Top News

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကျင်းပမည့်ရက် ကြေညာထားသောကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်တိုင်းတွင် ရွေးကောက်ပွဲ အတတ်နိုင်ဆုံးကျင်းပနိုင်ရန်အတွက် လိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ပြောကြား
24htopnews | November 6, 2024 3:12 PM CST

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုဝင်ဘာ ၈ ရက်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာထားသောကြောင့်  ရခိုင်ပြည်နယ်ရှိ မြို့နယ်တိုင်းတွင် ရွေးကောက်ပွဲ အတတ်နိုင်ဆုံး ကျင်းပနိုင်ရန်အတွက် လိုအပ်ချက်များအား ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ဇူလိုင် ၁၅ ရက်က ပြုလုပ်သည့် ရွေးကောက်ပွဲတာဝန်များအား ကျေပွန်အောင်တာဝန်ထမ်းဆောင်နိုင်ရန်အတွက် ကော်မရှင်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ရာ၌ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင်းတွင် ရွေးကောက်ပွဲကျင်းပနိုင်မည့် အခြေအနေနှင့်ပတ်သက်၍ ကော်မရှင်အနေဖြင့် မည်ကဲ့သို့ စီစဉ်ထားပါသနည်းဟု သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် ဦးမြင့်နိုင်က “ကျွန်တော်တို့က ရွေးကောက်ပွဲကို ကျင်းပမယ့်ရက်ကိုလည်း ကြေညာထားပြီးသားပေါ့။ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကျင်းပနိုင်အောင် လိုအပ်တာကို ညှိနှိုင်းဆောင်ရွက်သွားမှာပေါ့။ ရွေးကောက်ပွဲအချိန်ကလည်း လိုသေးတာကို။ ရွေးကောက်ပွဲကျင်းပမယ့် အချိန်အခါမှာမှ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲမလုပ်နိုင်ဘူး။ သဘာဝဘေးကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်ဘူးဆိုရင် မကျင်းပနိုင်တဲ့ နေရာလေးတွေကို ကျွန်တော်တို့က ရွှေ့ဆိုင်းထားနိုင်တဲ့ တာဝန်လေးရှိတာပေါ့။ အားလုံးကို လုပ်နိုင်အောင် ကြေလည်းကြေညာထားတယ်။ အဲဒီလိုလုပ်နိုင်အောင်လည်း ကျွန်တော်တို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြန်လည်ဖြေကြားသည်။

ရွေးကောက်ပွဲတာဝန်များအား ကျေပွန်စွာတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရာ၌ ပြည်ထဲဝန်ကြီးဌာနအနေဖြင့် လုံခြုံရေးအရ အထူးရဲလေးသောင်းကျော် ခန့်အပ်သွားမည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါဖြစ်ပွားနေမှုပေါ် မူတည်၍ မဲဆန္ဒရှင်များ ဘေးကင်းစွာဖြင့် စိတ်ချလုံခြုံစွာမဲပေးနိုင်ရန်အတွက် ဆောင်ရွက်သွားမည့် အခြေအနေများအား ညှိနှိုင်းခဲ့ကြောင်း ဦးမြင့်နိုင်က ဆိုသည်။

“မှတ်ပုံတင်မရှိတဲ့ မဲဆန္ဒရှင်တွေ မှတ်ပုံတင်တွေရရှိရေး။ ပြည်ပရောက်ရှိနေသည့် မဲဆန္ဒရှင်အားလုံး မဲဆန္ဒပေးနိုင်ရေးအတွက် ပြည်ပမှာလည်း မဲရုံတွေ တိုးချဲ့ပြီးတော့ ဖွင့်လှစ်ဆောင်ရွက်သွားနိုင်ရေး။ ပညာရေးဌာနဆိုရင် မဲရုံအဖွဲ့ဝင်တွေကို ကျွန်တော်တို့က မဲရုံလေးသောင်းကျော်ရှိတယ်။ တစ်ရုံတစ်ရုံမှာ အနည်းဆုံးမဲရုံမှူးနဲ့ မဲရုံအဖွဲ့က ၁၀ ဦးရှိတော့ အကုန်လုံး ငါးသိန်းလောက်ပါတာပေါ့။ ဒါကြောင့်မို့ စာသင်ကျောင်းတွေလုပ်ဖို့။ ဆရာ၊ ဆရာမတွေကို မဲရုံမှူးတာဝန်တွေ ထမ်းဆောင်ဖို့ပေါ့။ ဒါတွေနဲ့ပတ်သက်လို့ ဆွေးနွေးကြတာပေါ့” ဟု ဆက်လက်ပြော ကြားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအား ကျေပွန်စွာ တာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အလုပ်သမားနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ရှေ့နေချုပ်ရုံးနှင့် စာရင်းစစ်ချုပ်ရုံး စသည့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းခဲ့ကြောင်း သတင်းရရှိသည်။

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်သည့် မဲဆန္ဒရှင် ၃၇ သန်းကျော်ရှိပြီး မဲဆန္ဒရှင်စာရင်းအား မကြာမီကာလအတွင်း ကပ်သွားမည်ဖြစ်ကြောင်းနှင့် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကို ၁၄ ရက်နှင့် တောင်းဆို၊ ကန့်ကွက်၊ ပြင်ဆင်မှုများအတွက် ဒုတိယအကြိမ် ၁၄ ရက် မဲစာရင်း ကပ်သွားမည်ဖြစ်ကြောင်း ဦးမြင့်နိုင်က ဆိုသည်။

 


READ NEXT
Cancel OK