Top News

ဘဂါင်္လီမွတ်စလင်ကိစ္စ၌ လူမျိုးတုံးသတ်ဖြတ်ရန် ကြံရွယ်ချက်ရှိသည်ဆိုခြင်းကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ငြင်းဆို
24htopnews | November 5, 2024 2:12 AM CST

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂ၏ ထိပ်တန်းတရားရုံးတွင် ဘဂါင်္လီမွတ်စလင်များအပေါ် တပ်မတော် စစ်ဆင်ရေး ပြုလုပ်ခဲ့မှုနှင့်ပတ်သတ်၍ ခုခံချေပရာ၌ လူမျိုးတုံးသတ်ဖြတ်ရန် ကြံရွယ်ချက်ရှိသည်ဆိုခြင်းကို ဒီဇင်ဘာ ၁၁ ရက်တွင် ငြင်းဆိုခဲ့ကြောင်း သိရသည်။

သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တရားသူကြီးများထံသို့ ထွက်ဆိုရာတွင် မြန်မာနိုင်ငံ၏ အရပ်သားအစိုးရအဖွဲ့ခေါင်းဆောင်က တပ်မတော်သည် အင်အားကို အချိုးအစား မညီမျှစွာအသုံးပြုခဲ့ခြင်း ရှိနိုင်ကြောင်း ဝန်ခံခဲ့သော်လည်း ယင်းသည်လူနည်းစုအုပ်စုတစ်စုကို အပြတ်ရှင်းပစ်ရန် ကြိုးစားခြင်းဖြစ်သည်ဟု သက်သေပြနိုင်ခဲ့ခြင်းမရှိဟု ပြောကြားခဲ့သည်။

အာဖရိကနိုင်ငံငယ်ကလေးဖြစ်သော ဂမ်ဘီယာသည် ၂၀၁၇ ခုနှစ်တွင် ပြုလုပ်ခဲ့သော တပ်မတော် စစ်ဆင်ရေးတစ်ရပ်နှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) သို့ အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ယင်းစစ်ဆင်ရေးအတွင်း လူပေါင်း ထောင်နှင့်ချီ၍ အသတ်ခံခဲ့ရပြီး ဘဂါင်္လီ(မူရင်း၌ ရိုဟင်ဂျာဟုဖော်ပြ) မွတ်စလင် ၇၄၀,၀၀၀ တို့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည်ဟု ဆိုသည်။

“ဂမ်ဘီယာနိုင်ငံဟာ ရုံးတော်ရှေ့မှောက်ကို ရခိုင်ပြည်နယ်ရဲ့ အနေအထားနဲ့ ပတ်သက်တဲ့ လမ်းလွဲနေပြီး မပြည့်စုံတဲ့ ရုပ်ပုံကားချပ်တစ်ခု ချပြခဲ့တာဟာ ဝမ်းနည်းဖွယ်ကောင်းပါတယ်” ဟု မြန်မာရိုးရာဝတ်စုံကို ဝတ်ဆင်လျက် ပန်းများပန်ထားသော ဒေါ်အောင်ဆန်းစုကြည်က တရားရုံးသို့ ပြောကြားခဲ့သည်။

တပ်မတော်သည် ၂၀၁၇ ခုနှစ်တွင် ရာနှင့်ချီသော ဘဂါင်္လီမွတ်စလင်သောင်းကျန်းသူများ တိုက်ခိုက်မှုတစ်ရပ်ကို တုံ့ပြန်ခဲ့ခြင်းသာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အခိုင်အမာပြောကြားခဲ့သည်။

“အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေတွေနဲ့ မညီဘဲ တချို့ကိစ္စတွေမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အချိုးအစားမညီမျှစွာ အင်အားသုံးခဲ့တယ်ဆိုတာ ဒါမှမဟုတ် သူတို့အနေနဲ့ တိုက်ခိုက်ရေးသမားနဲ့ အရပ်သားတွေကြား လုံလောက်တဲ့ ရှင်းလင်းမှုရှိအောင် ခွဲခြားမှုမလုပ်ခဲ့ဘူး ဆိုတာ မငြင်းနိုင်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

သို့သော် မြန်မာနိုင်ငံသည် မိမိဘာသာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ပြောကြားလျက် “လူမျိုးတုံးသတ်ဖြတ်မှု ကြံရွယ်ချက် အနေအထားအောက်မှာ ဆောင်ရွက်ခဲ့တယ် ဆိုတာကတော့ တွေးဆချက်တစ်ရပ်တောင်မှ မဖြစ်နိုင်ကြောင်း သေချာပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

 

■ စွပ်စွဲချက်တွေက အဓိပ္ပါယ်မရှိဘူး

မွတ်စလင်အများစုနေထိုင်သော ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ၁၉၄၈ ခုနှစ် လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်ကြောင်း စွပ်စွဲခဲ့ပြီး နောက်ထပ် အကြမ်းဖက်မှုများ ရပ်စဲရန် အရေးပေါ်နည်းလမ်းများ ထုတ်ပြန်ပေးရန် တရားရုံးသို့ တောင်းဆိုထားသည်။

