ဇန်နဝါရီ ၃၀ ရက် မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၆ နာရီအထိ (မြန်မာစံတော်ချိန် ညနေ ၆နာရီမှ ည ၁၁ နာရီအထိ) ငါးနာရီကျော်ကြာ ပြုလုပ်ခဲ့သော အရေးပေါ်ကော်မတီ အစည်းအဝေးတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၀၀ ကျော်လာချိန်၌ ယခုရောဂါဖြစ်ပွားမှု ဖြစ်စဉ်ကို ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေ (Public Health Emergency of International Concern) ကြေညာခဲ့သည်။ ထိုအစည်းအဝေးတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ တင်ပြချက်များတွင် တရုတ်နိုင်ငံ အပြင်ဘက် ၁၈ နိုင်ငံ၌ အတည်ပြုလူနာ ၈၂ ဦးရှိပြီး ယင်းတို့အနက် ခုနစ်ဦးသည် တရုတ်နိုင်ငံကို သွားခဲ့ဖူးခြင်းမရှိကြောင်း၊ တရုတ်နိုင်ငံ ပြင်ပတွင် လူမှလူချင်းကူးစက်သည့် အထောက်အထားအဖြစ် သုံးဦးတွေ့ရှိကာ တစ်ဦးမှာ ရောဂါပြင်းထန်ပြီး ဇန်နဝါရီ ၃၁ ရက်အထိ သေဆုံးသူမရှိကြောင်း၊ PHEIC အဖြစ် သတ်မှတ်ရန် အမြင်ကွဲပြားမှုများစွာ ရှိနေပြီး ယခုအခြေအနေသည် အရေးပေါ်အခြေအနေ ကြေညာရလောက်သည်အထိ မဟုတ်သော်လည်း ကော်မတီဝင်များ၏ သဘောတူညီချက်အရ ယခုရောဂါသည် အလျင်အမြန်ဖြေရှင်းရန်လိုအပ်ခြင်း၊ လက်ရှိတွင်လည်း ရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်း၊ အတည်ပြုလူနာရှိသည်ဟု သတင်းပေးပို့သော တိုင်းပြည်များလာခြင်း ဆိုသည့်အချက်များကြောင့် ကြေညာခြင်းဖြစ်သည်ဟု ဆိုသည်။
ကိုရိုနာဗိုင်းရပ်စ်နဲ့ အိမ်နီးချင်းနိုင်ငံ အချို့၏ အခြေအနေ
ထိုင်းနိုင်ငံတွင် တရုတ်သို့ သွားရောက်ခဲ့ခြင်း မရှိသော်လည်း တရုတ်ခရီးသွားများနှင့် ထိတွေ့ဆက်ဆံမှု ရှိခဲ့သော အငှားယာဉ်မောင်းတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး ထိုင်းတွင် ပထမဆုံးလူလူချင်း ကူးစက်မှုဖြစ်ခဲ့သည်။ ယင်းအတွက်ကြောင့် တရုတ်၊ ဂျာမနီနှင့် ဂျပန်ပြီးလျှင် ထိုင်းသည် ပြည်တွင်း၌ လူလူချင်း ကူးစက်မှု ဖြစ်ပွားသော စတုတ္ထမြောက်နိုင်ငံ ဖြစ်လာသည်။ ဇန်နဝါရီ ၃၁ ရက်အထိ ထိုင်းတွင် ကူးစက်မှု ၁၉ မှုဖြင့် တရုတ်ပြင်ပ၌ အများဆုံးဖြစ်နေသည်။ အိန္ဒိယနိုင်ငံ တောင်ပိုင်း ကေရာလာပြည်နယ်တွင် ဝူဟန်တက္ကသိုလ်မှ ကျောင်းသူတစ်ဦးမှာ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး အိန္ဒိယတွင် ပထမဆုံး ကူးစက်မှုဖြစ်ခဲ့သည်။
