Top News

ကမ္ဘာတစ်ဝန်း ဂျာနယ်လစ် ၂၅၀ ထက်မနည်း ထောင်ဒဏ်ကျခံနေရပြီး တရုတ်တွင် အများဆုံး ဖမ်းဆီးခံထားရ
24htopnews | November 5, 2024 2:12 AM CST

အာဏာရှင်ဆန်သော အစိုးရများက လွတ်လပ်သော မီဒီယာအား ဖိနှိပ်မှု မြင့်တက်နေစဉ် ကမ္ဘာတစ်ဝန်းတွင် ဂျာနယ်လစ် ၂၅၀ ထက်မနည်း ထောင်ဒဏ်ကျခံနေရပြီး တရုတ်တွင် အများဆုံး ဖမ်းဆီးထိန်းသိမ်း ခံထားရကြောင်း မီဒီယာ စောင့်ကြည့်ရေးအဖွဲ့ဖြစ်သော Committee to Protect Journalists (CPJ) က ဒီဇင်ဘာ ၁၁ တွင် ထုတ်ပြန်ခဲ့သည်။

ထောင်ဒဏ်ကျခံနေရသူ အများအပြားသည် နိုင်ငံအား ဆန့်ကျင်သော စွဲချက်များ သို့မဟုတ် သတင်းတုများ ထုတ်လုပ်နေသည်ဟု စွပ်စွဲမှုများ ကြုံတွေ့ခဲ့ရကြောင်း ဂျာနယ်လစ်များအား ထောင်ဒဏ်ချမှတ်နေသည့် တူရကီ၊ ဆော်ဒီအာရေဗျ၊ အီဂျစ်၊ အီရစ်ထရီးယား၊ ဗီယက်နမ်နှင့် အီရန်တို့ကိုလည်း ရည်ညွှန်း၍ နယူးယောက် အခြေစိုက် CPJ က ထုတ်ပြန်ခဲ့သည်။

တရုတ်တွင် သမ္မတရှီကျင်ပင်းက မီဒီယာအား ထိန်းချုပ်နိုင်ရန် ကြိုးပမ်းမှုကို အရှိန်မြှင့်တင်ခဲ့စဉ် ၂၀၁၉ ခုနှစ်၌ ဂျာနယ်လစ် ၄၈ ဦးထက်မနည်း ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး ၂၀၁၈ ခုနှစ်ကထက် တစ်ဦးပိုမို များပြားခဲ့ကြောင်း CPJ က ထုတ်ပြန်ခဲ့သည်။ ယင်းအတွက်ကြောင့် တရုတ်သည် ဂျာနယ်လစ် ၄၇ ဦးထက်မနည်းအား ထောင်ဒဏ် ချမှတ်ခဲ့သော တူရကီထက် ပိုမိုများပြားခဲ့ပြီး ပြီးခဲ့သော သုံးနှစ်ကျော်အတွင်း အများဆုံး အရေအတွက်လည်း ဖြစ်ခဲ့သည်။

သို့သော် ပေကျင်းက မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်၍ ဒီဇင်ဘာ ၁၁ တွင် ကာကွယ်ပြောကြားခဲ့ပြီး တရုတ်အစိုးရသည် ဥပဒေစိုးမိုးမှုကို ရိုးရှင်းစွာ ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။ မည်သူ တစ်ဦးတစ်ယောက်မျှ ဥပဒေအထက်တွင် မရှိကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟွာချန်းယင်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်တွင် ဂျာနယ်လစ် ၆၈ ဦးအား ထောင်ဒဏ်ချမှတ်ခဲ့သော တူရကီ၏ အခြေအနေသည် စစ်မှန်သော တိုးတက်မှုတစ်ခု မဟုတ်ဘဲ သမ္မတ ရီဆပ်တေယစ် အာဒိုဂန်အစိုးရက လွတ်လပ်သော မီဒီယာနှင့် ဝေဖန်မှုများအား ဖြိုခွင်းရန် ကြိုးပမ်းမှုသည် အောင်မြင်ခဲ့ကြောင်း ထင်ဟပ်ပြနေသည်ဟု CPJ က ထောက်ပြခဲ့သည်။

တူရကီသည် သတင်းဌာန ၁၀၀ ကျော်အား ပိတ်ပစ်ခဲ့ပြီး မီဒီယာသမား အများအပြားအား အကြမ်းဖက်မှုနှင့် ဆက်နွှယ်သော စွဲချက်များ စွဲဆိုခဲ့ကြောင်း၊ သတင်းထောက် အများအပြားသည် အလုပ်လက်မဲ့ ဖြစ်ခဲ့ရကြောင်း CPJ က ထုတ်ပြန်ခဲ့သည်။ တူရကီတွင် လတ်တလော၌ ထောင်ဒဏ်ကျခံရခြင်း မရှိသေးသော ဂျာနယ်လစ် ဒါဇင်များစွာသည် ရုံးတင်စစ်ဆေးမှု သို့မဟုတ် အယူခံဝင်မှု ကြုံနေရဆဲဖြစ်ပြီး ပြစ်ဒဏ် မချမှတ်ခံရသေးပေ။ အခြားသူများသည် မျက်ကွယ် ထောင်ဒဏ်များ ချမှတ်ခံခဲ့ရပြီး နေရပ်ပြန်လာပါက ဖမ်းဆီးခံရနိုင်ကြောင်း CPJ က ထုတ်ပြန်ခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသတွင် အာဏာရှင်ဆန်မှု၊ မတည်ငြိမ်မှုနှင့် ဆန္ဒပြမှုများကြောင့် ထောင်ဒဏ်ချမှတ် ခံခဲ့ရသည့် ဂျာနယ်လစ် အရေအတွက် မြင့်တက်ခဲ့ပြီး ဆော်ဒီအာရေဗျနှင့် အီဂျစ်တို့တွင် ၂၆ ဦးစီဖြင့် တတိယ အဆိုးရွားဆုံးအဖြစ် ပူးတွဲရှိနေခဲ့သည်။

ကမ္ဘာတစ်ဝန်း ထောင်ဒဏ်ကျခံနေရသည့် ဂျာနယ်လစ် စုစုပေါင်း ၂၅၀ ထက်မနည်း ရှိမှုက စိတ်အနှောင့်အယှက် ဖြစ်စရာ မြင့်မားသော ပမာဏဖြစ်ကြောင်း CPJ က ထုတ်ပြန် ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ ထောင်ဒဏ်ကျခံခဲ့ရသူ ဂျာနယ်လစ် ၂၅၅ ဦးနှင့် ၂၀၁၆ ခုနှစ်တွင် စံချိန်တင် ၂၇၃ ဦးအထိ ထောင်ဒဏ် ကြုံတွေ့ခဲ့ရသည်။

 


READ NEXT
Cancel OK