
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ၏ ဆုံးဖြတ်ချက်ချမှတ်မှုတွင် အချို့သောဖြစ်ရပ်များသည် ပွင့်လင်းမြင်သာမှု၊ မြင်သာရှင်းလင်းမှု မရှိသကဲ့သို့ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များကို ပြည်သူလူထုထံ အချိန်မီ ထုတ်ပြန်ခဲ့ခြင်းလည်းမရှိကြောင်း ကာတာစင်တာ၏ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကနဦး အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။
ရွေးကောက်ပွဲရွှေ့ဆိုင်း၊ ပယ်ဖျက်ခြင်းကြောင့် ၁ ဒသမ ၄ သန်းသော မဲဆန္ဒရှင်များ မဲပေးခွင့်ဆုံးရှုံးကာ ပြည်ထောင်စုလွှတ်တော်တွင် ၂၂ နေရာလစ်လပ်စေခဲ့သည့် UEC ၏ ဆုံးဖြတ်ချက်များသည် ကြိုတင်သတ်မှတ်ထားသော ပွင့်လင်းမြင်သာမှု စံနှုန်းများနှင့် ကိုက်ညီခြင်းမရှိဟု ကာတာစင်တာ အစီရင်ခံစာက ဆိုသည်။
ထိုသို့ ရွေးကောက်ပွဲရွှေ့ဆိုင်းမှုများအရ တပ်မတော်အနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များရှိ ရွေးကောက်တင်မြှောက်ခံနေရာများ၏ သုံးပုံတစ်ပုံနှင့် ညီမျှသောနေရာများကိုသာ ရယူမည်ဟူသော အခြေခံဥပဒေပါ ပြဌာန်းချက်ကို ပြည့်ပြည့်ဝ၀ လေးစားလိုက်နာသင့်ကြောင်း အစီရင်ခံစာတွင် တစ်ဆက်တည်းဖော်ပြထားသည်။
သို့သော် UEC အနေဖြင့် ရွေးကောက်ပွဲဖြစ်စဉ်ကို ကြီးကြပ်ကွပ်ကဲရန် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်း၊ မဲစာရင်းဖြည့်စွက်၊ ပြင်ဆင်၊ နှုတ်ပယ်ခြင်းဖြစ်စဉ်များ၊ ရွေးကောက်ပွဲအရာရှိများကို လေ့ကျင့်သင့်ကြားပေးခြင်းနှင့် COVID-19 အတွက် လုပ်ထုံးလုပ်နည်းများ လိုက်လျောညီထွေရန် ပြင်ဆင်ခြင်းများတွင် ချီးကျူးထိုက်သော ကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်ခဲ့သည်ဟု ကာတာစင်တာက ဆိုသည်။
ထို့ပြင် COVID-19 ရောဂါဆိုင်ရာ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ကြိုးပမ်းအားထုတ်မှုများကလည်း ချီးကျူးစရာဖြစ်သည်ဟုလည်း ဖော်ပြသည်။
ရွေးကောက်ပွဲအကြိုကာလတွင် အငြင်းပွားဖွယ်ကိစ္စရပ်များ ရံဖန်ရံခါဖြစ်ပွားခဲ့သော်လည်း ရွေးကောက်ပွဲနေ့တွင် ထူးခြားဖြစ်စဉ် သို့မဟုတ် မူမမှန်သော ကြီးကြီးမားမားကိစ္စရပ်များ ဖြစ်ပွားခဲ့ခြင်းမရှိဟု ကာတင်စင်တာက ဆိုသည်။
ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် ချမှတ်ထားသည့် ကန့်သတ်ချက်များက ရွေးကောက်ပွဲဖြစ်စဉ်၏ အရေးပါသောကဏ္ဍများကို သက်ရောက်ခဲ့သော်လည်း မဲဆန္ဒရှင်များက မဲပေးရန် စိတ်အားထက်သန်ကြပြီး မဲရုံများတွင် ဆန္ဒကို လွတ်လပ်စွာထုတ်ဖော်ပြသခွင့်နှင့် ရွေးကောက်တင်မြှောက်လိုသော လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ခွင့်ရှိခဲ့သည်ဟု အစီရင်ခံစာ၌ ပါရှိသည်။
တစ်ချိန်တည်းတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရည်အသွေးသည် တပ်မတော်သား ကိုယ်စားလှယ်များအတွက် ကြိုတင်သတ်မှတ်ထားသော နေရာများအပါအဝင် ဥပဒေမူဘောင်၏ ကြီးမားသောဟာကွက်များကြောင့် အပြည်ပြည်ဆိုင်ရာ စံနှုန်းများနှင့်အညီ ပြုပြင်ပြောင်းလဲရန် လိုအပ်နေသေးကြောင်း မီးမောင်းထိုုးပြနေသည်ဟု ကာတာစင်တာအစီရင်ခံတွင် ဖော်ပြသည်။
ကာတာစင်တာသည် ရွေးကောက်ပွဲနေ့မတိုင်မီ တစ်ပတ်အလိုတွင် ကာလရှည် ရွေးကောက်ပွဲလေ့လာရေးအဖွဲ့ ၁၂ ဖွဲ့ကို ပြည်နယ်၊ တိုင်းဒေသကြီးရှစ်ခုတွင် လေ့လာစေခဲ့ပြီး ရွေးကောက်ပွဲနေ့ ဆန္ဒမဲပေးခြင်းနှင့် မဲရေတွက်ခြင်းတို့ကို လေ့လာရန် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၀ ခုရှိ မဲရုံ ၂၃၄ ရုံသို့ လေ့လာသူ ၄၃ ဦးစေလွှတ်ခဲ့သည်ဟု ဖော်ပြသည်။
ကာတာစင်တာအနေဖြင့် မြန်မာနိုင်ငံ ရွေးကောက်ပွဲလေ့လာရန် ဇူလိုင် ၃၀ ရက်တွင် ကော်မရှင်ထံမှ အသိအမှတ်ပြုလွှာရရှိပြီး မစ်ရှင်အတွက် နိုင်ငံတကာရွေးကောက်ပွဲ ပညာရှင်ခြောက်ဦးပါဝင်သော Core Team၊ ကာလရှည် ရွေးကောက်ပွဲလေ့လာသူ မြန်မာနိုင်ငံသား ၂၄ ဦးနှင့် ကာလတိုရွေးကောက် ပွဲလေ့လာသူ နိုင်ငံခြားသား ၁၄ ဦး ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြပါရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်