ဇန်နဝါရီ ၃၁ ရက် ည ၈ နာရီခွဲအထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အချက်အလက်အရအတည်ပြု လူနာ ၉၈၂၆ ဦး အနက် လူနာ ၉၇၂၀ သည် တရုတ်ပြည်မှဖြစ်ပြီး ဟောင်ကောင်တွင် ၁၂ ဦး၊ မကာအိုတွင် ခုနစ်ဦးနှင့် ထိုင်ဝမ်တွင် ကိုးဦး ပါဝင်သည်ဟုသိရသည်။ ထိုအချိန်အထိ တရုတ်တွင် သံသယလူနာ အရေအတွက် ၁၅၂၃၈ ဦး ရှိနေဆဲဖြစ်သည်ဟု ဖော်ပြထားသည်။
အာဆီယံနိုင်ငံများတွင် ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်တို့ ပါဝင်လာသည်။ ထိုအချိန်အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အန္တရာယ်ရှိအဆင့် သတ်မှတ်ချက်အရ တရုတ်နိုင်ငံသည် အလွန်အန္တရာယ်ရှိ Very High အဆင့်တွင် ရှိပြီး ဒေသတွင်းနိုင်ငံများ အပါအဝင် တစ်ကမ္ဘာလုံးကို အန္တရာယ်ရှိ High အဆင့်သာ သတ်မှတ်ထားသည်။
စင်ကာပူနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်မှုကို တိုးမြှင့်မှုအဖြစ် တရုတ်ပြည်မကြီးမှ ရောက်ရှိနှင့် တစ်ဆင့်ခံ ခရီးသွားများ ဝင်ရောက်မှုအား ဇန်နဝါရီ ၃၁ ရက်တွင် ပိတ်ပင်ခဲ့သည်။ ပြီးခဲ့သော ၁၄ ရက်အတွင်း တရုတ်သို့ သွားရောက်ဖူးသည့် ခရီးသွားသစ်များအား စင်ကာပူသို့ ဝင်ရောက် သို့မဟုတ် တစ်ဆင့်ခံဝင်ရောက်မှုကို ခွင့်ပြုမည်မဟုတ်ကြောင်း ဇန်နဝါရီ ၃၁ ရက်တွင် စင်ကာပူက ထုတ်ပြန်ခဲ့သည်။
ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းအထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အချက်အလက်အရ တစ်ကမ္ဘာလုံးတွင် ဓာတ်ခွဲအတည်ပြုလူနာ ၁၁၉၄၅ ဦးရှိပြီး သေဆုံးသူ ၂၅၉ ဦးအထိ တိုးလာခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ သုံးဦး တွေ့ထားသည့် မြန်မာနိုင်ငံ
ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာသုံးဦးရှိသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါ သုံးဦးမှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တရုတ်လေကြောင်းလိုင်းနှင့် လာရောက်ခဲ့သည့် တရုတ်ခရီးသည် တစ်ဦး၊ မန္တလေးနှင့် မိတ္ထီလာမြို့တို့တွင် တစ်ဦးစီဟု နိုင်ငံတော်သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဋ္ဌေးက ပြောကြားထားသည်။
