
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာန၏ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး ကော်မတီ၏ ၁၄ ကြိမ်မြောက် လုပ်ငန်းကော်မတီ ညှိနှိုင်းဆွေးနွေးပွဲကို မေ ၁၆ ရက်က ရန်ကုန်မြို့ အမျိုးသားပြတိုက်၌ ပြုလုပ်ခဲ့သည်ဟု သိရသည်။
အဆိုပါအစည်းအဝေးသို့ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးကော်မတီ၏ ဥက္ကဋ္ဌဖြစ်သူ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ အလင်္ကာကျော်စွာ ထပ်ဆင့်အကယ်ဒမီ ပန်းချီစိုးမိုး၊ လုပ်ငန်းကော်မတီ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာသမိုင်းပညာရှင်များ၊ ရုပ်ရှင်ဆိုင်ရာ အသိပညာရှင်များ၊ အတတ်ပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
ယင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အမှာစကားပြောကြားခဲ့ပြီး ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့် အလင်္ကာကျော်စွာ ထပ်ဆင့်အကယ်ဒမီ ပန်းချီစိုးမိုးတို့က ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို အသေးစိတ်တင်ပြခဲ့ကြသည်ဟု သိရသည်။ ထို့ပြင် Red Radience ကုမ္ပဏီမှ ဦးမျိုးမင်း၊ ရန်ကုန်ပို့စ်ကုမ္ပဏီလီမီတက်မှ ဦးရဲဝင်း၊ အကယ်ဒမီ ဓိရာမိုရ်နှင့် သမိုင်းပညာရှင်များက ရုပ်ရှင်ဇာတ်ကားပြီးစီးအောင်မြင်ရေးဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြခဲ့ကြသည်ဟု သိရသည်။
“ဒီတစ်ခေါက် အစည်းအဝေးကတော့ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင်ဖြစ်တဲ့ အောင်ဆန်းရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး လက်ရှိအခြေအနေကို ဆွေးနွေးပြီး ပြီးစီးအောင်လုပ်ဖို့ကိစ္စပါပဲ။ ရိုက်ကူးရေးလုပ်ငန်းတွေကတော့ ကိုလူမင်းက အားလုံးရိုက်ပြီးသွားပြီ။ ကျန်တဲ့ တည်းဖြတ်မှု၊ ကွန်ပျူတာအထူးပြုလုပ်ချက်တွေစတဲ့ ဆက်လက်လုပ်ဆောင်မှုအပိုင်းကို လက်ရှိအနေအထားက ဘယ်အထိပြီးပြီလဲ။ ပြီးစီးအောင် ဘယ်လိုဆက်လုပ်ကြမလဲဆိုတာကို ဆွေးနွေးတာပါ။ အောင်ဆန်းရုပ်ရှင် အဖွဲ့သားတွေကတော့ အရင်လူတွေပါပဲ။ ပြည်သူတွေမျှော်လင့်နေတဲ့ ဒီဇာတ်ကားကို အမြန်ဆုံးပြီးစီးပြီး ပြည်သူတွေဆီရောက်ဖို့ပါပဲ။ အခုကတော့ ဒီကိစ္စကို ဆွေးနွေးတိုင်ပင်တာပဲ ရှိပါသေးတယ်” ဟု ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးကော်မတီ၏ ၁၄ ကြိမ်မြောက် လုပ်ငန်းကော်မတီညှိနှိုင်း ဆွေးနွေးပွဲသို့တက်ရောက်ခဲ့သူ အဖွဲ့သားတစ်ဦးက ဆိုသည်။
အောင်ဆန်းရုပ်ရှင်၏ ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်းကော်မတီကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၄ ရက်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ဆပ်ကော်မတီ ခုနစ်ခုဖြင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၈ ရက်မှာ ထပ်မံဖွဲ့စည်းခဲ့ သည်။
ထို့နောက် အောင်ဆန်းရုပ်ရှင် စတင်ရိုက်ကူးရေး မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၄ ရက်တွင် ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ကျင်းပခဲ့ပြီး စက်တင်ဘာ ၃၀ ရက်မှစတင်ကာ ရိုက်ကူးရေးလုပ်ငန်းများကို ဆက်တိုက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရိုက်ကူးရက်ပေါင်း ၈၈ ရက် ရိုက်ကူးခဲ့ပြီး ရုပ်ရှင်တစ်ကားလုံး၏ ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သည့် အခြေအနေတွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 ကမ္ဘာ့ကပ်ရောဂါ အခြေအနေများကြောင့် ၂၀၂၀ ပြည့်နှစ် မတ်လကုန်ပိုင်းမှစတင်ပြီး အောင်ဆန်းရုပ်ရှင် ရိုက်ကူးရေးလုပ်ငန်းများကို ခေတ္တဆိုင်းငံ့ခဲ့သည်ဟု သိရသည်။ ရိုက်ကူးမှုများဆိုင်းငံထားချိန်တွင် ဇာတ်ကားအတွက် Editing လုပ်ငန်းများ၊ ကွန်ပျူတာ အထူးပြုလုပ်ချက် (VFX) များကို ဆက်လက်ဆောင်ရွက်ခဲ့သည်ဟု သိရသည်။
ထို့နောက် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၇ ရက်တွင် ကိုဗစ်ကာလအတွင်း ခေတ္တရပ်နားထားသော ရုပ်ရှင်၊ ဗီဒီယို ရိုက်ကူးရေးလုပ်ငန်းများကို (၂၇.၇.၂၀၂၀) ရက်တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပြန်လည်ရိုက်ကူး ခွင့်ပြုထားပြီးဖြစ်သည့်အတွက်ကြောင့် ရပ်နားထားသော “အောင်ဆန်း” ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ပြန်လည်ရိုက်ကူးမှုများ လုပ်ဆောင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၅ ရက် ရွှေတိဂုံစေတီတော်ရင်ပြင်တွင် ဇာတ်ဝင်ခန်းအချို့ကို စတင်ရိုက်ကူးခဲ့ရာ ပရိသတ်များနှင့် လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် ရွှေတိဂုံစေတီတော်ပိတ်ရက်အတွင်း ရိုက်ကူးခွင့်ရနိုင်ပါရန် သက်ဆိုင်ရာအဖွဲ့အစည်းအဆင့်ဆင့် ညှိနှိုင်းခွင့်ပြုချက်ရယူပြီး ကိုဗစ်ကာလအတွင်း ရပ်နားထားသည့် ရိုက်ကူးရေးလုပ်ငန်းများကို ပြန်လည်စတင်ခဲ့သည်ဟု သိရသည်။
ထို့နောက် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၃ ရက်တွင် ရိုက်ကူးပြီးစီးခဲ့ပြီဖြစ်ကြောင်း ဒါရိုက်တာလူမင်းက သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်