
အမေရိကန်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Universal Pictures က Fast & Furious 10 အက်ရှင်ဇာတ်ကားသစ် ရုံတင်မည့်ရက်ကို နဂိုရုံတင်မည့်အချိန်ထက် တစ်လကျော် ထပ်နောက်ဆုတ်လိုက်သည်။
Fast & Furious 10 စီးရီးထဲမှ ဇာတ်ကားအများစုကို ရိုက်ကူးခဲ့သူ ဒါရိုက်တာ ဂျက်စတင်လင်ကပင် Fast 10 ကို ရိုက်ကူးမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဧပြီ ၇ ရက်တွင် ရုံတင်ရန် နဂိုသတ်မှတ်ထားရာမှ ၂၀၂၃ ခုနှစ်၊ မေ ၁၉ ရက်သို့ နောက်ဆုတ်လိုက်သည်။
လစ်လပ်သွားသည့် ဧပြီ ၇ ရက်တွင်မူ (အမည်မပေးရသေးသည့်) အန်နီမေးရှင်း ဇာတ်ကားတစ်ကားကို အစားထိုးရုံတင်ရန် Universal ထုတ်လုပ်ရေးက ဆုံးဖြတ်ထားသည်။
Fast & Furious 10 စီးရီးမှ ပြီးခဲ့သည့် ဇွန်တွင် နောက်ဆုံးရုံတင်ထားသည့် F9: The Fast Saga က ကမ္ဘာတစ်ဝန်းဝင်ငွေ အမေရိကန်ဒေါ်လာ ၇၂၆.၆ သန်း ရခဲ့သည်။ Fast & Furious 10 တွင် ပြန်လည်ပါဝင် သရုပ်ဆောင်ရန် မင်းသားဗင်ဒီဇယ်ကလည်း ဒွိန်းဂျွန်ဆင်ကို ပြီးခဲ့သည့် နိုဝင်ဘာက ဖိတ်ခေါ်ထားသည်။
နှစ်ချီအဖုအထစ်ဖြစ်ထားသည့် တွဲဖက်သရုပ်ဆောင် ဒွိန်းဂျွန်ဆင်နှင့် ဆက်ဆံရေးကို ပြန်ပြုပြင်ရန် ဗင်ဒီဇယ်က ကြိုးစားခဲ့ပုံရပြီး ဆိုရှယ်မီဒီယာမှတစ်ဆင့် ဒွိန်းဂျွန်ဆင်ကို ကြေအေးစာရေးသားလိုက်ခြင်း ဖြစ်သည်။ Fast & Furious စီးရီး၏အဓိကမင်းသားလည်းဖြစ်၊ ပရိုဂျူဆာလည်းဖြစ်သည့် ဗင်ဒီဇယ်က “ငါ့ညီဒွိန်းရေ အချိန်တော့ကျ လာပြီ။ တစ်ကမ္ဘာလုံးက Fast 10 ဇာတ်သိမ်းပိုင်းကို စောင့်နေကြတယ်” ဟု ဆိုကာ ၎င်းတို့နှစ်ဦး မျက်နှာချင်းဆိုင်နေသည့် ဓာတ်ပုံနှင့်အတူ အင်စတာဂရမ်တွင် ရေးတင်ခဲ့သည်။ နောက်ထပ် Fast ဇာတ်လမ်းများတွင် ပြန်ပါတော့မည်မဟုတ်ဟု ဒွိန်းဂျွန်ဆင်က ယခုနှစ်စောပိုင်းတွင် ကြေညာထား သည့်အတွက် ဒီဇယ်က ပြန်ခေါ်နေခြင်းလည်း ဖြစ်သည်။ “မင်းရဲ့နေရာဟာ သိပ်အရေးပါတဲ့နေရာ၊ Hobbs ကို တခြားလူ သရုပ်ဆောင်လို့ မရဘူး” ဟုဆိုကာ ဗင်ဒီဇယ်က ၎င်း၏စာကို အဆုံးသတ်ထားသည်။
၎င်းတို့နှစ်ဦးအကြား အစာမကြေမှုသည် ၂၀၁၇ ခုနှစ်က စခဲ့သည်။ ထိုအချိန်က အင်စတာဂရမ်ပို့စ်တစ်ခုတွင် ဂျွန်ဆင်က အချို့သောတွဲဖက်မင်းသားများသည် သူတို့ ကိုယ်သူတို့ တကယ့်ပညာရှင်များကဲ့သို့ ပြုမူ ကြသည်ဟု ရေးတင်ခဲ့သည်။ ဗင်ဒီဇယ်ဘက်ကလည်း ရိုက်ကွင်းတွင် ဒွိန်းဂျွန်ဆင်၏ သရုပ်ဆောင်ရည် တိုးတက်လာအောင် ၎င်းကတင်းကျပ်ခဲ့ရခြင်းဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။
ဂျွန်ဆင်သည် ၂၀၁၁ ခုနှစ်က Fast 5 တွင် ဖက်ဒရယ်အေးဂျင့် Luke Hobbs နေရာမှ စတင်ပါဝင်ခဲ့ပြီး F6၊ F6၊ F8 တို့တွင် ဆက်လက်ပါဝင်ခဲ့ကာ F9တွင် မပါတော့ပေ။ Fast 10 က ဇာတ်သိမ်းပိုင်းနှစ်ပိုင်းအနက် ပထမပိုင်းဖြစ်ပြီး ဒုတိယပိုင်းက Fast 11 ဖြစ်ကာ ထိုင်ဝမ်ဖွား အမေရိကန်ဒါရိုက်တာ ဂျက်စတင်လင်ကပင် ဆက်လက်ရိုက်ကူးသွားမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်