တရုတ်နိုင်ငံ ကွမ်ကျိုးလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဇန်နဝါရီ ၃၁ ရက် နံနက် ၁၀ နာရီခွဲတွင် ဆိုက်ရောက်လာသည့် China Southern လေကြောင်း ခရီးစဉ်အမှတ် CZ3055 ၊ လေယာဉ်အမျိုးအစား A- 319 ၊ လေယာဉ်အမှတ် B- 6208 ဖြင့် လိုက်ပါလာသည့် လေယာဉ်အမှုထမ်း ခုနစ်ဦး၊ ခရီးသည် မြန်မာနိုင်ငံသား နှစ်ဦး၊ နိုင်ငံခြားသား ၇၇ ဦး (အမေရိကန်နိုင်ငံသား နှစ်ဦး၊ ပြင်သစ်နိုင်ငံသား နှစ်ဦး၊ ကိုလံဘီယာနိုင်ငံသား တစ်ဦး၊ တရုတ်နိုင်ငံသား ၇၂ ဦး) ပေါင်း ၇၉ ဦးအနက် ခရီးသည်တစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ သံသယလက္ခဏာများ ဖြစ်ပေါ်နေ၍ သံသယလူနာအဖြစ် ဝေဘာဂီအထူးကုဆေးရုံသို့ ပို့ဆောင်ကာ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းများ ကျန်းမာရေးဌာနက လုပ်ဆောင်ခဲ့သည်။
လေယာဉ်ဖြင့်လိုက်ပါလာသူ မြန်မာနိုင်ငံသား အမျိုးသားနှစ်ဦးကိုလည်း 2019- nCoV Infection ရောဂါသံသယဖြစ်ဖွယ် လက္ခဏာများ တစ်စုံတစ်ရာ မတွေ့ရှိရသော်လည်း ကူးစက်ခံရပါက စောစီးစွာ သိရှိပြီး ကုသမှုပေးနိုင်ရန် ၎င်းတို့ကို ဝေဘာဂီအထူးကုဆေးရုံ၌ပင် ရောဂါစောင့်ကြပ်ကြည့်ရှုလျက် ရှိသည်။ ကျန်းမာရေးဝန်ကြီးဌာနက သံသယလူနာ၏ သွေးနှင့် နှာခေါင်းတို့ပတ်နမူနာကို ကမ္ဘာ့ကျန်းမာရေး အသိအမှတ်ပြု ထိုင်းနိုင်ငံရှိ ရည်ညွှန်းဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးရန်ပြင်ဆင်ထားပြီး ခရီးစဉ်တွင် အတူပါလာသည့် မြန်မာနိုင်ငံသားနှစ်ဦးကို ဝေဘာဂီအထူးကုဆေးရုံတွင် နှစ်ပတ် စောင့်ကြည့်လျက်ရှိသည်။
“ လူနာရဲ့ လက်ရှိအခြေအနေက သက်သာနေပါပြီ။ Isolation Room (သီးခြားခန်း) မှာထားပြီး စောင့်ကြပ်ကုသနေပါတယ်။ ဒီလူနာက ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ 2019- nCoV Infection ရောဂါသံသယ ဒါမှမဟုတ် အတည်ပြုလူနာ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီပေမယ့် ဖျားတာ၊ လည်ချောင်းနာတာ၊ နှာရည်ယိုတဲ့ လက္ခဏာတွေရှိနေပြီး သူနေထိုင်တဲ့ ကွမ်ကျိုးမြို့က ဟူနန်ပြည်နယ်က ဖြစ်တယ်။ အဲဒီဒေသက ရောဂါကူးစက်ဖြစ်ပွားနေတဲ့ ဟူပေပြည်နယ်နဲ့ နီးကပ်နေတဲ့အတွက် ရောဂါစောင့်ကြပ်ကြည့်ရှုဖို့နဲ့ မြန်မာနိုင်ငံတွင်းကို ရောဂါ မဝင်လာစေဖို့ လူနာကို သီးခြားထားရှိ ကုသတာဖြစ်ပါတယ်” ဟု ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဆိုသည်။
နေ့စဉ်နီးပါး ကမ္ဘာ့နိုင်ငံများသို့ ကိုရိုနာဗိုင်းရပ်စ်လူနာများ ကူးစက်ပျံ့နှံ့နေချိန်တွင် မြန်မာနိုင်ငံ၌ သံသယလူနာတွေ့ရှိမှုနှင့် တရုတ်လေကြောင်းလိုင်းများ ဝင်ခွင့်ပေးခဲ့ခြင်းအပေါ် လူထုအကြားတွင် ဝေဖန်မှုများ မြင့်တက်ခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ လုပ်ဆောင်ချက်များအပေါ် အားမလို အားမရ ဖြစ်ခဲ့ကြသည်။
