စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် ကျေးရွာပေါင်း ၁၈၀ ကျော် အသုံးပြုသွားလာနေသည့် ဥရုတံတား၏ ကမ်းကပ်ခုံသည် ဥရုုမြစ်၏ ရေတိုက်စားမှုကြောင့် ပျက်စီးသွားနိုင်သည့်အတွက် အမြန်ဆုံးကမ်းထိန်း နံရံတည်ဆောက်ပေးရန် လွှတ်တော်တွင် ဟုမ္မလင်းမြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းညွှန့်က မေးမြန်းခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၄ ရက်က ကျင်းပခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးအဋ္ဌမနေ့တွင် ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာအနီး ဆောက်လုပ်ထားသည့် ကြိုးတံတား၏ ဘယ်ဘက်ခြမ်းမှာ ကမ်းပါးပြို၍ ချဉ်းကပ်တံတား (ခ) ချဉ်းကပ်ခုံပျက်စီးနိုင်ပြီး ကြိုးတံတားတစ်ခုလုံး ပျက်စီးသွားနိုင်ပါသဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကမ်းပြိုကာကွယ်မှု ကမ်းထိန်းနံရံ တည်ဆောက်သွားရန် အစီအစဉ် ရှိ၊ မရှိ သိလိုကြောင်း ဟုမ္မလင်းမြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးသန်းညွန့်က မေးမြန်းခဲ့သည်။
“ဥရုုတံတားဟာဆိုရင် သက္ကယ်ကျင်း၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီးလမ်းမပေါ်မှာ တည်ရှိပါတယ်။ ဒီတံတားဟာ အဓိကကျတဲ့ တံတားလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ဒေသမှာ ခေတ်မီတဲ့တံတားဆိုလို့ ဒီဥရုုကြိုးတံတား တစ်ခုပဲ ရှိပါတယ်။ ဒီတံတားပေါ်ကနေ သက္ကယ်ကျင်း၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီးကို သွားကြတဲ့ကားတွေလည်း ရှိပါတယ်။ ပင်လည်ဘူး၊ ဖောင်းပြင်၊ဟုမ္မလင်း၊ ခန္တီးတို့ဆီကို သွားလာနေကြတဲ့ ကားတွေလည်း ရှိပါတယ်။ ကျေးရွာပေါင်း ၁၈၀ ကျော်က ဒေသခံတွေဟာ ဒီဥရုတံတားကိုပဲ မှီခိုအားထားနေရတယ်။ ဟုမ္မလင်းဘက်ခြမ်းမှာရှိတဲ့ ကြိုးတာဝါတိုင်ဟာ ရေနဲ့ ၁၀ မိုင်အကွာမှာ စိုက်ထူခဲ့သော်လည်း ယခုအခါမှာတော့ ကမ်းပါးပြိုကျပြီး ကြိုးတာဝါတိုင်ဟာဆိုရင် ရေလယ်ကောင်တိုင်အဖြစ် ရောက်နေတယ်။ ပြီးတော့ ရေနဲ့ ၁၅ မိုင် အကွာကို ရောက်နေပြီ။ ဒါကြောင့် ဒီဥရုမြစ်ကို ဖြတ်ကျော်ပြီး တည်ဆောက်ထားတဲ့ ဥရုတံတားရဲ့ ကြိုးတံတားတာဝါတိုင်ကို အမြန်ဆုံးပြုပြင်ဖို့ လိုအပ်နေတယ်” ဟု ဟုမ္မလင်းမြို့နယ် မဲဆန္ဒ နယ်မြေအမှတ်(၁)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးသန်းညွန့်က ပြောကြားသည်။
ဥရုကြိုးတံတား၏ မြစ်ကမ်းပါး ထိန်းသိမ်းရေးအတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး(မုံရွာ)တို့၏ တံတားဦးစီး ဌာနတံတား(၂)တို့မှ ဥရုကြိုးတံတား၏ ကမ်းပါးတိုက်စားမှု အခြေအနေအား တိုင်းတာထားရှိပြီးဖြစ်ကြောင်း ၊ထို့ပြင် နောင်ပိုအောင်ကျေးရွာဘက်ခြမ်းတွင် တည်ရှိသောကြိုးတံတား၏ ကြိုးသည်လျော့သည့်အတွက် ယင်းကိစ္စကိုလည်း ပြုပြင်ရန် ယခင်က သက်ဆိုင်ရာသို့ ညွှန်ကြားပေးခဲ့ဖူးကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းက ဆိုသည်။
