Top News

ကုန်းပေါ်တွင် ဝမ်းစာရှာနေရသည့် ယန်စီမြစ်ထဲမှ တံငါသည်များ
24htopnews | November 3, 2024 4:12 PM CST

တရုတ်၏ အရှည်ဆုံးမြစ်ဖြစ်သည့် ယန်စီမြစ်တွင် သဘာဝပတ်ဝန်းကျင် ကာကွယ်ရန်အတွက် ငါးဖမ်းမှုများ အားလုံးကို ဆိုင်းငံ့ခဲ့သဖြင့် တစ်ချိန်က တံငါသည်တစ်ဦး ဖြစ်ခဲ့သည့် ယန်စီချန်သည် ဝင်ငွေရလမ်း အသစ်တစ်ခုအဖြစ် ယင်းမြစ်အတွင်းမှာပင် ကူးတို့လှေ တစ်စီးထောင်ကာ ခရီးသည်များကို ပို့ဆောင်ပေးနေသည်။

သူငယ်စဉ်ဘဝက တရုတ် အနောက်တောင်ပိုင်းရှိ ယန်စီမြစ်၏ မြစ်ညာပိုင်းတွင် အဖေ၊ အဖိုးတို့နှင့်အတူ အလင်းရောင်ပင် ကောင်းစွာမရသေးသည့် နံနက်စောစောအချိန်တွင် ငါးဖမ်းကာ ဝင်ငွေရှာခဲ့ကြပုံများကို ပြန်ပြောင်း အောက်မေ့လျက် ရှိသည်။

“ကျွန်တော်ဟာ မျိုးနဲ့ရိုးနဲ့ ငါးဖမ်းလာခဲ့တဲ့ ကျွန်တော့်မိသားစုနဲ့အတူ ယန်စီမြစ်ပေါ်မှာ ကြီးပြင်းလာခဲ့တာပါ” ဟု အသက် ၅၂ နှစ်အရွယ် ရှိပြီဖြစ်သည့် ယန်က ယန်စီမြစ်တွင် ငါးဖမ်းဆီးခွင့် မပိတ်ပင်ခင်အချိန်အထိ နှစ်ပေါင်း ၂၀ ခန့် တံငါသည် လုပ်ခဲ့သည့် သူ့အကြောင်းကို ပြောကြားခဲ့သည်။

“ငါးဖမ်းရတာ ခက်ခဲပါတယ်။ ဒါပေမဲ့ ငါးတစ်ကောင် ဖမ်းမိပြီဆိုရင် တော်တော် ပျော်ဖို့ကောင်းပါတယ်။ အဲဒီခံစားမှုမျိုးကို လွမ်းမိပါတယ်” ဟု ယန်က ပြောကြားခဲ့သည်။

ပေကျင်းသည် ယခုနှစ်အတွင်း ယန်စီမြစ်နှင့် ရေကြောင်း ဆက်သွယ်နေသည့် အဓိက ရေကန်ကြီးများ၊ မြစ်နှင့် ချောင်းလက်တက်များတွင် ရေထုညစ်ညမ်းမှုများကို တားဆီးရန်နှင့် ဖွံ့ဖြိုးမှုများ ရရှိစေရန် ကြိုးပမ်းသည့်အနေနှင့် ငါးဖမ်းဆီးခွင့်ကို ၁၀ နှစ်ကြာ ပိတ်ပင်ချက် ထုတ်ပြန်ခဲ့သည်။

ယင်းစီမံချက်များကြောင့် ရာစုနှစ်များစွာကြာ သက်တမ်းရှိခဲ့သည့် ကုန်သွယ်မှုတစ်ခုကို တုံ့ဆိုင်းသွားစေခဲ့သည်။

ထို့ကြောင့် ချောင်ကင်းမြို့ကြီးအနီးရှိ ကျွန်ပါ ကျွန်းငယ်ပေါ်တွင် နေထိုင်သည့် ယန်နှင့် သူ၏ အိမ်နီးချင်းများသည် ၎င်းတို့၏ ဝင်ငွေရလမ်းကို ပြောင်းလဲခဲ့ကြသည်။