ပြည်သူလူထုဘက်က တရုတ်လေကြောင်းလိုင်းအားလုံးကို တရားဝင် ပိတ်စေချင်ပြီး နိုင်ငံဝင်ပေါက်ထွက်ပေါက် နေရာအားလုံးတွင် ကျန်းမာရေးဝန်ကြီးဌာနက လုပ်ဆောင်နေသည့် ရောဂါစောင့်ကြပ်ရေး လုပ်ငန်းများကို ယခုထက် ပိုမိုတွန်းအားပေး လုပ်ဆောင်စေချင်ကြသည်။
“ ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့ အပြောတွေလျှော့ပြီးအလုပ်နဲ့ သက်သေပြစေချင်ပါတယ်။ အလုပ် မလုပ်ဘူးလို့ ပြောတာ မဟုတ်ပါဘူး။ လုပ်တာထက် ပြောတာပို များနေလို့ပါ။ အောက်ခြေက တကယ်လုပ်နေတဲ့ ဝန်ထမ်းတွေနဲ့ အင်တာဗျူးလုပ်ကြည့်ပါ။ လေကြောင်းလိုင်းတွေ မပိတ်လည်း တရုတ်ပြည်က ဝင်လာမယ့်သူတွေအားလုံးကို ဗီဇာချက်ချင်းပိတ်ဖို့ လိုတယ်။ တရုတ်လေကြောင်းလိုင်း အားလုံးကို ဆိုင်းငံ့ထားသင့်တယ်။ စစ်တဲ့နေရာမှာလည်း တရုတ်စကားပြောတတ် မေးတတ်တဲ့သူတွေ ထားပေးစေလိုပါတယ်။ Viral infections တွေက တိုက်ရိုက်ကုသဖို့ ဆေးမရှိကြဘူး။ ရှိရင်လည်း စျေးအရမ်းကြီးတယ်။ ဒါ့ကြောင့်ကြိုတင်ကာကွယ်ရေးက အရေးကြီးပါတယ်။ တိုင်းပြည်ကဆင်းရဲ ၊ ဆေးနဲ့ ဆေးပစ္စည်းက မပြည့်စုံ၊ ဝန်ထမ်းကနည်း တကယ်ဖြစ်ပြီဆိုရင် ထိန်းနိုင်ပါ့မလားတောင် အရမ်းစိုးရိမ်မိတယ်” ဟု အထွေထွေရောဂါကုဆရာဝန် ဒေါက်တာစံကျော်ဦးက ဆိုသည်။
မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် တရားဝင် ဝင်လာသူများကို ကျန်းမာရေးဌာနက ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်နေသော်လည်း စစ်ဆေးမှု အားနည်းနေသေးကြောင်းကိုလည်း “နယ်စပ်တွေမှာ အသေအချာမစစ်နိုင်တာ အသေအချာပါ။ ဖျားနေတာ လောက်သိရုံနဲ့ မတားနိုင်ပါဘူး။ ရောဂါကူးခံရပြီးပေမယ့် ဝင်လာချိန်မှာ လက္ခဏာမပြသေးတဲ့အချိန်လည်း ဖြစ်နိုင်တာကိုး။ ဟိုးအရင်က ပလိပ်ရောဂါလိုမျိုး နိုင်ငံအနှံ့ ထိန်းမနိုင်သိမ်းမရ ရွာလုံးကျွတ် နီးပါး ဆုံးပါးကုန်တာမျိုးအထိ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းနေရတယ်” ဟု ဒေါက်တာစံကျော်ဦးက ဆိုသည်။
