
စကားလက် ဂျိုဟန်ဆန်က သူမပါဝင်သရုပ်ဆောင်ထားသည့် မာဗယ်စူပါဟီးရိုးရုပ်ရှင် Black Widow ဇာတ်ကားကြီးနှင့် ပတ်သက်၍ ရုံတင်ပြသချိန်နှင့်တစ်ပြိုင်တည်း ရုပ်သံလိုင်းမှ Straming ပြသခံရသည့်အတွက် ဒစ္စနေကုမ္ပဏီကို စာချုပ်ချိုးဖောက်မှုဖြင့် တရားစွဲဆိုထားပြီး ယခုထိုအမှုမှာ ပြေလည်သွားပြီဖြစ်သည်။
Black Widow ဇာတ်ကားကြီးကို ရုံတင်ပြသချိန်နှင့်တစ်ပြိုင်တည်း ရုပ်သံလိုင်းမှ Straming ပြသခံရသည့်အတွက် ဂျိုဟန်ဆန်က လွန်ခဲ့သည့်နှစ်လက ဒစ္စနေကုမ္ပဏီကို စာချုပ်ချိုးဖောက်မှုဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
သူမက လော့စ်အန်ဂျလိစ်တရားရုံးတွင် တရားစွဲဆိုခဲ့ပြီး မာဗယ်စတူဒီယို (ဒစ္စနေအပိုင်) က Black Widow ဇာတ်ကားကို ရုံတင်မည်ဟု သူမကို ကတိပေးပြောဆိုထားသည့်အတွက် Streaming မပြသမီ အချိန်ကာလတစ်ခု ကြာလိမ့်ဦးမည်ဟု နားလည်ထားကြောင်း ဂျိုဟန်ဆန်က ပြောခဲ့သည်။ မင်းသမီးနှင့် နီးစပ်သူများက ဂျိုဟန်ဆန်သည် အမေရိကန်ဒေါ်လာ သန်း ၅၀ ခန့် နစ်နာသွားသည်ဟု ခန့်မှန်းပေးခဲ့သည်။
Black Widow ကို ကမ္ဘာတစ်ဝန်းရှိ ရုပ်ရှင်ရုံများတွင် ၂၀၂၁ ခုနှစ် ဇွန် ၂၉ ရက်တွင် စတင်ပြသခဲ့ပြီး အမေရိကန် ပြည်ထောင်စုတွင်မူ ဇူလိုင် ၉ ရက်မှစတင်ကာ ရုံလည်းတင်၊ အခကြေးငွေဖြင့်ကြည့်ရသည့် Disney+ ရုပ်သံလိုင်းမှလည်း တစ်ပြိုင်တည်း ပြသခဲ့သည်။
ကိုဗစ်ကပ်ရောဂါကာလဖြစ်သော်ငြား စူပါဟီးရိုးရုပ်ရှင် Black Widow ရုံတင်ရာမှရသည့် Box Office ဝင်ငွေသည် ရုံတင်ပြီးနောက် ပထမသီတင်းပတ်အကုန်တွင်ပင် အမေရိကန်ဒေါ်လာ ၂၁၈ သန်းအထိ စံချိန်တင်ရခဲ့သည်။ သို့သော် နောက်ပိုင်းရက်များတွင် Box Office ဝင်ငွေမှာ သိသိသာသာ လျော့လာပြီး ဂျိုဟန်ဆန်က သူမဝင်ငွေများ ရသင့်သလောက်မရတော့ဟု ပြောခဲ့သည်။
ဒစ္စနေနှင့် ဂျိုဟန်ဆန်တို့အကြား မည်သို့မည်ပုံ သဘောတူပြေလည်မှုရသွားသည်ကိုမူ အသေးစိတ်ထုတ်ပြန်ထားခြင်းမရှိပေ။
“Black Widow အမှုနဲ့ပတ်သက်လို့ စကားလက်ဂျိုဟန်ဆန်နဲ့ ကျွန်တော်တို့ အပြန်အလှန် သဘောတူမှုရလိုက်တဲ့အတွက် အလွန်ဝမ်းသာပါတယ်။ မာဗယ်အတွက် သူမကြိုးစားပေးခဲ့တာတွေကို ကျေးဇူးလည်းတင်တယ်။ ဒစ္စနေရဲ့ Tower of Terror အပါအဝင် လာမယ့်ဇာတ်ကားတွေမှာလည်း အတူလက်တွဲသွားဖို့မျှော်လင့်တယ်” ဟု ဒစ္စနေစတူဒီယို၏ Content အကြီးအကဲ Alan Bergman က ပြောသည်။
ဂျိုဟန်ဆန်ဘက်ကလည်း ဒစ္စနေနှင့် သဘောထားကွဲမှုများ ပြေလည်သွားသည်ကို ဝမ်းသာမိပြီး ရှေ့ဆက်ပူးပေါင်း လုပ်ကိုင်ရန်မျှော်လင့်သည်ဟု တု့ံပြန်ခဲ့သည်။
COVID-19 ကမ္ဘာ့ကပ်ရောဂါမဖြစ်မီက ဟောလိဝုဒ်ရုပ်ရှင်ပရိသတ်များသည် ရုပ်ရှင်ဇာတ်ကားကြီးများကို ရုံတွင်သာ ဦးစွာကြည့်ရှုနိုင်ပြီး ရုပ်သံလိုင်းများတွင် Streaming ကြည့်ရှုနိုင်ရန် အချိန်သုံးလစောင့် ရလေ့ရှိသည်။ သို့သော် ကပ်ရောဂါဖြစ်ပွားလာချိန် ကြည့်ရှုသူများက ရုံသို့လာရောက်အားပေးမှု နည်းသွားသည့်အတွက် ရုပ်ရှင်ကုမ္ပဏီကြီးများက ရုံတင်ခြင်းနှင့် Streaming ပြသခြင်းကိုရော၍ ပြုလုပ်လာကြသည်။
ဂျိုဟန်ဆန်သည် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များက Forbes မဂ္ဂဇင်း၏ ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ရုပ်ရှင်မင်းသမီးများစာရင်းတွင် ထိပ်ဆုံးနေရာမှ ရှိနေခဲ့သူဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်