ယန်သည် သူ့နေအိမ်ကို တည်းခိုခန်းနှင့် လောင်းကစားဝိုင်း ပြုလုပ်သည့်နေရာအဖြစ် ပြောင်းလဲခဲ့ပြီး ကူးတို့လှေတစ်စီး ထောင်ကာ ပြေးဆွဲခဲ့သည်။

သို့သော်လည်း သူ၏ ယခုနှစ်ဝင်ငွေ စုစုပေါင်းမှာ ယွမ် ၂၀,၀၀၀ (ဒေါ်လာ ၃,၀၀၀) သာရရှိရန် မျှော်မှန်းထားပြီး ယင်းဝင်ငွေ စုစုပေါင်းမှာ ငါးဖမ်းခဲ့ချိန်က ရရှိခဲ့သည့် ဝင်ငွေ၏ လေးပုံ တစ်ပုံသာ ရှိမည်ဖြစ်သည်။ ထို့ပြင် ၎င်း၏ ကူးတို့စက်လှေမှာလည်း တစ်ရက်လျှင် ခရီးသည် ၁၀ ဦးမရလျှင် အရှုံးပေါ်မည် ဖြစ်သည်။

“ကျွန်တော်ဟာ ဒီအလုပ် တစ်ခုတည်းနဲ့တော့ အသက်ရှင်နိုင်မှာ မဟုတ်ပါဘူး” ဟု ယန်က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

ယန်သည် အခြားစီးပွားရေး လုပ်ငန်းများတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သဖြင့် ၎င်းတွင် ယွမ် ၁၀၀,၀၀၀ (ဒေါ်လာ ၁၅,၀၀၀) ခန့် အကြွေးတင်နေပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် မျှော်လင့်ချက်မှာလည်း မှိန်ဖျော့နေသည်ဟု ၎င်းက ဆိုသည်။

ကျွန်ပါ ကျွန်းအိမ်နီးချင်းဖြစ်သည့် စီချွမ်ပြည်နယ်တွင် အာဏာပိုင်များက သောင်းနှင့်ချီသည့် ငါးဖမ်းလှေများကို ဖျက်ဆီးခြင်း  သို့မဟုတ် ငါးဖမ်းလှေ အပိုင်းအစများကို တစ်စစီဖြုတ်ခြင်းတို့ လုပ်ဆောင်ခဲ့ပြီး တံငါသည် ၁၆,၄၀၀ ခန့် လိုင်စင်များ ဆုံးရှုံးခဲ့ကြသည်။

ယန်၏ တိတ်ဆိပ် ငြိမ်သက်နေသည့် ကျေးရွာ ပတ်ပတ်လည်တွင်လည်း “အသက်ရှင်ရပ်တည်ဖို့ ငါးမဖမ်းနှင့်၊ ငါးများကို ကာကွယ်ခြင်းဖြင့် ဂုဏ်ယူပါ” ဟု ရေးသားထားသည့် စာတန်းများ ချိတ်ဆွဲထားသည်ကို မြင်တွေ့ ရမည်ဖြစ်သည်။

တရုတ်နိုင်ငံသည် “ဖွံ့ဖြိုးတိုးတက်ရေးသာ ပထမ” ဟူသည့် မူဝါဒကို  ဆယ်စုနှစ်ပေါင်း များစွာကြာ ကျင့်သုံးခဲ့သဖြင့် သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုများရှိခဲ့ပြီး ဒေသခံ အများစုသည် ယိုယွင်းနေသည့် မိခင်မြစ်ကြီးကို ကာကွယ်ရန် လိုအပ်ကြောင်း နားလည်ထားကြသည်ဟု ဆိုသည်။

တစ်ချိန်က တရုတ်၏ ရေချို ငါးအရင်းအမြစ် စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းအထိ ရှိခဲ့သည့် ယန်စီမြစ်ဝှမ်းတွင် အလွန်အကျွံ ငါးဖမ်းမှုများကြောင့် ယခုဆိုလျှင် တစ်ရာခိုင်နှုန်းအောက်သာ ရှိတော့သည်။