“ကျွန်တော်ကတော့ အထူးစိုးရိမ်မိပါတယ်။ ဒီကြိုးတံတားကြီးသာ ပြိုကျပျက်စီးသွားမယ်ဆိုရင် လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်သွားမယ်။ ဒေသခံတွေ ဒုက္ခရောက်သွားမယ်။ အများကြီး ဆုံးရှုံးသွားမယ်ဆိုတာ ကျွန်တော်လည်း တွက်ဆမိပါတယ်။ အင်မတန်မှ နှမြောမိပါတယ်။ ဒါ့ကြောင့် သက်ဆိုင်ရာဌာနများဖြစ်တဲ့ ရေရင်းမြစ်ဖြိုးနဲ့ တံတားဦးစီး(၂)တို့က အဲဒီတံတားကို တိုင်းတာ စစ်ဆေးပြီးပါပြီ။ တိုင်းတာလို့ ရရှိလာတဲ့ အချက်အလက်တွေကို အခြေခံပြီးတော့ ကျွန်တော်တို့က တံတားဦးစီးဌာနရုံးချုပ်ကို တင်ပြထားပြီးပါပြီ။ ကြိုးတံတားကို ပြိုကျနိုင်မည့် ကမ်းပါးတွေရဲ့ ပြုပြင်စရိတ်ကိုလည်း ရန်ပုံငွေ တွက်ချက်ပါ့မယ်။ တွက်ပြီးတော့ ပြင်ဆင် ထိန်းသိမ်းရေး ရန်ပုံငွေကနေ တောင်းခံပါ့မယ်။ တောင်းလို့ရရှိလာတဲ့ငွေကို ဒီတံတားကြီး ရေရှည်တည်တံ့ခိုင်မြဲဖို့အတွက် ကမ်းပြိုကမ်း ထိန်းနံရံတွေ လုပ်သွားပါမယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွှန့်ဝင်းက ပြောကြားသည်။
ဥရုကြိုးတံတားသည် ဥရုမြစ်ကို ဖြတ်ကျော်ကာ ကြိုးတံတားတစ်စင်းအဖြစ် တည်ဆောက်ထားကြောင်း၊ ယင်းကြိုးတံတားသည် ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်စံပြကျေးရွာ အနီးတွင် တည်ရှိကြောင်း၊ ဥရုမြစ်ပေါ်တွင် တည်ဆောက်ထားသည် ဥရုကြိုးတံတားကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ လမ်းညွှန်ချက်အရ ဆောက်လုပ်ရေးဝန်ကြီးက ဥရုကြိုးတံတားကို ၂၀၁၄ ခုနှစ် မေလတွင် တည်ဆောက်ခဲ့ကြပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ယင်းဥရုကြိုးတံတားကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
-
■ ရန်ကင်းမြို့နယ်ရှိ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ရန်အောင်၏ နေအိမ်ကို PDF အဖွဲ့က သတိပေးဖောက်ခွဲ တိုက်ခိုက်ခဲ့ဟုဆို
-
ဟုမ္မလင်းမြို့နယ်တွင် ကျေးရွာပေါင်း ၁၈၀ ကျော် အသုံးပြုနေသည့် ဥရုတံတား၏ ကမ်းကပ်ခုံမှာ ဥရုမြစ်ရေတိုက်စားမှုကြောင့် ပျက်စီးနိုင်သည့်အတွက် ကမ်းထိန်းနံရံ အမြန်ဆုံး တည်ဆောက်ပေးရန် စစ်ကိုင်းတိုင်းလွှတ်တော်တွင် မေးမြန်း
-
လင်းခေးခရိုင်အတွင်းရှိ သုံးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များ ရေနစ်မြုပ်
-
တာမွေမြို့နယ် NLD ပါတီက နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဓာတ်ပုံ အသုံးပြုမဲဆွယ်ခြင်းသည် ပြည်သူ့ဝန်ထမ်း အကူအညီ ရယူရာရောက်သည်ဟုဆိုကာ ကန့်ကွက်ထားမှုအပေါ် ပုံရိပ်ကို အသုံးပြုခြင်းသည် စပ်ဆိုင်မှုမရှိကြောင်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင
-
နိုဝင်ဘာ ၂၁ ရက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းများ ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်လက်ခံခြင်းကို နိုဝင်ဘာ ၁၄ ရက်မှစ၍ ပိတ်ရက်မရှိ လက်ခံပေးမည်