
တောင်ကိုရီးယား အထူးသံတမန်များအဖြစ် BTS အဖွဲ့ နယူးယောက်ကို သွားရောက်ခဲ့စဉ်က ကုန်ကျခဲ့သည်များကို အစိုးရက အလျဉ်းကျခံခဲ့ခြင်းမရှိဆိုသည့် သတင်းတစ်ရပ် ထွက်လာသည့်အပေါ် တောင်ကိုရီးယားအစိုးရက ပြန်လည်ဖြေရှင်းထားသည်။
သမ္မတမွန်ဂျေအင်းနှင့် အတူသွားခဲ့သည့် နယူးယောက်ခရီးစဉ်အတွင်း ခရီးစရိတ်၊ နေစရိတ်၊ စားစရိတ်အပါအဝင် BTS အဖွဲ့၏ ကုန်ကျစရိတ်များကို အစိုးရက လုံးဝမထုတ်ပေးခဲ့ဟု စက်တင်ဘာ ၃၀ ရက်က သတင်းတစ်ရပ်က ဆိုသည်။ BTS အဖွဲ့သည် သမ္မတ၏ အထူးသံတမန်များအဖြစ် သုံးရက်ကြာ ခရီးသွားရောက်ခဲ့သော်လည်း မည်သည့်ထောက်ပံ့ကြေးမှမရခဲ့ဟု ထိုသတင်းက ဖော်ပြခဲ့သည်။
ထိုသတင်းနှင့်ပတ်သက်၍ တောင်ကိုရီးယားယဉ်ကျေးမှု၊ အားကစားနှင့်ခရီးသွား လုပ်ငန်းဝန်ကြီးဌာနမှ သတင်းရင်းမြစ်တစ်ဦးက “ကျွန်တော်တို့ စစ်ဆေးပြီးပါပြီ။ BTS ရဲ့ အလုပ်ခရီးစဉ်မှာ ကုန်ကျတဲ့ကုန်ကျမှုတွေ ရဲ့တချို့ကို အစိုးရက ပေးခဲ့တာပါ။ သတင်းထဲမှာ အစိုးရက လုံးဝမကျခံခဲ့ဘူးလို့ ပြောပါတယ်။ အဲဒါဟာ မမှန်ပါဘူး။ အစိုးရက ကုန်ကျစရိတ်တစ်စိတ်တစ်ပိုင်းကို ပေးခဲ့ပါတယ်။ မှတ်တမ်းအသေးစိတ်ကိုလည်း ကျွန်တော်တို့ စစ်ဆေးထားပါတယ်” ဟု တုံ့ပြန်ထားသည်။
ထို့ပြင် တောင်ကိုရီးယားသမ္မတ အိမ်ပြာတော်ကလည်း “အစိုးရနဲ့ BTS ရဲ့အေဂျင်စီတို့အကြား ကုန်ကျစရိတ် တစ်စိတ်တစ်ပိုင်းကိုပေးမယ်လို့ ကြိုသဘောတူထားကြပြီး ဖြစ်ပါတယ်။ BTS ရဲ့သံတမန်အဖြစ် ဆောင်ရွက်ပေးခဲ့မှုတွေကို အိမ်ပြာတော်က အလွန်ပဲ ကျေးဇူးတင်ပါတယ်” ဟု ထုတ်ပြန်ခဲ့သည်။
နိုင်ငံတကာအထိပါ လျှမ်းလျှမ်းတောက် အောင်မြင်နေသည့် BTS အဖွဲ့သည် စက်တင်ဘာ ၂၀ ရက်က ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေး၏ Sustainable Development Goals အစည်းအဝေးကို တက်ရောက်ခွင့်ရခဲ့ပြီး မိန့်ခွန်းများလည်း ပြောကြားသွားခဲ့သည်။
ထိုတက်ရောက်မှုသည် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ၎င်း၏အထူးကိုယ်စားလှယ်များအဖြစ် တရားဝင် ခန့်အပ်လိုက်ပြီးနောက်ပိုင်း BTS အဖွဲ့အတွက် ပထမဆုံးတရားဝင် အခမ်းအနားလည်းဖြစ်သည်။ အဆိုပါ အခမ်းအနားတွင် BTS အဖွဲ့ဝင်များက COVID-19 ကပ်ရောဂါကာလအတွင်း လူငယ်များ၏ သဘောထားခံစားချက်များကို ပြောသွားခဲ့ပြီး အနာဂတ်အတွက် အားပေးစကားများလည်း မျှဝေသွားခဲ့သည်။
အခမ်းအနားတွင် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းလည်း အဖွင့်အမှာစကား တက်ရောက်ပြောကြားခဲ့ပြီး ၎င်းနောက်မှ အဖွဲ့ဝင်ခုနစ်ဦးပါ BTS အဖွဲ့ စင်မြင့်ထက်သို့ တက်ရောက်လာပြီး မိန့်ခွန်းအသီးသီး ပြောဆိုကာ အထွေထွေညီလာခံခန်းမတွင် ကြိုတင်ရိုက်ကူးထားသည့် Permission to Dance ဗီဒီယိုကို ပြသခဲ့သည်။ ၎င်းဗီဒီယိုကို အထွေထွေညီလာခံခန်းမအတွင်းနှင့် East River ကို မျက်နှာမူထားသည့် အပြင်ဘက် မြက်ခင်းပြင်တွင် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။
အကြောင်းကြောင်းကြောင့် ရွှေ့ဆိုင်းထားခဲ့သည့် BTS အဖွဲ့၏ Map Of The Soul ကမ္ဘာလှည့်ဖျော်ဖြေပွဲသည်လည်း ဖျက်သိမ်းခံထားရပြီး ထိုအတွက် စိတ်မကောင်း ဖြစ်ရကြောင်း အထွေထွေညီလာခံမိန့်ခွန်းတွင် BTS က ထည့်ပြောသွားသည်။
Map Of The Soul ကမ္ဘာလှည့်ဖျော်ဖြေမှုကို ၂၀၂၀ ခုနှစ် ဧပြီတွင်စတင်ရန် နဂိုကအစီအစဉ်ရှိခဲ့ပြီး COVID-19 ကပ်ရောဂါကြောင့် အစီအစဉ်တစ်ခုလုံးကို နောက်ဆုတ်လိုက်ရသည်။ သြဂုတ် ၂၀ ရက်တွင်မူ Map Of The Soul ကို တရားဝင်ဖျက်သိမ်းလိုက်ကြောင်း BTS ၏ Big Hit Music အေဂျင်စီက ထုတ်ပြန်လိုက်ပြီး စောင့်စားခဲ့သည့် ပရိသတ်များကိုလည်း တောင်းပန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်