Top News

တစ်နှစ်အတွင်း အစားအစာအုပ်စုကုန်စျေးနှုန်း ခြောက်ရာခိုင်နှုန်းကျော်၊ အိမ်လခ ၃၁ ရာခိုင်နှုန်းကျော်၊ ကျန်းမာရေးကုန်ကျစရိတ် ရှစ်ရာခိုင်နှုန်းခန့်၊ ပညာရေးကုန်ကျစရိတ် လေးရာခိုင်နှုန်းကျော် မြင့်တက်
24htopnews | November 2, 2024 1:12 PM CST

တစ်နှစ်အတွင်း အစားအစာအုပ်စု ကုန်စျေးနှုန်း ခြောက်ရာခိုင်နှုန်းကျော်၊ အိမ်လခ ၃၁ ရာခိုင်နှုန်းကျော်၊ ကျန်းမာရေးကုန်ကျစရိတ် ရှစ်ရာခိုင်နှုန်းခန့်၊ ပညာရေးကုန်ကျစရိတ် လေးရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ စားသုံးသူ စျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေအရ သိရသည်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီအတွက် ထုတ်ပြန်ထားသော တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း စိစစ်ချက်အရ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီထက် အစားအစာအုပ်စု ၆ ဒသမ ၀၁ ရာခိုင်နှုန်း၊ ဆေးလိပ်နှင့် အဖျော်ယမကာအုပ်စု ၁၇ ဒသမ ၅၉ ရာခိုင်နှုန်း၊ အဝတ်အထည်အုပ်စု ၃ ဒသမ ၃၉ ရာခိုင်နှုန်း၊ အိမ်လခနှင့် အိမ်ပြင်ခအုပ်စု ၃၁ ဒသမ ၅၈ ရာခိုင်နှုန်း၊ အိမ် အသုံးအဆောင်စျေးနှုန်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ်အုပ်စု ၆ ဒသမ ၀၆ ရာခိုင်နှုန်း၊ ကျန်းမာရေး အုပ်စု ၇ ဒသမ ၉၅ ရာခိုင်နှုန်း၊ သယ်ယူပို့ဆောင်ရေးအုပ်စု ၄ ဒသမ ၈၉ ရာခိုင်နှုန်း၊ အပန်းဖြေခြင်းနှင့် ယဉ်ကျေးမှုအုပ်စု ၁၂ ဒသမ ၁၃ ရာခိုင်နှုန်း၊ ပညာရေးအုပ်စု ၄ ဒသမ ၆၀ ရာခိုင်နှုန်း၊ ပြင်ပအစားအသောက်အုပ်စု ၈ ဒသမ ၄၁ ရာခိုင်နှုန်း၊ အထွေထွေကုန်ပစ္စည်းအုပ်စု ၈ ဒသမ ၆၂ ရာခိုင်နှုန်း၊ အစားအစာ မဟုတ်သောအုပ်စု ၁၂ ဒသမ ၅၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း စိစစ်ချက်အရ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီနှင့် နှိုင်းယှဉ်ပါက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင်ကျဆင်းခဲ့သည့် တစ်ခုတည်းသောကဏ္ဍမှာ ဆက်သွယ်ရေး အုပ်စုဖြစ်ပြီး ကျဆင်းမှုနှုန်းမှာ သုည ဒသမ ၃၇ ရာခိုင်နှုန်းတို့ ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် စားသုံးသူစျေးဆနှုန်း (CPI) ၁၆၁ ဒသမ ၂၉ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၈ ဒသမ ၃၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေအရ သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီအတွက် တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းမှာ အစားအစာအုပ်စုအတွက် ၁၇၂ ဒသမ ၇၆၊ အစားအစာ မဟုတ်သောအုပ်စုအတွက် ၁၄၅ ဒသမ ၁၅ နှင့် အုပ်စုအားလုံးအတွက် ၁၆၁ ဒသမ ၂၉ ရှိပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီတွင် ဖြစ်ပေါ်ခဲ့သော စားသုံးသူစျေးဆနှုန်းနှင့် နှိုင်းယှဉ်ပါက ၈ ဒသမ ၃၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ယခင်နှစ်ကာလတူထက် စားသုံးသူစျေးဆနှုန်း မြင့်တက်လာခြင်းမှာ စားသုံးသူစျေးဆနှုန်း တွက်ချက်ရန် ကောက်ခံသည့် အုပ်စုအားလုံးတွင်ပါဝင်သည့် ကုန်ပစ္စည်းစျေးနှုန်းများ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ၂၀၁၈ ခုနှစ် ဇွန်မှ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီအထိ ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းကို လေ့လာပါက ၂၀၁၈ ခုနှစ် ဇူလိုင်တွင် ၁၄၁ ဒသမ ၁၃ ရှိရာမှ တဖြည်းဖြည်း မြင့်တက်လာခဲ့ရာ ၂၀၁၈ ခုနှစ် နိုဝင်ဘာတွင် ၁၄၈ ဒသမ ၉၅ အထိမြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က သုံးသပ်တင်ပြထားသည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း၌မူ မြန်မာကျပ်ငွေနှင့် အမေရိကန် ဒေါ်လာလဲလှယ်နှုန်း ကျဆင်းလာခြင်းကြောင့် ဆက်စပ်ကုန်ပစ္စည်းစျေးနှုန်းများ ကျဆင်းလာခြင်း၊ ဆန်သစ်ပေါ်ချိန်ဖြစ်၍ စျေးနှုန်းများ ကျဆင်းခြင်း၊ ဆောင်းရာသီဖြစ်ခြင်းကြောင့် အသီးအနှံစျေးနှုန်းများ၊  ဟင်းသီးဟင်းရွက်စျေးနှုန်းများနှင့် ကုန်ခြောက်ပစ္စည်း စျေးနှုန်းများ ကျဆင်းလာခြင်းတို့ကြောင့် စားသုံးသူစျေးဆနှုန်းမှာ အနည်းငယ်ပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ၌ နိုင်ငံခြားငွေလဲနှုန်း ဆက်တိုက်ကျဆင်းခဲ့သော်လည်း အသား၊ ငါးနှင့် ဥစျေးနှုန်းများမြင့်တက်လာခြင်းနှင့် ရွှေစျေးနှုန်းမြင့်တက်နေခြင်းတို့ကြောင့် စားသုံးသူ စျေးဆနှုန်း ပြန်လည်မြင့်တက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီအထိ ဆက်လက်မြင့်တက်လာသည်ကို တွေ့ရကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က သုံးသပ်တင်ပြထားသည်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ ဖြစ်ပေါ်ခဲ့သော  စားသုံးသူစျေးဆနှုန်းများကို ကြည့်ပါက တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့ကြီးသုံး မြို့ (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်) တွင် ယခင်လနှင့် နှိုင်းယှဉ်ပါက ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မန္တလေးမြို့တွင် အနည်းငယ်မြင့်တက်နေပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ကျဆင်းလျက်ရှိသည်။ နှစ်အလိုက် ပြောင်းလဲမှုရာခိုင်နှုန်းအနေဖြင့်  ဧရာဝတီတိုင်းဒေသကြီးတွင် ၁၄ ဒသမ ၁၉ ရာခိုင်နှုန်းဖြင့် အများဆုံးပြောင်းလဲမှုဖြစ်ပေါ်နေပြီး ချင်းပြည်နယ်တွင် ၄ ဒသမ ၄၆ ရာခိုင်နှုန်းဖြင့် အနည်းဆုံးပြောင်းလဲမှု ဖြစ်ပေါ်ခဲ့သည်။               

 


READ NEXT
Cancel OK