ထိန်းသိမ်းစောင့်ရှောက်ရေး စီမံချက်များ အချိန်လင့်ခဲ့ခြင်းက ငါးမျိုးရင်း ပေါင်း ၃၀၀,၀၀၀ ခန့်အပေါ် အကျိုးသက်ရောက် စေခဲ့သည်။

“ကျွန်တော်တို့ ငါးဖမ်းရင် အခုထက်ပိုပြီး ဝင်ငွေပေါလိမ့်မယ်။ လူတွေရဲ့ နေထိုင်မှုဘဝလည်း ပိုကောင်းပါလိမ့်မယ်” ဟု ပိတ်ပင်ချက် မထုတ်ပြန်မီအချိန်ထိ နှစ်ပေါင်း ၄၀ ကြာ ငါးဖမ်းခဲ့သည့် အသက် ၇၁ နှစ်အရွယ် အဖိုးအို ကျောင်ကျယ်ကျီက ပြောကြားခဲ့သည်။

လက်ရှိတွင် သူသည် ယန်၏ မျိုးစေ့များ ရောင်းချနေပြီး ယင်းမျိုးစေ့များကို ယန်၏ ကူးတို့လှေဖြင့် သယ်ယူ ပို့ဆောင်နေသည်။

“ငါးဖမ်းခွင့် ပိတ်ပြီးတဲ့ နောက်မှာတော့ တံငါသည်တွေဟာလည်း ကုန်းပေါ်မှာ ရသမျှအလုပ်တွေ အကုန်လုပ်ရတော့တာပေါ့။ သိတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့က အိုနေပြီဆိုတော့ ဘယ်သူကမှ အလုပ်မခန့်ချင်ကြဘူးလေ” ဟု ယန်၏ အိမ်နီးချင်းဖြစ်သည့် ကျောင်ဟွမ်ပင်းက ပြောကြားခဲ့သည်။

ကမ္ဘာ့ တတိယမြောက် အရှည်ဆုံးဖြစ်သည့် ယန်စီမြစ်တွင် ဓာတုအဆိပ်များ၊ ပလပ်စတစ်များနှင့် အမှိုက်များဖြင့် ညစ်ညမ်းခဲ့ပြီး  ဖွံ့ဖြိုးမှုအခြေအနေမှာ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့သည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်လှပြီ ဖြစ်သည်။    

ကမ္ဘာ့သမုဒ္ဒရာများအတွင်းသို့ စီးဝင်နေသည့် ပလပ်စတစ် အမှိုက်များအနက် ယန်စီမြစ်အတွင်းမှ အမှိုက်များက စီးဝင်မှု အများဆုံးဖြစ်နေပြီး မြစ်တစ်လျှောက် တည်ဆောက်ထားသည့် အကြီးစား ရေကာတာ ၁၁ ခုသည် ငါးများ၏ ရွှေ့ပြောင်းကျက်စားမှုကို တားဆီးရာရောက်ပြီး ဂေဟစနစ်ကို ထိခိုက်စေခဲ့သည်။

ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ဖြစ်သည့် WWF ၏ ယခုနှစ် သတင်းထုတ်ပြန်ချက်တွင် ယန်စီမြစ်အတွင်းရှိ ငါးမျိုးစိတ် လေးခုမှာ ယခုအခါတွင် မျိုးသုဉ်းသွားပြီဖြစ်ပြီး ကျန်သည့် ငါးမျိုးစိတ် ၆၁ ခုမှာ မျိုးသုဉ်းတော့မည်ဟု ဖော်ပြခဲ့သည်။

ယန်စီ လင်းရှုးအကောင်ရေမှာလည်း ရာဂဏန်းအထိ ကျဆင်းသွားခဲ့သည်။ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုကြောင့် မိုးလေဝသပုံစံများ အပြောင်းအလဲကြောင့် ဆိုးရွားသည့် ရေကြီးမှုများသည်လည်း ဇီဝမျိုးကွဲများအပေါ် သက်ရောက်မှုရှိခဲ့သည်။

