
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၌ မဲဆန္ဒရှင် ၁၀ သိန်းကျော်ရှိပြီး တပ်တွင်းမဲရုံတစ်ရုံမျှ မရှိတော့ကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းအောင်ခိုင်က ပြောကြားသည်။
ကချင်ပြည်နယ်တွင် မဲရုံ ၈၈၉ ရုံအထိ လျာထားပြီး ခြောက်ရုံခန့် ထပ်မံတိုးမြှင့်ရန် လုပ်ဆောင်နေကြောင်း သိရသည်။
ကချင်ပြည်နယ်တစ်ခုလုံးတွင် တပ်တွင်းမဲရုံတစ်ရုံမျှ ထားရှိခြင်းမရှိဘဲ တပ်နယ်အပြင်ဘက်ရှိ တပ်ရပ်ကွက်တစ်ခုတွင်သာ မဲရုံတစ်ရုံသာရှိမည်ဖြစ်ကြောင်း ရွေးကောက်ပွဲအရာရှိ ဦးထွန်းအောင်ခိုင်က ပြောကြားသည်။
“ကချင်မှာ တပ်တွင်းမဲရုံမရှိတော့ဘူး။ ပူတာအိုကတပ်ကွက်သစ်မှာတော့ ရပ်ကွက်ထဲမှာ တစ်ရုံရှိမယ်။ တပ်မတော်ကနေ ထွက်သွားတဲ့သူတွေအတွက် ရပ်ကွက်နေရာချထားပေးတဲ့နေရာပါ။ တပ်တွင်းမဟုတ်ပါဘူး။ ၂၀၂၀ ရွေးကောက်ပွဲရဲ့ ထူးခြားချက်ကတော့ COVID-19 ကပ်ရောဂါကာလနဲ့ကြုံတော့ မဲပေးရတဲ့ပုံစံတွေမှာ ကျန်းမာရေးကဏ္ဍတွေပါ ထည့်တွက်နေကြရတာဖြစ်ပါတယ်” ဟု ဦးထွန်းအောင်ခိုင်က ပြောကြားသည်။
ထို့ပြင် ကချင်ပြည်နယ်တွင် ၂၀၁၅ အထွေ ထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ၈၇၀၀၀၀ ကျော်ရှိသဖြင့် နှစ်သိန်းကျော်များလာကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် ၁၀ သိန်းကျော်တွင် ကချင်ပြည်နယ်ရှိ ဗမာ၊ ရှမ်း၊ လီဆူ၊ ရဝမ် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး လေးနေရာအတွက် မဲပေးခွင့်ရှိသူ ခုနစ်သိန်းရှိကြောင်း သိရသည်။
ဇူလိုင် ၂၅ ရက် ထုတ်ပြန်ချက်များအရ ကချင်ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးလေးနေရာအတွက် မဲပေးခွင့်ရှိသူ ဗမာ ၄၁၈၄၅၅ ဦး၊ ရှမ်း ၂၀၇၃၅၈ ဦး၊ လီဆူ ၇၀၄၁၃ ဦး၊ ရဝမ် ၃၃၁၈၃ ဦး စုစုပေါင်း ၇၂၉၄၀၉ ဦးရှိပြီး ကျန်လူမျိုးမဲစာရင်းမှာ ၃၅၅၆၇၂ ဦးဖြစ်ကြောင်း သိရသည်။
“ဗမာတိုင်းရင်းသားက ပုံစံ ၃ (က) နဲ့က မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဖားကန့်လိုဒေသမျိုးက ရွှေ့ပြောင်းအလုပ်သမားတွေများတော့ တိုးလာနိုင်သေးတယ်။ ဘယ်လောက်တိုးမယ်ဆိုတာ သူတို့ရဲ့ မဲပေးမယ့်ဆန္ဒပေါ် မူတည်မယ်။ ပြိုင်ဖို့ပါတီက အားလုံး ၁၈ ပါတီ။ တစ်ပါတီက ပြည်နယ်ပြင်ပကနေ ပြိုင်တာ။ ကိုယ်စားလှယ်လောင်းက ၃၀ ကျော်ပဲ လျှောက်ထားသေးတယ်။ အဓိက ဒီအချိန်မှာ ပြောချင်တာက မဲစာရင်းသွားကြည့်ကြပါ။ တိုင်းရင်းသားဖြစ်ရင် တိုင်းရင်းသားမဲပါ တစ်ပါတည်း ကြည့်ကြပါလို့ ပြောချင်ပါတယ်” ဟု ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးထွန်းအောင်ခိုင်က ပြောကြားသည်။
ကချင်ပြည်နယ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၁၈ နေရာ၊ ပြည်နယ်လွှတ်တော်မဲ ဆန္ဒနယ် ၃၆ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ တိုင်းရင်းသားရေးရာဝန်ကြီး လေးနေရာဖြစ်ပြီး ၁၈ ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်