တန်ဖိုးနည်းပစ္စည်းတွေနဲ့
ဖြစ်တည်လာတဲ့ အညတရ လမ်းတစ်စင်း။
ကတ္တရာစေး အနည်းငယ်နဲ့
ဟာတာတာ ကျောက်ကလေးတွေက
ကျွန်တော့် သွေးကြောတွေပါပဲ။
ပြီးတော့ ၀မ်းစာမပြည့်ခဲ့တဲ့
ကျွန်တော်က ပိန်တယ်၊ ပါးတယ်
အဖုအထစ်တွေလည်း အနည်းငယ်ရှိလေရဲ့။
ချစားအမြတ်ကြီး ထုတ်သူတွေရဲ့
ကွက်ကျော်ရိုက်ခြင်းမှာ
ကျွန်တော်က ဗီလိန် ဓားစာခံတစ်ယောက်ပါ
တကယ့်ဗီလိန်တွေက ဘယ်သူတွေလဲ။
ကျွန်တော့်ကျောကို မညှာမတာ နင်းကန်သွားပြီး
ဘ၀ပြောင်းကာ ငိုယိုကြတဲ့သူတွေအတွက်
ကျွန်တော်က ယမမင်း။
မဆင်မခြင် ဖြစ်ပျက်သွားကြရခြင်းမှာ
ကျွန်တော့်ကိုပဲ အပြစ်လာပုံချကြတယ်
တကယ်အပြစ်ရှိသူက ကျွန်တော်ပဲလား။
ကွမ်းတံတွေးအိတ်ကလေးတွေဆီက
ကွမ်းသွေးတွေ ကျွန်တော့်ကို လာစင်တဲ့အခါ
ပျို့အန်ထွက်လာတဲ့ အန်ဖက်တွေ ပေနေတဲ့အခါ
ခန္ဓာဝန်မနိုင်လို့ ကျွန်တော့်အပေါ် အလေးအပင်စွန့်ကြတဲ့အခါ
ဘယ်သူများအရေးတယူ သုတ်ပေးခဲ့ကြဖူးလဲ။
သစ်လုံးတင်ထားတဲ့ ကားကြီးတွေလာရင်
VIP စာတန်းပါ ကားကြီးတွေလာရင်
အရိုးစိမ့်အောင် ရင်နာမိလေရဲ့။
မတူညီတဲ့နေရပ်ပေါင်းစုံက တန်ဖိုးနည်းတွေ
ကျွန်တော့်ကို နင်းပြီး ရင်ဘတ်ထဲဝင်လာကြတယ်
ပြီးတော့ တန်ဖိုးကြီးတွေကို သယ်ဆောင်ကာ
ကျွန်တော့်ကိုနင်းပြီး ခြေစုန်ကန်သွားကြတယ်။
မနိုင်ဝန်တွေကြီးပဲ ထမ်းနေရလို့
ခန္ဓာကိုယ်အပေါက်အပြဲ ဗရပွနဲ့
ဆေးမကုနိုင်တဲ့ ကျွန်တော်ဟာ
လူနာတစ်ယောက်ဆိုတာ ဘယ်သူသိနိုင်မှာလဲ။
ကျွန်တော့်ကို ဘယ်အချိန်ဆေးကုပေးကြမှာလဲ
ကျွန်တော့်အသံတွေကိုရော
ဘယ်သူကြားနိုင်မှာလဲ။
တစ်ခါတစ်ခါဆို ဘာတွေတင်လာမှန်းမသိတဲ့
ပိုင်ရှင်မဲ့ပစ်္စည်းတင်ကားတွေလည်း
ကျွန်တော့်ကို ကြိတ်ချေသွားကြလေရဲ့။
နိဗ္ဗာန်ယာဉ်တွေလည်း
ကျွန်တော်သယ်ဆောင်တယ်
မြင်းလှည်းစုတ်ချာချာလေးတွေလည်း
ကျွန်တော်သယ်ဆောင်ရတယ်။
အလွယ်ဖြတ်လမ်းက
အချောင်နှိုက်ချင်သူတွေကိုလည်း
ကျွန်တော် မာနကင်းမဲ့စွာ ထမ်းပိုးထားပါတယ်။
ကျွန်တော်ဟာ
အယုတ်၊ အလတ်၊ အမြတ် ရွေးခွင့်မရှိခဲ့။
အလွှာပေါင်းစုံက
ဖိနပ်ပေါင်းစုံ၊ ခြေဖ၀ါးပေါင်းစုံကို
ကျွန်တော် ပင့်တင်ပေးထားတယ်။
မူးမူးရူးရူးတွေနဲ့
တစ်ခါတစ်ရံ ပါးချင်းလည်း အပ်ဖူးတယ်
ရင်ဘတ်ချင်း ချိတ်ဖူးတယ်။
မစင်ပုံ ရှာစားနေကြ
လမ်းဘေး ခွေးလေခွေးလွင့်တွေက
ကျွန်တော့်ရဲ့ အဖော်ပါ။
တစ်ခါတစ်ခါ
မိုးစက်ကလေးတွေ ကျွန်တော့်ကိုယ်ပေါ်နဲ့
ကျွန်တော့်ပါးပြင်ပေါ် ကျလာတဲ့အခါ
ကျွန်တော်သိပ်ပျော်တာပဲ
ကျွန်တော့်အညစ်အကြေးတွေ စင်သွားလို့လေ။
အထည်ကြီးပျက်တွေရဲ့
ကားအကောင်းစားတွေထက်
တောခြေက လှည်းကလေးတွေ သယ်ဆောင်ရတာကို
ကျွန်တော်ပိုနှစ်သက်တယ်။
အယောင်ဆောင် ကာလာစုံဖိနပ်တွေထက်
ခြေဗလာနဲ့ ရုန်းကန်နေရသူတွေကို
ကျွန်တော်ပိုချစ်တယ်။
ဘယ်လိုလောကဓံတွေပဲ ခံခဲ့ရပါစေ
ကြီးငယ်ယုတ်လတ် မြတ်မရွေး
ကျွန်တော် ထမ်းပိုးထားဆဲ။
ခေတ်ကြီး စီးဆင်းနေသရွေ့
လူသားတွေ တည်ရှိနေသရွေ့
ကျွန်တော် အားလုံးကို ဆက်လက်ထမ်းပိုးပြီး
ဆက်လက်သယ်ဆောင်နေမှာပါ။
လွင်စန်းမောင် (ပိုးစာကုန်း)
-
S - 400 ဝယ်ယူရန် ရုရှားနှင့် သဘောတူညီချက်မှ နောက်ပြန်ဆုတ်ရန်မရှိဟု တူရကီသမ္မတအာဒိုဂန်ပြောကြား
-
တရားဝင်ပညာသင်ကြားမှုအတွက် တရုတ်ကျောင်းသားများအား ကြိုဆိုကြောင်း အမေရိကန်ပြောကြား
-
သြစတြေးလျအမျိုးသားတက္ကသိုလ်၏ ကွန်ပျူတာစနစ်အား ခိုးဝင်ခံရပြီးနောက် ၁၉ နှစ်စာအချက်အလက်များ ခိုးယူခံရ
-
အကြမ်းဖက်ဖြိုခွင်းမှုများအပြီး ဆူဒန်ဆန္ဒပြသူများက စစ်တပ်၏ ရွေးကောက်ပွဲအစီအစဉ်ကို ပယ်ချ
-
ဝန်ကြီးချုပ်အား မဲပေးရွေးချယ်ရန်အတွက် ထိုင်းပါလီမန်ကို စတင်