နိုင်ငံ့ ဂျီဒီပီ၏ ၄၅ ရာခိုင်နှုန်း ထောက်ပံ့ပေးနိုင်ခဲ့သည့် ယန်စီမြစ်နှင့် ဒေသတစ်ဝိုက်ကို ကာကွယ်ရေးသည် တရုတ် ခေါင်းဆောင်များအတွက် ချက်ချင်း လုပ်ဆောင်ရမည့် ဦးစားပေးကိစ္စ ဖြစ်လာခဲ့သည်။

အဖွဲ့အစည်းအလိုက် စီစဉ်တကျ သန့်ရှင်းရေးလုပ်ငန်းများ၊ သဘာဝ ဘေးမဲတော သတ်မှတ်မှုများ၊ ယင်းနေရာနှင့် အနီးတစ်ဝိုက်တွင် စက်မှုဖွံ့ဖြိုးတိုးတက်မှုများကို ကန့်သတ်ပြီး မြစ်ကမ်းဘေးရှိ ဓာတုစက်ရုံများကို ပိတ်ပင်မှု အပါအဝင် မြစ်ကြောင်းတစ်လျှောက် ထိန်းသိမ်းစောင့်ရှောက်ရေး အစီအရင်များကို အရှိန်မြှင့်ဆောင်ရွက်ခဲ့သည်။

“ငါးဖမ်းမှု တားမြစ်ရုံနဲ့ ယန်စီမြစ်ကို ကျန်းမာတဲ့မြစ်အဖြစ် ပြောင်းလဲလို့ရဦးမှာ မဟုတ်ပါဘူး။ အဲဒီနေရာဒေသမှာ လူသားတွေ အပါအဝင် အလုံးစုံ ဇီဝကျန်းမာရေးတွေအတွက် ယန်စီမြစ်ဝှမ်း တစ်ခုလုံးမှာ ပြည့်စုံကျယ်ပြန့်တဲ့ ဂေဟစနစ် စီမံခန့်ခွဲမှု စီမံကိန်းကို မြင်တွေ့ချင်ပါတယ်” ဟု Climate Cost Project ၏ စီအီးအို ဆိုင်ရန်အန်းစ်က ပြောကြားခဲ့သည်။

ယခုလအတွင်း ယန်စီမြစ်တွင် ငါးဖမ်းခဲ့သဖြင့် အရေးယူခံရသည့် ငါးဖမ်းသမား ၁၃ ဦး အပါအဝင် တားမြစ်ချက်များကို ချိုးဖောက်သူများကို အာဏာပိုင်များက ထိရောက်စွာ အရေးယူခဲ့သည်။

ကျွန်ပါကျွန်းသားများကမူ ၎င်းတို့ကျွန်း၏ အဓိက ဟင်းလျာများဖြစ်သည့် ယန်စီမြစ်အတွင်းမှ ငါးများမှာ စားသောက်ဆိုင်၏ ဟင်းလျာများစာရင်းမှ ပျောက်ကွယ်သွားခဲ့သဖြင့် ခရီးသွားများကို ဆွဲဆောင်နိုင်ခြင်း မရှိတော့မည်ကို စိုးရိမ်နေကြသည်။

“ကျွန်းကို လာလည်တဲ့သူ အများစုက ယန်စီမြစ်ထဲက ငါးတွေကို စားချင်လို့ မေးနေကြပါတယ်။ အဲဒီငါးတွေကို ဘယ်နေရာမှာမှ ရှာဝယ်လို့မရသလို ကျွန်တော်တို့လည်း ဖမ်းလို့မရနိုင်ဘူးလို့ ဧည့်သည်တွေကို ပြောရတာပါပဲ။ ငါးဖမ်းခွင့် ပိတ်တာဟာ အစိုးရရဲ့ မူဝါဒဖြစ်တာကြောင့် ကျွန်တော်တို့အတွက် ရွေးချယ်စရာ မရှိပါဘူး” ဟု ယန်က ပြောကြားခဲ့သည်။


READ NEXT
Cancel OK