လက်ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ရောဂါနှင့်ပတ်သက်၍ လူမှလူသို့ ကူးစက်မှုမှာ အကန့်အသတ်ရှိပြီး လူနာနှင့် ထိတွေ့ကိုင်တွယ်သူ၊ လူနာကိုစောင့်ရှောက်သူများတွင် ရောဂါကူးစက်မှု လျော့ကျစေရန်နှင့် တရုတ်နိုင်ငံမှ အခြားနိုင်ငံများသို့ မကူးစက်စေရေး၊ လူနာများကို Identify လုပ်ပြီး သီးခြားထားရှိကုသမှုကို စနစ်တကျလုပ်ဆောင်ရန်နှင့် ယင်းမှတခြားသူများသို့ ကူးစက်မှုမရှိစေရန်၊ တိရစ္ဆာန်မှတစ်ဆင့် ကူးစက်မှု လျော့ကျစေရေးအတွက် Animal Source ကို ဖော်ထုတ်ရန်၊ ရောဂါ၏ ပြင်းထန်မှု ပျံ့နှံ့နိုင်မှု အတိုင်းအတာကုသမှု နည်းလမ်းများ ရောဂါကိုအမြန်ဆုံး ရှာဖွေဖော်ထုတ်နိုင်မှု ကာကွယ်ဆေးများ ဖော်ထုတ်နိုင်ရန်၊ ရောဂါ၏ သဘောသဘာဝနှင့် မည်သို့ကူးစက်နိုင်သည်၊ မည်ကဲ့သို့ ကာကွယ်နိုင်သည်ကို ပြည်သူလူထုနှင့်ဆက်သွယ်ပြီး သတင်းပေးရန်နှင့် ဖြစ်ပေါ်လာနိုင်သည့် ကောလာဟလများကိုလည်း ဖြေရှင်းဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဌာနအားလုံး၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် လူမှုရေး၊ စီးပွားရေးထိခိုက်မှုများကို နည်းနိုင်သမျှ နည်းစေရေး ဆောင်ရွက်ရန်စသည့် ရည်မှန်းချက်များ ချမှတ်လုပ်ဆောင်ရန် တိုက်တွန်းထားသည်။
“ ဒီရောဂါပိုးက တရုတ်နိုင်ငံကစပြီး တစ်နိုင်ငံပြီး တစ်နိုင်ငံ နေ့စဉ် နီးပါးရောက်နေတာ။ မြန်မာနိုင်ငံကို ရောက်မလာနိုင်ဘူးလို့ ပြောလို့မရဘူး။ တကယ်လို့ ရောက်လာခဲ့ရင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ အစီအစဉ်တွေ လုပ်နေကြပေမယ့်အား မရတာတော့ အမှန်ပဲ။ တကယ့် ဝင်ပေါက်ထွက်ပေါက်နေရာတွေမှာ လူတွေကို စစ်ပေးနေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကြည့်ရင်လည်း အကာအကွယ်မရှိ ဒီအတိုင်း စစ်ဆေးနေတာတွေ အခုအထိ တွေ့နေရတုန်းပဲ။ ဘယ်လောက်လုပ်ပါတယ်ပြောပြော ကျွန်မတို့လို ပြည်သူတွေကတော့ ကြောက်တာပေါ့။ ဖြစ်လာရင် ကိုယ်ပဲအရင်ခံရမှာလေ” ဟု သာကေတမြို့နယ်နေ မစောရည်က သူမ၏အမြင်ကို ပြောကြားသည်။
Coronavirus သည် ဗိုင်းရပ်စ်မျိုးနွယ်စုဖြစ်ပြီး မျိုးစိတ်အနေဖြင့် များပြားစွာရှိကြောင်း၊ ဗိုင်းရပ်စ်အမျိုးအစားပေါ် မူတည်၍ သာမာန်အအေးမိခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း စသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ဖြစ်ပွားလေ့ရှိပြီး ရောဂါပြင်းထန်သော လူနာများတွင် အဆုတ်ရောင်ရောဂါ၊ ဆားစ်ရောဂါ၊ မားစ်ရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်းတို့ ဖြစ်ပွားနိုင်ရာ အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သိရသည်။
