
အရက်တစ်လီတာတန်ဖိုး ၁၅၀၀၁ ကျပ်အထက်အား အခွန်ရာခိုင်နှုန်း ၆၀ ကောက်ရန်စီစဉ်ခြင်းသည် အခွန်ရလမ်းနည်းသွားနိုင်ကာ တရားမဝင်တင်သွင်းမှုနှင့် ကုန်ပစ္စည်းအတုအပများ တိုးပွားလာမည်ဖြစ်သဖြင့် ၂၅ ရာခိုင်နှုန်းသာကောက်ခံသင့်ဟု စမ်းချောင်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက ဆွေးနွေးခဲ့သည်။
စက်တင်ဘာ ၆ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းအားဆွေးနွေးစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးဘိုဘိုဦးက “ဥပဒေကြမ်းရဲ့ အထူးကုန်စည်ခွန် အပိုဒ် ၁၁ အပိုဒ်ခွဲ(က)(၃)ပါ ဇယားအမှတ်စဉ် ၈ အရက်အမျိုးမျိုးနဲ့ပတ်သက်ပြီး တစ်လီတာတန်ဖိုး ကျပ် ၁၅၀၀၁ နှင့် အထက်အား အထူးကုန်စည်ခွန်အနေဖြင့် တစ်လီတာတန်ဖိုး၏ ၆၀ ရာခိုင်နှုန်းကောက်ခံမယ်လို့ ပါရှိပါတယ်။ အဲလိုမြင့်မားတဲ့ အခွန်ကြောင့် တင်သွင်းမှုလျော့နည်းသွားကာ အခွန်ရလမ်းနည်းသွားနိုင်ပါတယ်။ တရားမဝင် တင်သွင်းမှုတွေရှိလာပါမယ်။ တရားမဝင်တင် သွင်းမှုနဲ့အတူ ကုန်ပစ္စည်းအတုအပ တိုးပွားလာမှာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ အခွန်တိုးမြှင့်ရရှိရေး၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး၊ ပြည်သူ့ကျန်းမာရေး ထိခိုက်မှုလျှော့ချရေးတို့ကို ထိခိုက်စေမှာဖြစ်ပါတယ်” ဟု ဆွေးနွေးခဲ့သည်။
“အခွန်ကောက်ခြင်းသဘာဝအရ အခွန်ဟာ လျှော့ကောက်မှ အခွန်များများရပါမယ်။ အရက်အရည်အသွေးကောင်းကောင်းသောက်မှ နောက်တစ်နေ့မှာ ခေါင်းနှစ်ဆကြည်ပါမယ်။ ဒါကြောင့် ၆၀ ရာခိုင်နှုန်းအစား ၂၅ ရာခိုင်နှုန်းသာ ကောက်ခံသင့်ပါတယ်” ဟု ဦးဘိုဘိုဦးက ဆွေးနွေးခဲ့သည်။
ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် ၁၁ မှ ဦးကျော်နီနိုင်က အထူးကုန်စည်ခွန်တွင် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများအတွက် စည်းကြပ်မှုနှုန်းထားများ ပြင်ဆင်သတ်မှတ်ထားသည်ကို တွေ့ရကြောင်း၊ ရောင်းသူ ဝယ်သူ ပစ္စည်းအစစ်အမှန်များအတွက် အသုံးပြုနိုင်ကြသကဲ့သို့ နိုင်ငံတော်အတွက် အခွန်ငွေပိုမိုရရှိစေလိုကြောင်း၊ မူလဥပဒေကြမ်းပါ အထူးကုန်စည်ဇယား အမှတ်စဉ် ၈(တ)တွင် အရက်အမျိုးမျိုး တစ်လီတာတန်ဖိုး ၁၅၀၀၀ ကျပ်ကျော်ပါက ၆၀ ရာခိုင်နှုန်းအစား ၂၆၀၀၀ ကျပ်အထက်ကို ၃၀ ရာခိုင်နှုန်းဟုလည်းကောင်း၊ အမှတ်စဉ် ၉ ဘီယာအမျိုးမျိုးအား ၆၀ ရာခိုင်နှုန်းအစား ၂၅ ရာခိုင်နှုန်း အဖြစ်လည်းကောင်း၊ အမှတ်စဉ်၁၀ (တ)၀ိုင်အမျိုးမျိုး တစ်လီတာတန်ဖိုး ၂၆၀၀၀ ကျပ်နှင့်အထက်ကို ၅၀ ရာခိုင်နှုန်းအစား ၂၅ ရာခိုင်နှုန်းအဖြစ်လည်းကောင်း ပြင်ဆင်ရန် အကြံပြုလိုကြောင်း ဆွေးနွေးခဲ့သည်။
ရွှေပြည်သာမဲဆန္ဒနယ်မှ ဦးဉာဏ်လင်းက “အခွန်ကောက်ခံမှုနှုန်းထားတွေဟာ ကျန်းမာရေးအနေအထားကြောင့် ကောက်ခံတယ်ဆိုထားသော်လည်း အခွန်မမျှတတာတွေဖြစ်နေပါတယ်။ အရက်အမျိုးမျိုးနဲ့ပတ်သက်ပြီးတော့ တစ်လီတာတန်ဖိုး ၄၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ အဆင့်ဖြစ်လျှင်ဆိုပြီး ပြဋ္ဌာန်းထားပါတယ်။ ကျန်းမာရေးထိခိုက်မှာစိုးလို့ အခွန်တိုးကောက်မယ်ဆိုရင် တစ်လီတာတန်ဖိုး ၄၀၀ ကျပ်အောက်ကိုလည်း အခွန်ကင်းလွတ်ပေးစရာအကြောင်း မရှိပါဘူး။ တကယ်တော့ အရက်တန်ဖိုးဘယ်လောက်ပဲရှိရှိ အားလုံးကို တစ်ပြေးညီကောက်မယ်ဆိုရင် မျှတပါတယ်။ တန်ဖိုးအကြီးဆုံးကနေ တန်ဖိုးအသေးဆုံးအထိ သူ့အချိုးအလိုက်၊ တဖြည်းဖြည်းငယ်သွားမယ်ဆိုလို့ရှိရင် သဘာဝကျပါတယ်” ဟု ဆွေးနွေးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်