လွန်ခဲ့သည့်နှစ်က ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူများသည် မြန်မာနိုင်ငံ၏ ရိုဟင်ဂျာများအပေါ် ဆက်ဆံခဲ့မှုသည် လူမျိုးတုံးသတ်ဖြတ်မှုမြောက်ကြောင်း ကောက်ချက်ချခဲ့ပြီး လူ့အခွင့်အရေးအဖွဲ့များက မတော်မတရားပြုလုပ်သည်ဟု စွပ်စွဲထားသည့် ကိစ္စရပ် တသီတတန်းကြီးအား အသေးစိတ် ဖော်ပြခဲ့သည်။

သို့သော် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအကြား အငြင်းပွားမှုများနှင့်ပတ်သက်၍ ဆုံးဖြတ်ပေးရန် ၁၉၄၆ ခုနှစ်တွင် ထူထောင်ထားသော တရားရုံးသည် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်းက ဘောလ်ကန်စစ်ပွဲအတွင်း အရပ်သားများကို အစုလိုက်အပြုံလိုက် ရှင်းလင်းခဲ့မှုများ၌ပင် လူမျိုးတုံးသတ်ဖြတ်မှုဟု အတည်ပြုပေးခဲ့ခြင်းမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ICJ တရားရုံးရှေ့တွင် မြန်မာနိုင်ငံဘက်မှ ထောက်ခံသူပေါင်း ၂၅၀ ခန့်သည် ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာပုံနှင့် “ကျွနု်ပ်တို့ သင်နဲ့အတူ ရပ်တည်တယ်” ဟု ရေးသားထားသော စာတန်းများပါဝင်သည့် ပိုစတာများကို ကိုင်ဆောင်ကာ စုဝေးခဲ့ကြသည်။

“မြန်မာနိုင်ငံနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲထားမှုတွေက အဓိပ္ပါယ်မရှိပါဘူး” ဟု နယ်သာလန်နိုင်ငံ၌ နေထိုင်သည့် မြန်မာလူမျိုးတစ်ဦးဖြစ်သော ချိုမာဦးစတာဟော့ဖ် (၅၃ နှစ်) က ပြောကြားခဲ့သည်။ “ကျွန်မတို့က ကျွန်မတို့တိုင်းပြည်ကို ကြီးပွားစေချင်ရုံပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒါကိုလုပ်နိုင်တဲ့ ပုဂ္ဂိုလ်ပါ” ဟုလည်း ၄င်းကပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဘင်္ဂါလီမွတ်စလင်ဘက်မှ ထောက်ခံသည့် အုပ်စုငယ်တစ်စုသည်လည်း တရားရုံးရှေ့၌ စုဝေးကာ “အောင်ဆန်းစုကြည် ရှက်သင့်တယ်” ဟု အော်ဟစ်ခဲ့ကြသည်။ အခြား တစ်ကိုယ်တော် ဆန္ဒပြသူတစ်ဦးကလည်း မြန်မာဗိုလ်ချုပ်ကြီးတစ်ဦး၏ ပုံ ပိုစတာကို ကိုင်ဆောင်လျက် “အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် အလိုရှိတယ်” ဟု အော်ဟစ်ခဲ့သည်။

ဒီဇင်ဘာ ၁၀ ရက်တွင် ဂမ်ဘီယာနိုင်ငံဘက်က မြန်မာနိုင်ငံအပေါ် စွဲဆိုထားသည့်အမှုနှင့်ပတ်သက်၍ တည်ဆောက်ပြချိန်၌ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့် မုဒိမ်းကျင့်မှုများအကြောင်း တင်ပြမှုများကို  ဒေါ်အောင်ဆန်းစုကြည် (၇၄နှစ်) က တည်တည်ငြိမ်ငြိမ်ကြည့်နေခဲ့သည်။

အမှုကို စွဲဆိုခဲ့သူ ဂမ်ဘီယာတရားရေးဝန်ကြီး အဘူဘာကာတမ်ဘာဒူးက ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မြန်မာနိုင်ငံ၏ အဓမ္မမှုများကို ယခင်အတိုင်း ထပ်မံငြင်းဆိုခဲ့မည်ဆိုပါက အလွန်ပင် စိတ်ပျက်ဖွယ် ဖြစ်လိမ့်မည်ဟု ပြောကြားခဲ့သည်။ သူက လူမျိုးတုံးသတ်ဖြတ်မှု ရပ်စဲရေးအတွက်ပြောကြားပေးရန် တရားရုံးကို တောင်းဆိုခဲ့သည်။

ICJ သည် ၁၉၉၅ ခုနှစ် ဘော့စနီးယားနိုင်ငံ ဆရီဘရင်နီကာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၌သာ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ဖူးသည်။

မြန်မာနိုင်ငံသည် သည်ဟိတ်မြို့ရှိ အခြားတရားရုံးတစ်ခုဖြစ်သော အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC) နှင့် အာဂျင်တီးနားနိုင်ငံ တရားရုံးတို့၌လည်း ဘင်္ဂါလီမွတ်စလင်များနှင့်ပတ်သတ်၍ ဥပဒေကြောင်းအရ တရားစွဲဆိုမှုများကို ရင်ဆိုင်ရမည်ဖြစ်သည်။


READ NEXT
Cancel OK