“ လက်ရှိအရဆိုရင် ဒီရောဂါက အသက် ၄၀ အထက်လူတွေမှာ ဖြစ်တာများတယ်။ အသက် ၄၀ အထက် အသက်အရွယ်တွေမှာ ဖြစ်ပွားနှုန်းအနေနဲ့ဆိုရင် ရာခိုင်နှုန်း ၇၀ အထက်မှာရှိနေပါတယ်။ အမျိုးသားတွေမှာ ၆၄ ရာခိုင်နှုန်း ဖြစ်တယ်လို့ဖြစ်တဲ့ လူနာတွေကို စစ်တမ်းလုပ်ထားတဲ့အရတွေ့ရပါတယ်။ နောက် နဂိုရောဂါအခံ ရှိတဲ့သူတွေမှာ သေဆုံးနှုန်းက ၄၀ ရာခိုင်နှုန်းရှိပါတယ်။ ဒါကြောင့်မို့ ဒီလူတွေက အဓိကသတိထားရမယ့် လူတွေပေါ့။ အခုဖြစ်နေတဲ့ ဖြစ်စဉ်တွေအရ ကြည့်လို့သာ လူတွေက အကြောက်လွန်တာ။ ကိုယ်က ပုံမှန်လူကောင်း ဖျားတာနာတာ မရှိဘူး။ တရုတ်ကိုသွားထားတဲ့ ခရီးစဉ် မရှိဘူး။ ကိုယ့်အိမ်ကလူတွေလည်း ဒီလိုပဲဆိုရင် အရမ်းကြီး စိုးရိမ်နေစရာတော့ မလိုဘူး။ ကိုယ်ခံအားကောင်းအောင် နေမယ်။ လက်ကို မကြာခဏ ဆေးမယ်ဆိုတာနဲ့ တင်ကိုလုံလောက်တယ်” ဟု မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ ဒေါက်တာ စည်သူက အကြံပြုထားသည်။
ရောဂါမကူးရန် နှာခေါင်းစည်း Mask မဖြစ်မနေတပ်ထားဖို့ လိုသလား
ကိုရိုနာဗိုင်းရပ်စ်ပိုးသည် လူမှ လူသို့ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အဓိက ကူးစက်ခြင်းဖြစ်သည်။ ရောဂါပိုးရှိသူ နှာချေချောင်းဆိုးရာမှတစ်ဆင့် အနီးရှိ အရာဝတ္ထုများ ပေါ်တင်ကျန်ပြီး ထိုအရာဝတ္ထုများကို ကိုင်တွယ်မိသည့် လက်နှင့် မျက်နှာ၊ နှာခေါင်း၊ ပါးစပ်တို့ကို ပွတ်သပ်မိခြင်းမှ အသက်ရှူလမ်းကြောင်းအတွင်း ရောဂါပိုး ဝင်ရောက် ကူးစက်ခြင်းဖြစ်၍ လက်ကို မကြာခဏ ဆေးကြောရန်သာ ကျန်းမာရေးပညာရှင်များက တိုက်တွန်းကြသည်။ Mask တပ်ဖို့ကိုမူ အဓိကကာကွယ်ရေးနည်းလမ်းအဖြစ် ထည့်သွင်းဖော်ပြထားခြင်း မရှိသေးပေ။
ရောဂါကာကွယ်ရေးအတွက် Mask တပ်ဆင်ခြင်းသည် အပြည့်အဝ ကာကွယ်ပေးနိုင်ခြင်းမရှိဘဲ Mask တပ်ဆင်မှု မမှန်ကန်ခြင်း၊ အသုံးပြုပြီးသော Mask များကို စနစ်တကျမဖြုတ်ခြင်း၊ နည်းမှန် လမ်းမှန် မစွန့်ပစ်ခြင်းများက ငွေကုန်ကြေးကျများပြီး ရောဂါပိုးကူးစက်ဖြစ်ပွားမှုကိုသာ မြင့်တက်လာစေသည်ဟု ဆိုထားသည်။
မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများသော တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံများအထိ ရောဂါကူးစက်မှုများ ဖြစ်လာချိန်တွင် လူထုအကြား စိုးရိမ်မှုများ ဆက်တိုက်မြင့်တက်လာခဲ့သည်။ အထူးသဖြင့် နယ်စပ် ဝင်ထွက်ပေါက်ရှိသော မြို့များတွင် ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask များ စျေးကွက်အတွင်း ပြတ်လပ်သွားသည်အထိ ဖြစ်လာသည်။
