
အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့ ရန်ကုန်မြို့ရွှေလီလမ်းရှိ NRPC ရုံးတွင် စက်တင်ဘာ ၇ ရက်က အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မကြာမီကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများ ပြန်လည်စတင်နိုင်ဖွယ်ရှိကြောင်း အဆိုပါတွေ့ဆုံပွဲအပြီး ပြုလုပ်သည့် နှစ်ဖက်ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
ယခုပြုလုပ်သည့် NRPC နှင့် KNU တို့၏ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ အသေးစိတ်ဆက်သွားမည့် လမ်းကြောင်းများ၊ နှစ်ဖက်လိုလားချက်များကို အချိန်ကြာမြင့်စွာ အပြန်အလှန်ဆွေးနွေးနိုင်ခဲ့ပြီး အပြုသဘောဆောင်သော ရလဒ်များရရှိခဲ့ကြောင်းနှင့် တိုးတက်မှုများ ရရှိခဲ့ကြောင်း ဦးဇော်ဌေးကဆိုသည်။
လာမည့် စက်တင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်တွင် ရန်ကုန်မြို့ရှိ NRPC ရုံး၌ပင် NRPC နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့တို့ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ပြီး အဆိုပါတွေ့ဆုံပွဲအပြီးနောက် NRPC နှင့် KNU တို့အကြား လုပ်ငန်းညှိနှိုင်းပြင်ဆင်မှု အစည်းအဝေး အနည်းငယ်ရှိလာမည်ဖြစ်ကာ အဆိုပါအစည်း အဝေးများအပြီးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများ ပြန်လည်စတင်နိုင်ဖွယ်ရှိကြောင်း ဦးဇော်ဌေးက ပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၁၈ ခုနှစ် အောက်တိုဘာအတွင်း နေပြည်တော်တွင် ပြုလုပ်ခဲ့သော အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ သီးသန့်အစည်းအဝေးပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်း အဝေးများ ယနေ့အထိ တစ်နှစ်နီးပါး ရပ်တန့်နေခြင်းဖြစ်သည်။
“အဓိကကတော့ တပ်ပိုင်းဆိုင်ရာကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ NCA အခန်း (၃) ၊ အခန်း (၄) ပေါ့နော်။ Ceasefire ကိစ္စ၊ နောက် Ceasefire ခိုင်မာရေးကိစ္စ၊ ပြီးရင် နောက်တစ်ဆင့်ကတော့ အခန်း (၆) ကြားကာလ အစီအစဉ်ဖြစ်ပါတယ်။ အဲဒီတော့ ဒီနေ့ဆွေးနွေးပွဲမှာ ကျွန်တော်တို့ တပ်ပိုင်းဆိုင်ရာကိစ္စတွေနဲ့ပတ်သက်လို့ တပ်ဖွဲ့အချင်းချင်းကြားမှာ ဆွေးနွေးမှုတွေ ဘယ်လိုလုပ်ကြမလဲပေါ့။ အဲဒီဟာတွေကို ဆွေးနွေးခဲ့ပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးထားသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ကို အကောင်အထည်ဖော်ရာတွင် အဓိကသဘောတူညီချက် နှစ်ချက်ရှိပြီး အဆိုပါနှစ်ချက်မှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာအောင် ဆောင်ရွက်ခြင်းနှင့် နိုင်ငံရေးဆွေးနွေးခြင်းဖြစ်ကြောင်း KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက အဆိုပါတွေ့ဆုံပွဲအဖွင့်အမှာ စကားတွင် အဓိကထားကာ ထည့်သွင်းပြောကြားခဲ့သည်။
NCA စာချုပ်သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးမည့်စာချုပ်ဟု ခံယူထားကြောင်း ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။
ထိုသို့ NCA စာချုပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိကအားဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာခြင်းဟူသော ကိစ္စသည် နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်ရေးအတွက်ကိုလည်း အထောက်အကူပေးသည်ဟု ယုံကြည်ကြောင်း ပဒိုစောကွယ်ထူးဝင်းက ဆက်လက်ပြောကြားသည်။
တရားဝင်အစည်းအဝေးများ တက်ရောက်ခြင်းမှ ယာယီရပ်ဆိုင်းခဲ့ပြီး ထိုသို့ရပ်ဆိုင်းခဲ့ခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား သဘောတူညီချက်များဖြင့် ပိုမိုအားကောင်းခိုင်မာအောင် ဆောင်ရွက်လိုသောကြောင့်ဖြစ်ကြောင်းလည်း ယခုတွေ့ဆုံပွဲတွင် ပဒိုစောကွယ်ထူးဝင်းက ထည့်သွင်းပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်