဦး အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို ဂုဏ်ပြုကြောင်းနှင့် ရွေးကောက်ပွဲရလဒ်ကို လက်ခံရန် ပြည်ပ နိုင်ငံခေါင်းဆောင်အချို့နှင့် မြန်မာနိုင်ငံအခြေစိုက် သံရုံးအသီးသီးက ထုတ်ပြန်ကြေ ညာမှုများရှိပြီး တစ်ဖက်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရွေး ကောက် ပွဲ သည် လွတ်လပ်ပြီး တရားမျှတမှု မရှိသည့်အတွက် ရွေးကောက်ပွဲရလဒ်ကို လက်မခံ၊ ကန့်ကွက်ကြောင်းနှင့် ရွေး ကောက်ပွဲ ပြန်လည်ကျင်းပပေးရန် တောင်း ဆိုမှုများပင် ရှိခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲသည် ၂၀၁၅ ထက် ပို၍ ပွင့်လင်း၊ လွတ်လပ်သည်ဟု ရှုမြင်ပြီး ကန့်ကွက်လိုသူများအနေဖြင့် ခိုင်လုံသော အထောက်အထားများရှိလျှင် ရွေးကောက်ပွဲဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က တုံ့ပြန်ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်