ရန်ကုန်မြို့တွင် ယခင်က အခု ၅၀ ပါသော နှာခေါင်းစည်း Mask တစ်ဘူးလျှင် ကျပ်တစ်ထောင့်ငါးရာသာရှိပြီး လက်ရှိ ပုဂ္ဂလိကဆေးဆိုင်အချို့တွင် တစ်ဘူးလျှင် ကျပ်တစ်သောင်းကျော်အထိ မြင့်တက်လျက်ရှိသည်။ စျေးကွက်အတွင်း ဝယ်လိုအားမြင့်တက်မှုကြောင့် လိုသလောက်မရ၍ ယခုကဲ့သို့ စျေးနှုန်းမြင့်လာခြင်းဖြစ်သည်ဟု သိရသည်။
ထိုကဲ့သို့ နှာခေါင်းစည်း Mask စျေးနှုန်းများ မြင့်တက်လာ၍ စေတနာရှင် လူငယ်အဖွဲ့များ စုပေါင်း၍ လူစည်ကားရာနေရာများနှင့် ကားမှတ်တိုင်များတွင် အခမဲ့ဖြန့်ဝေခြင်းများ ပြုလုပ်လာကြသည်။
နှာခေါင်းစည်း Mask အသုံးပြုမှုနှင့် ပတ်သက်၍ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဒေါက်တာဥမ္မာဆွေတင်က “ Mask ကို ပုံစံကျကျဝတ်ထားရင် နာရီဝက်ထက် ပိုမဝတ်နိုင်ပါဘူး။ ဝတ်ထားရင် အပြင်က ရောဂါပိုးတွေ ကိုယ့်ကို မကူးနိုင်ဘူး။ ရောဂါပိုးတွေမဝင်နိုင်ဘူးပေါ့။ ဒါပေမဲ့ M 95 Mask ကို နှစ်နာရီ သုံးနာရီကြာအောင်တပ်ပြီး နေနိုင်တယ်ဆိုတဲ့သူက သူတပ်ထားတာ ပုံမကျလို့ပါ။ သူတပ်ထားတာ ပုံမကျတဲ့အတွက် Infection တွေ အပြင်ကနေဝင် နိုင်ပါတယ်။ လေခိုးရှူနေလို့ ရနေပါတယ်။ ဘာမှမဝတ်ထားတာထက်စာရင် ဝတ်ထားတာကတော့ အကာအကွယ်လေး တစ်ခုတော့ဖြစ်ပါတယ်။ ဒါပေမဲ့လည်း တပ်ပုံတပ်နည်းမမှန်ရင်လည်း မကာကွယ်နိုင်ပါဘူး။ ကိုယ်က ချောင်းဆိုးနေတယ် ဆိုရင်တော့ Mask တပ်ထားရင်တော့ သူများကို မကူးနိုင်ဘူးပေါ့။ Mask တပ်မယ်ဆိုရင်လည်း တပ်ပုံတပ်နည်း စနစ်တကျတပ်ဖို့လိုပါတယ်” ဟု ဆိုသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နှာခေါင်းစည်း Mask တပ်ဆင်သင့် မသင့်နှင့်ပတ်သက်ပြီး လူတစ်ဦးနှင့် တစ်ဦးကြား တစ်မီတာအကွာတွင်နေပါက ရောဂါပိုးကူးစက်နိုင်ခြေနည်းကြောင်း၊ ထိုကဲ့သို့နေခြင်းဖြင့် ဗိုင်းရပ်စ်ပိုး အလွယ်တကူ မကူးနိုင်ကြောင်း၊ ရောဂါပိုးကြိုတင် ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask ကို တပ်ဆင်မည်ဆိုပါက Surgical Mask ကိုသာတပ်ဆင်ရန် အကြံပြုထားကြောင်း၊ နှာခေါင်းစည်း Mask တပ်ရုံဖြင့် မလုံလောက်ဘဲ လက်ဆေးရန်သာတိုက် တွန်းထားသည်။
“ လူတစ်ယောက်နဲ့ တစ်ယောက် တစ်မီတာအကွာမှာပဲ နေပါ။ မကြာခဏလက်ဆေးပါ။ လက်သန့်စင်ဆေးရည်ကိုသုံးလို့ ရပါတယ်။ ဒါပေမဲ့ ကိုယ့်ဘေးနားက လူက နှာချေနေတယ်။ ချောင်းဆိုးနေတယ်ဆို ကိုယ့်ကို ကူးမှာ ကြောက်ရင်တော့ Mask တပ်မယ်ဆိုရင်လည်း သေသေချာချာ တပ်ဖို့ လိုပါလိမ့်မယ်။ နှာခေါင်း၊ ပါးစပ်ကို သေချာ အလုံတပ်ဖို့ လိုလိမ့်မယ်။ Mask ကိုလည်း လက်နဲ့ခဏခဏ မကိုင်ရပါဘူး။ ကိုင်ပြီးရင်လည်း လက်ဆေးဖို့လိုပါလိမ့်မယ်။ အရေးအကြီးဆုံးကတော့ တပ်ပြီးသား Mask တွေကို စနစ်တကျစွန့်ပစ်ဖို့ပါ။ သေချာမစွန့်ပစ်ဘူးဆိုရင် ရောဂါပိုးကူးစက် နိုင်ခြေရှိပါတယ်” ဟု မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဒေါက်တာစည်သူက အကြံပြုထားသည်။
2019- nCoV ဗိုင်းရပ်စ်သည် ယခင် ဖြစ်ပွားခဲ့သော လူသေဆုံးမှုနှုန်း မြင့်မားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် အုပ်စုဝင်ဖြစ်သည်။ ၂၀၀၂-၀၃ ခုနှစ်တွင် ကူးစက်ပျံ့နှံ့ခဲ့သော SARS ရောဂါနှင့် ၂၀၁၂ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော MERS ရောဂါတို့၏ သေဆုံးမှုနှုန်းသည် ၉ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၃၄ ဒသမ ၅ ရာခိုင်နှုန်း အသီးသီးရှိနေပြီး လက်ရှိ ဗိုင်းရပ်စ်သစ်ကြောင့် သေဆုံးမှု ငါးရာခိုင်နှုန်း အောက်သာရှိသည်ဟု ပြင်သစ်ကျန်းမာရေးဝန်ကြီးက ဆိုထားသည်။ သို့သော် ရာသီတုပ်ကွေးကြောင့် နှစ်စဉ် သေဆုံးသူ ၂၉၀၀၀၀ မှ ၆၅၀၀၀၀ အထိရှိကြောင်း WHO က ထုတ်ပြန်ထားသည်။
ယင်းကိန်းဂဏန်းများအပေါ် အခြေခံကာ ကျန်းမာရေးပညာရှင်များက ကိုရိုနာဗိုင်းရပ်စ်သည် ကူးစက်နှုန်းမြန်သော်လည်း SARS ရောဂါ၊ Ebola ရောဂါများလောက် ရောဂါပြင်းထန်မှုမရှိဟု သုံးသပ်ထားကြပြီး ရောဂါပိုးနှင့် ပတ်သက်၍ ဆက်လက်စောင့်ကြည့်နေကြဆဲ ဖြစ်သည်။
-
သရုပ်ဆောင် မေမီကိုကိုရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ
-
မာဗယ်၏ ပထမဦးဆုံး ရုပ်ပြစာစောင်ကို လေလံတင်ရောင်းချရာ ဒေါ်လာ ၁.၃ သန်း ရရှိ
-
သရုပ်ဆောင် ခရစ္စတင်းဘဲလ်နှင့် အဆိုတော်၊ သရုပ်ဆောင် အဒီးနားမန်ဇယ်တို့ ဟောလိဝုဒ် Walk of Fame တွင် ကြယ်ပွင့်ဖြင့် ဂုဏ်ပြုခံရ
-
တစ်ရှိန်ထိုးအောင်မြင်လာသည့် ရက်ပ်အဆိုတော် လစ်ဇိုက (၆၂) ကြိမ်မြောက် ဂရမ်မီဆန်ခါတင်စာရင်းတွင် ဦးဆောင်
-
ပိုင်တံခွန် ပါဝင်ခွင့်ရရှိခဲ့သည့် ထိုင်းရုပ်သံအစီအစဉ် Farang Day ၏ Host ဖြစ်သူ Sunny Burns မြန်မာနိုင်ငံသို့ လာရောက်မည်